အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ၊ အဲဒီနောက်မှာတော့ လဝက အက်ဥပဒေ ၁၃ (က) ပုဒ်မတွေနဲ့ ထပ်တိုး အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“၅၀၅ နဲ့ ၁၃ (က) က နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဖြေလျော့ပေးလိုက်တာ။ ပုဒ်မ ၆၆ ကိုလည်း ကာယကံရှင်က ကျေအေးပေးတယ်။ ဒါပေမယ့် အဲဒီလို ကျေအေးပေးရင်တောင်မှ အမှုပေါ်လွင်ရင် အမိန့်ချတာပဲ။ ပြစ်ဒဏ်ကျခံပြီး လွတ်လာရင်တော့ ပြည်နှင်ဒဏ် ပေးခံရမှာပါ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ကို စတင်အမှုဖွင့် တိုင်ကြားခဲ့သူဟာ ဒေါ်အေသင်ကို ဖြစ်တယ်လို့ သိရပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် သမီးဆိုး (ခ) သက်ကိုကို ကို စတင်ဖမ်းစီးစဉ်က ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ရဲစခန်းမှာ ကနဦး ထိန်းသိမ်းခဲ့တာ ဖြစ်ပေမယ့် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့၊ ညပိုင်းမှာပဲ ပြင်ဦးလွင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ (က) ထပ်တိုး အမှုဖွင့်ခံရတာဟာ Follower တသိန်းလောက်ရှိတဲ့ သူမရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Shwe Thet အကောင့်နဲ့ ပြည်ပနိုင်ငံမှာ အလှကုန်ပစ္စည်းတွေ Live လွှင့် ရောင်းချရင်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဝေဖန် ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့ထုတ်၊ နိုင်ငံပိုင် သတင်းစာတွေမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တဲ့ “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်နေ သက်ကိုကို (ခ) သမီးဆိုး (၄၅) နှစ်ကို ပြင်ဦးလွင် မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။
ဒါအပြင် သူမဟာ အမေရိကန်နိုင်ငံသူအဖြစ် ခံယူထားသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူမတည်းခိုရာ နေရာတချို့မှာ နိုင်ငံခြားသားတွေအတွက် Form-C တိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပျက်ကွက်ခဲ့တဲ့အတွက် လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃ (က) နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – Shwe Thet (FB)


Leave a Reply