Category: News

  • မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ

    မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ

    သတင်းများကို အနည်းငယ်မျှ သတိထားကြည့်မိရုံဖြင့် မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို ဖော်ပြ နေသည့် သတင်းခေါင်းစဉ်များကို တွေ့မြင်ရမည်ဖြစ်သည်။

    မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ်ပစ္စည်းတခု ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ပလတ်စတစ်အမှုန်အမွှားအပိုင်းအစကလေးများဖြစ်သည်။

    လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က “မိုက်ခရိုပလတ်စတစ်” ဆိုသည့်စကားလုံးမှာ စိမ်းနေခဲ့သော်လည်း ယနေ့ခေတ်တွင် ကျန်းမာရေးဆိုးကျိုးကို အထူးတလည် စိုးရိမ်နေသူမဟုတ်စေကာမူ လူတိုင်းနီးပါး ပြောဆိုနေကြသည့် အကြောင်းအရာတခု ဖြစ်လာခဲ့သည်။

    မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ယင်း၏အမည်အတိုင်းပင် အလျား ငါးမီလီမီတာအောက်ရှိသော အလွန် သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ ယင်းတို့သည် ပလတ်စတစ်များ သဘာဝ အတိုင်းဆွေးမြည့်ပျက်စီးနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြွင်းအကျန်များ ဖြစ်ကြသည်။

    ပလတ်စတစ်များသည် သဘာဝအတိုင်း ဆွေးမြည့်မသွားဘဲ အလွန်သေးငယ်သော အမှုန်များအဖြစ်သာ အဆင့်ဆင့် ပြိုကွဲသွားကြသည်။ ထိုအမှုန်များသည် လေနှင့်ရေတို့မှတဆင့် ပတ်ဝန်းကျင်အတွင်းသို့ အမြောက်အမြား ပျံ့နှံ့ရောက်ရှိကာ ထိတွေ့သမျှအရာအားလုံးကို ညစ်ညမ်းစေသည်။ ထို့ပြင် သွားတိုက် ဆေးကဲ့သို့ ကျွန်ုပ်တို့ နေ့စဉ်သုံးပစ္စည်းများမှလည်း မိုက်ခရိုပလတ်စတစ်များ ထွက်ရှိနေသည်။

    လူသားတို့သည် မိုက်ခရိုပလတ်စတစ်များကို စားမိခြင်း (သို့မဟုတ်) ရှူမိခြင်းတို့ကြောင့် နှလုံးသွေး ကြောဆိုင်ရာ ပြဿနာများ၊ ဓာတ်မတည့်ခြင်းများ၊ ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း၊ ကင်ဆာနှင့် အသက် မစေ့မီ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကဲ့သို့သော ဆိုးကျိုးများကို ရင်ဆိုင်ရနိုင်သည်။

    သို့သော် သုတေသီများက ထိတ်လန့်စရာမလိုကြောင်း အာမခံထားကြသည်။ မိုက်ခရိုပလတ်စတစ်များ ကို လုံးဝရှောင်ကွင်းရန် မဖြစ်နိုင်သော်လည်း ယင်းတို့နှင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

    အစပျိုးလုပ်ဆောင်ရန် အကောင်းဆုံးအချက်မှာ မည်သည့်အစားအစာများတွင် ပလတ်စတစ်ညစ်ညမ်းမှု အများဆုံးရှိနိုင်သနည်းဆိုသည်ကိုဦးစွာသိရှိထားရန်ပင် ဖြစ်သည်။

    ဆား

    ဆားသည် ခပ်သိမ်းသော အရာများတွင် ပါဝင်နေသောကြောင့် ဆားတွင် မိုက်ခရိုပလတ်စတစ်များ မကြာခဏ ပါဝင်နေတတ်ကြောင်း သိရခြင်းမှာ စိတ်ပျက်စရာပင် ဖြစ်သည်။

    ၂၀၁၈ ခုနှစ်တွင် အင်ချွန်အမျိုးသားတက္ကသိုလ်နှင့် ဂရင်းပိစ် အရှေ့အာရှတို့က ပူးပေါင်းလုပ်ဆောင်ပြီး အမေရိကန် ဓာတုဗေဒအသင်းမှ ထုတ်ဝေခဲ့သော ‘ကမ္ဘာတဝန်းရှိ လုပ်ငန်းသုံးအဆင့်ဆားများအတွင်း မိုက်ခရိုပလတ်စတစ် ပျံ့နှံ့မှုပုံစံ – ပင်လယ်ရေထုညစ်ညမ်းမှုကို ဖော်ပြသည့် အညွှန်းကိန်းအဖြစ် ပင်လယ်ဆားကို အသုံးပြုခြင်း’ အမည်ရှိ လေ့လာမှုတွင် နိုင်ငံတကာဆားတံဆိပ် ၃၉ ခုကို စမ်းသပ် ရာတွင် ၉၀ ရာခိုင်နှုန်းကျော်၌ မိုက်ခရိုပလတ်စတစ်များ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။

    သို့သော် ဆားအမျိုးအစားအားလုံးတွင် ညစ်ညမ်းမှုနှုန်း တူညီသည်တော့မဟုတ်ပေ။ ပင်လယ်ဆားနှင့် အာရှမှ ထုတ်လုပ်သော ဆားများတွင် မိုက်ခရိုပလတ်စတစ် ပါဝင်မှုအများဆုံးဖြစ်ကြောင်း လေ့လာမှုက ဆိုသည်။ အင်ဒိုနီးရှားသည် ပင်လယ်အတွင်းသို့ ပလတ်စတစ်အမြောက်အမြား စွန့်ပစ်သည့် နိုင်ငံဖြစ် ခြင်းကြောင့် အင်ဒိုနီးရှားပင်လယ်ဆားမှာ ညစ်ညမ်းမှုအဆိုးဆုံးအဖြစ် တွေ့ရှိခဲ့ရသည်။

    ကံကောင်းသည်မှာ မိုက်ခရိုပလတ်စတစ်ကင်းစင်ကြောင်း အထူးအာမခံချက်ပေးထားသည့် ဆားတံဆိပ် များစွာကို ရှာဖွေဝယ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ပင်လယ်ရေမှထုတ်သော ဆားအစား မြေအောက် ဆားသိုက်များမှ တူးဖော်ရရှိသည့် ကုန်းတွင်းဖြစ်ဆားများကို ရွေးချယ်နိုင်သည်။

    ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားခြင်းမရှိသော ဆားကို ရွေးချယ်ခြင်းဖြင့်လည်း မိုက်ခရိုပလတ်စတစ် နှင့် ထိတွေ့မှုကို လျှော့ချနိုင်ပါသည်။

    ပင်လယ်စာ

    ပင်လယ်ရေထုအတွင်းရှိ မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုသည် ဆားကိုသာမက ငါးနှင့် အခြားသော ပင်လယ်ရေသတ္တဝါများကိုပါ ထိခိုက်စေကြောင်း သင်ရိပ်မိပေလိမ့်မည်။

    အဆိပ်ဗေဒဆိုင်ရာရှေ့ဆောင်သုတေသန ဂျာနယ်တွင် ၂၀၂၄ ခုနှစ်က ထုတ်ဝေခဲ့သော “ပင်လယ် ပြင်မှသည် ကျွန်ုပ်တို့၏ ထမင်းဝိုင်းဆီသို့ – အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းရှိ စားသုံးရန် သင့်သော ပင်လယ်စာများအတွင်း လူလုပ်အမှုန်အမွှားများ ပါဝင်နေမှု” အမည်ရှိ သုတေသနအရ စမ်းသပ်ခဲ့သည့် ပင်လယ်စာနမူနာ ၁၈၂ ခုအနက် ၁၈၀ ခု (၉၉ ရာခိုင်နှုန်းခန့်) တွင် မိုက်ခရိုပလတ်စတစ် များ ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။

    ထို့ပြင် စမ်းသပ်ခဲ့သည့် ပင်လယ်စာအမျိုးမျိုး၊ ပုစွန်နှင့် ငါးများထဲတွင် ပုစွန်တွင် မိုက်ခရိုပလတ်စတစ် ပါဝင်မှုအများဆုံးဖြစ်ကြောင်း လေ့လာမှုက အတည်ပြုခဲ့သည်။ ထူးခြားချက်မှာ တွေ့ရှိရသော အမှုန်အမွှားအများစုသည် အထည်အလိပ်များမှ ထွက်ရှိလာသော အမျှင်များ ဖြစ်နေခြင်းပင် ဖြစ်သည်။

    စားသုံးခြင်းမပြုမီ ပင်လယ်စာများကို ဆေးကြောခြင်းဖြင့် မိုက်ခရိုပလတ်စတစ် ပမာဏကို လျှော့ချနိုင် ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။

    ထို့ကြောင့် ပင်လယ်ပြင်အတွင်းရှိ ဤမျှများပြားသော ပလတ်စတစ်များသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ အံ့ဩစရာကောင်းသည်မှာ အချို့မှာ သင့်အိမ်မှပင် ရောက်ရှိလာခြင်း ဖြစ်နိုင် သည်။

    ဓာတုအမျှင်များဖြင့် ပြုလုပ်ထားသော အဝတ်အထည်များကို လျှော်ဖွတ်တိုင်း ထွက်ရှိလာသော ပလတ် စတစ်အမှုန်အမွှားများသည် ရေဆိုးစနစ်မှတဆင့် ပင်လယ်ပြင်အတွင်းသို့ ရောက်ရှိသွားနိုင်ခြေရှိ ကြောင်း လေ့လာမှုအများအပြားက ထောက်ပြထားသည်။

    သကြား

    ဆားနည်းတူ သကြားတွင်လည်း တုန်လှုပ်ဖွယ်ကောင်းလောက်အောင် မိုက်ခရိုပလတ်စတစ်များ ပါဝင် နေသည်။ အမှန်စင်စစ် ၂၀၂၅ ခုနှစ်ထုတ် ‘အိမ်သုံးသကြားအတွင်း မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုကို စစ်ဆေးခြင်း’ အမည်ရှိ သုတေသနအရ ကမ္ဘာတဝန်းမှ သကြားနမူနာ ၁၀၀ ကို စမ်းသပ်ရာတွင် အားလုံး (၁၀၀ ရာခိုင်နှုန်း) တွင် ညစ်ညမ်းမှုရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

    အခြားလေ့လာမှုတခုတွင်လည်း သကြားမုန်လာနမူနာများတွင် ၁၀၀ ရာခိုင်နှုန်း ညစ်ညမ်းနေသည်ကို တွေ့ရသည့်အပြင်၊ သကြားဖြူတွင်လည်း မိုက်ခရိုပလတ်စတစ် ပါဝင်မှုနှုန်းမှာ တင်လဲရည်နှင့် သကြား ညိုတို့ထက် ပိုမိုမြင့်မားနေကြောင်း ဖော်ပြထားသည်။

    သကြား၏ ဖြစ်ရပ်တွင် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုအများစုမှာ ထုတ်လုပ်ရေးနှင့် ထုပ်ပိုးမှုအဆင့် များတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု သုတေသီများက ယူဆကြသည်။

    သကြားသည် အဆင့်ဆင့် ပြုပြင်ထုတ်လုပ်ရသော အစားအစာဖြစ်ရာ အရည်ညှစ်ထုတ်ခြင်း၊ သန့်စင် ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်း စသည့် လုပ်ငန်းစဉ်တလျှောက်တွင် မိုက်ခရိုပလတ်စတစ်များစွာ စိမ့်ဝင်သွားနိုင်ခြေ ရှိသည်။

    လေ့လာမှုများအရ သကြားတွင် တွေ့ရှိရသော အဓိက ပလတ်စတစ်အမျိုးအစားမှာ PVC ဖြစ်ကြောင်း သိရသည်။ ယင်းသည် သင်၏ အိမ်ကြမ်းခင်းများနှင့် ရေပိုက်များတွင် အသုံးပြုလေ့ရှိပြီး ကင်ဆာ ဖြစ်စေနိုင်သော ဓာတုပစ္စည်းတမျိုးလည်း ဖြစ်သည်။

    ဘီယာ

    ဘဝ၏ ကောင်းမွန်သည့်အရာတိုင်းသည် မိုက်ခရိုပလတ်စတစ်များ၏ ကျူးကျော်မှုကို ခံနေရသလိုရှိပြီး သင်နေ့စဉ်သောက်သုံးနေကျ ဘီယာပင်လျှင် အပါအဝင် ဖြစ်နေပါသည်။ သုတေသနပြုချက်များအရ ဘီယာထဲတွင် မိုက်ခရိုပလတ်စတစ်များ ပါဝင်နေသည်ကို တွေ့ရှိရသော်လည်း ယင်းအမှုန်များမှာ မည်သည့်အရင်းအမြစ်မှ စတင်ရောက်ရှိလာသည်ကို သုတေသီများ အတိအကျ အတည်မပြုနိုင်ကြ သေးပါ။

    အဓိကအားဖြင့် ဘီယာချက်ရာတွင် အသုံးပြုသည့် ရေအရင်းအမြစ်ကို သံသယဖြစ်ဖွယ် ရှိသော်လည်း ၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သည့် “လူသားတို့ကြောင့်ဖြစ်သော ဘုံဘိုင်ရေ၊ ဘီယာနှင့် ပင်လယ်ဆားတို့ရှိ ညစ်ညမ်းမှုများ”အမည်ရှိ သုတေသနအရ ရေအရင်းအမြစ်နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသည်ဟု ကောက်ချက်မချနိုင်သေးပေ။

    စိတ်မကောင်းစရာ အချက်မှာ ဘီယာ၊ ပင်လယ်ဆားနှင့် ဘုံဘိုင်ရေတို့မှတဆင့် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိ လာသည့် မိုက်ခရိုပလတ်စတစ် စုစုပေါင်းပမာဏမှာ အတော်လေး များပြားနေခြင်း ဖြစ်သည်။

    ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တက္ကသိုလ်မှ သုတေသီတဦး၏ အဆိုအရ ပျမ်းမျှအမေရိကန် နိုင်ငံသား တဦးသည် ယင်းသုံးမျိုးတည်းမှတင် တနှစ်လျှင် မိုက်ခရိုပလတ်စတစ် အမှုန်ပေါင်း ၆,၀၀၀ ခန့်အထိ စားသုံးမိနေသည်ဟု ဆိုပါသည်။

    ထို့ပြင် “အဖျော်ယမကာများအတွင်းရှိ မိုက်ခရိုပလတ်စတစ်များအား အဏုကြည့်မှန်ပြောင်းဖြင့် လေ့လာ ခြင်း” အမည်ရှိ သုတေသနတခုတွင် ဘီယာ ၁၀၀ မီလီလီတာ (လက်ဖက်ရည်ပန်းကန် တဝက်စာခန့်) ထဲ၌ပင် မိုက်ခရိုပလတ်စတစ် အပိုင်းအစပေါင်း ၉,၁၅၄ ခုအထိ တွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။

    ရေသန့်ပုလင်း

    ပလတ်စတစ်ဘူးခွံဖြင့် ရေသောက်ခြင်းသည် သင်စားသုံးမိသော မိုက်ခရိုပလတ်စတစ် ပမာဏကို သိသိ သာသာ မြင့်တက်စေပါသည်။ နေ့စဉ် ပလတ်စတစ်ဘူးဖြင့် ရေသောက်သူများသည် ထိုသို့မသောက် သူများနှင့် နှိုင်းယှဉ်လျှင် တနှစ်လျှင် ပလတ်စတစ်အမှုန်ပေါင်း ၉၀,၀၀၀ ခန့် ပိုမိုစားသုံးမိနေကြသည်။

    ထို့ပြင် ရေသန့်ဘူးအတွင်းရှိ မိုက်ခရိုပလတ်စတစ်များသည် ဘူးခွံတခုတည်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်သည်ကို သိထားရန် အရေးကြီးပါသည်။

    အမှုန်အမွှား ပမာဏအပေါ် သက်ရောက်စေသည့် အခြားသောအချက်များတွင် သင်၏ ရေသောက်သည့် ပုံစံလည်း ပါဝင်သည်။ ဥပမာအားဖြင့် ဘူးအဖုံးကို ခဏခဏ ဖွင့်လိုက် ပိတ်လိုက်လုပ်ခြင်း၊ ဘူးကို ခဏ ခဏ ညှစ်ခြင်း၊ ဘူးကို နေရောင်အောက်တွင် ထားခြင်းတို့သည် ဘူးကို ပျက်စီးစေပါသည်။

    ထိုပျက်စီးမှုများကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ပလတ်စတစ်သားများ ကြေမွပျက်စီးလာခြင်း ကြောင့် အမှုန်အမွှားများ ပိုမိုထွက်ရှိလာစေသည်။

    ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်ဘူးများသို့ ပြောင်းလဲအသုံးပြုခြင်းက ပို၍စိတ်ချရသည်ဟု မထင်လိုက်ပါနှင့်။ ကိုပင်ဟေဂင်တက္ကသိုလ်၏ ၂၀၂၂ ခုနှစ် လေ့လာမှုတရပ်အရ ပြန်လည်အသုံးပြု နိုင်သော ပလတ် စတစ်ဘူးထဲတွင် ရေကို ၂၄ နာရီကြာ ထည့်ထားပြီးနောက် စစ်ဆေးရာ၌ ပလတ်စတစ် မှ ထွက်လာသော ဓာတ်ပစ္စည်းများ (သို့မဟုတ်) ဘူးဆေးရာတွင်သုံးသည့် ပန်းကန်ဆေးဆပ်ပြာမှ ကျန်ရှိ နေသော ဓာတ်ပစ္စည်း စုစုပေါင်း ၃,၉၀၀ ကျော် ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ပျားရည်

    စိတ်မကောင်းစရာမှာ သင်သည် မိုက်ခရိုပလတ်စတစ်များကို ရှောင်လွှဲရန် သကြားအစား ပျားရည်ကို ရွေးချယ်ခဲ့လျှင်ပင် သတင်းဆိုးတခုက စောင့်ကြိုနေပါသည်။ ဆိုင်မှဝယ်ယူသည့် ပျားရည်ဖြစ်စေ၊ ဒေသတွင်း ပျားမွေးမြူရေးခြံမှ ရရှိသည့် ပျားရည်ဖြစ်စေ မိုက်ခရိုပလတ်စတစ်များ ဝင်ရောက်နိုင်သည့် နည်းလမ်းများစွာ ရှိနေသောကြောင့် ဖြစ်သည်။

    လေထုအတွင်း ပလတ်စတစ်များ ကွဲကြေလာသောအခါ ထိုအမှုန်အမွှားများသည် လေနှင့် ရေတို့မှတ ဆင့် အနီးနားရှိ အပင်များပေါ်သို့ ရောက်ရှိသွားကြသည်။ ပျားများသည် ထိုအပင်များဆီသို့ သွားရောက် သည့်အခါ မိုက်ခရိုပလတ်စတစ်များကို သယ်ဆောင်လာပြီး ယင်းတို့၏ ပျားအုံများအတွင်း၌ ကျန်ရစ်စေ ကာ ပျားရည်နှင့် ရောနှောသွားစေခဲ့သည်။

    ထို့ပြင် အချို့သော ပျားမွေးမြူသူများသည် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပျားအုံသုံး ပစ္စည်းများကို အသုံးပြုကြခြင်းကလည်း ညစ်ညမ်းမှုကို ပိုမိုစေပါသည်။ အကယ်၍ ပျားရည်ကို ပလတ်စတစ်ဗူးဖြင့် ထုပ်ပိုးထားပါက ညစ်ညမ်းမှုနှုန်းမှာ ပိုမိုမြင့်မားသွားနိုင်ပါသည်။

    ဘရာဇီးနိုင်ငံရှိ ဒေသမျိုးရင်းပျားများနှင့် ပျားရည်ကို ၂၀၂၄ ခုနှစ်က လေ့လာမှုအရ ပျားရည်နမူနာ အားလုံး (၁၀၀ ရာခိုင်နှုန်း) တွင် မိုက်ခရိုပလတ်စတစ်များ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

    အလားတူပင် တူရကီနိုင်ငံရှိ ၂၀၂၃ ခုနှစ် သုတေသနတခုတွင် ပျားရည်နမူနာ ၇၅ ရာခိုင်နှုန်းတွင် တွေ့ရှိ ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်သည့် လေ့လာမှုတွင် ပျားရည်နမူနာ ၉၃ ရာခိုင်နှုန်းအထိ မိုက်ခရိုပလတ် စတစ်များ စစ်ဆေးတွေ့ရှိခဲ့ပါသည်။

    နွားနို့

    မိုက်ခရိုပလတ်စတစ်များကို နို့အပါအဝင် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် တွေ့ရှိနေရပြီး ယင်းတို့သည် နည်းလမ်းအသွယ်သွယ်ဖြင့် နို့ထဲသို့ ရောက်ရှိလာကြသည်။ အချို့မှာ ပလတ်စတစ်နို့ဗူးကဲ့သို့သော ထုပ်ပိုးမှုများမှတဆင့် ရောက်ရှိလာခြင်းဖြစ်ပြီး အချို့မှာမူ နွားများစားသုံးသည့် အစားအစာမှတဆင့် နို့ထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ယူဆကြသည်။

    ဤဖြစ်စဉ်သည် နွားများတွင်သာမက လူသားများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး မိခင်နို့မှတဆင့် မိုက်ခရိုပ လတ်စတစ်များ ရောက်ရှိလာနိုင်ကြောင်း သုတေသနများက ဖော်ပြနေပါသည်။

    သို့သော် နို့အမျိုးအစားပေါ် မူတည်၍ ပလတ်စတစ်ပါဝင်မှုနှုန်းမှာ ကွာခြားချက် ရှိပါသည်။ Consumer Reports ၏ လေ့လာချက်အရ ပလတ်စတစ်ဗူးဖြင့် ထုပ်ပိုးထားသော Tuscan Dairy Farms နို့တခွက် တွင် ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည့် သဲလိတ်ပလတ်စတစ်ဓာတုပစ္စည်း ပမာဏ ၁၀,၉၃၂ အထိ ပါဝင်နေသော်လည်း စက္ကူဗူးဖြင့် ထုပ်ပိုးထားသည့် ShopRite ၏ အော်ဂဲနစ်နို့တွင်မူ ၄,၆၂၀ သာ ပါဝင်ကြောင်း တွေ့ရှိရသည်။

    ဤပမာဏများသည် အစိုးရ၏ သတ်မှတ်ချက်များကို ကျော်လွန်ခြင်းမရှိသော်လည်း သုတေသီများကမူ ယခုတွေ့ရှိရသည့် ပမာဏမှာ “ကျန်းမာရေးအတွက် စိတ်မချရသည့် အခြေအနေ” ဖြစ်ကြောင်း သတိပေးထားသည်။

    ထို့ပြင် မိုက်ခရိုပလတ်စတစ်များသည် လက်ဖက်ရည်၊ ပီကယ်၊ ကော်ဖီ၊ ဆန်၊ အသား၊ အသင့်စား အသားချောင်း/တုံးများ၊ စည်သွပ်ဗူးများ၊ အသီးအရွက်အချို့ တို့တွင်လည်း ပါဝင်ကြောင်း တွေ့သည်။

    ပင်လယ်ပြင်အတွင်းရှိ ပလတ်စတစ်ညစ်ညမ်းမှုများသည် ပင်လယ်စာများအတွင်း ပလတ်စတစ်ဓာတ် ပါဝင်မှုကို အဓိကဖြစ်စေသကဲ့သို့၊ အခြားသော အသားဓာတ် (ပရိုတင်း) အုပ်စုဝင် အစားအစာများတွင် လည်း ထုတ်လုပ်မှုလုပ်ငန်းစဉ်များကြောင့် မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်သည်။

    အစားအစာတခုကို ပြုပြင်ထုတ်လုပ်မှုအဆင့်ဆင့် ပိုမိုပြုလုပ်လေလေ၊ ပလတ်စတစ်ပါဝင်နိုင်ခြေ ပိုများ လေလေဖြစ်ပါသည်။

    အကြောင်းမှာ အစားအစာများသည် ထုတ်လုပ်မှုလိုင်းရှိ ပလတ်စတစ်စက်ကိရိယာများ၊ အလုပ်သမား များ ဝတ်ဆင်ထားသည့် ပလတ်စတစ်အကာအကွယ်ပစ္စည်းများ၊ လေထုအတွင်းရှိ ပလတ်စတစ်အမှုန် အမွှားများနှင့် ထိတွေ့မိသောအခါ အဆိုပါအမှုန်များကို စုပ်ယူသယ်ဆောင်သွားတတ်သော ကြောင့် ဖြစ်ပါသည်။

    သို့သော် ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် “အမေရိကန် လူကြီးများ အသုံးများသော ပရိုတင်းဓာတ်ရင်း မြစ်များမှတဆင့် မိုက်ခရိုပလတ်စတစ်များနှင့် ထိတွေ့မှု” အမည်ရှိ သုတေသနအရမူ၊ လေ့လာခဲ့သည့် ပရိုတင်းဓာတ်ရင်းမြစ်များရှိ မိုက်ခရိုပလတ်စတစ် ပမာဏအပေါ် ထုပ်ပိုးမှုပုံစံက သက်ရောက်မှုရှိသည် ကို မတွေ့ရှိရပေ။

    ထို့ပြင် အော်ဂဲနစ်နည်းဖြင့် ထုတ်လုပ်ထားသော ပရိုတင်းဓာတ်များသည် သာမန်ကုန်စုံဆိုင်များတွင် ဝယ်ယူရရှိနိုင်သည့် ပုံမှန်ပရိုတင်းထွက်ကုန်များထက် မိုက်ခရိုပလတ်စတစ် ပါဝင်မှု ပိုမိုနည်းပါးသည် ကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါ။

    အဆိုပါ လေ့လာမှုတွင် စမ်းသပ်စစ်ဆေးခဲ့သည့် ပရိုတင်းဓာတ်ရင်းမြစ် ၁၂ မျိုးကျော်ကို ကြည့်ခြင်း အားဖြင့်၊ အမေရိကန်နိုင်ငံသားတဦးသည် ယင်းပရိုတင်းအစားအစာများ စားသုံးမှုတခုတည်းကြောင့်ပင် တနှစ်လျှင် မိုက်ခရိုပလတ်စတစ် အမှုန်ပေါင်း ၁၁,၀၀၀ မှ ၂၉,၀၀၀ ခန့်အထိ စားသုံးမိနေကြောင်း သုတေသီများက ခန့်မှန်းထားကြသည်။

    The Takeout မှ 14 Foods That Contain The Most Plastic Pollution အား သောမတ်ဘာသာ ပြန်သည်။

  • မိုးမိတ်ရှိ စစ်ကော်မရှင်၏ လက်နက်ဂိုဒေါင် ဒရုန်းဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူများပြား

    မိုးမိတ်ရှိ စစ်ကော်မရှင်၏ လက်နက်ဂိုဒေါင် ဒရုန်းဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူများပြား

    ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကော််မရှင်၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့်ဂိုဒေါင်ကို တော် လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားသည့် ရွှေဇာလီကျေးရွာရှိ လက်နက်ခဲယမ်းသိုလှောင်ရုံ တစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အတွက် ဂိုဒေါင်ပေါက်ကွဲပြီး စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “ထိခိုက်မှုများတယ်လို့တော့ သိတယ်။ သူတို့အုပ်စိုးထားတဲ့နေရာဆိုတော့ အတိအကျတော့မသိရဘူး။ ပေါက်ကွဲအသံတွေပြီးနောက်မှာ အလောင်းတွေသယ်ထုတ်တာတွေတော့ ရှိတယ်”ဟု မိုးမိတ်မြို့ခံ တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်က ရွှေလီမြစ်ဆုံတံတားတွင် ခြေကုပ်ယူနိုင်ရန် ပြင်ဆင်နေပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိသေးချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာခြင်းဖြစ်ကာ အဆိုပါ လက်နက် ခဲယမ်းဂို‌ဒေါင်သည် နမိတ်ချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး စစ်ကော်မရှင်တပ်များ အများအပြားနေရာယူထားကြောင်း သိရသည်။

    မိုးမိတ်မြို့တွင် ၁၀၂၇ စစ်‌ဆင်ရေးမတိုင်ခင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၂၃၊ ခလရ ၂၇၆၊ ခလရ ၃၄၈ တို့ အခြေစိုက်ထား သည်။

    TNLA အစောင့်အရှောက်ဖြင့် မိုးမိတ်နှင့် မိုးကုတ်ကို ဝင်ရောက်လာသည့် စစ်ကော်မရှင်သည် ၎င်းတို့၏ အုပ် ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန် ကြိုးပမ်းနေရပြီး မိုးကုတ်မြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်ရေးဆိုင်ထားသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။

  • ရန်ကုန်၊ မန္တလေး၊ ပျဥ်းမနား မီးအကြီးအကျယ်လောင်

    ရန်ကုန်၊ မန္တလေး၊ ပျဥ်းမနား မီးအကြီးအကျယ်လောင်

    ရန်ကုန်နှင့် မန္တလေးတွင် ၂ ရက်အတွင်း တောမီးအပါအဝင် ၇ ကြိမ်လောင်

    ရန်ကုန်မှာ ၂ ရက်အတွင်း တောမီးအပါအဝင် မီး ၅ ကြိမ်လောင်ပြီး မန္တလေးမှာလည်း ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ မီး ၂ ကြိမ်လောင်တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ဖေဖော်ဝါရီ ၇ ရက် ဒီမနက်အစောပိုင်း ၃ နာရီခွဲက ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်-၂၊ ဆိပ်ကမ်းသာလမ်းမှာ ကိုင်းတောမီးလောင်လို့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၄ နာရီမှာ မီးငြိမ်းသွားပါတယ်။

    မွန်းတည့် ၁၂ နာရီမှာလည်း တိုက်ကြီးမြို့နယ်၊ မေတ္တာအေးရွာမှာ တောမီးလောင်လို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး ၁၂ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

    နေ့လယ် ၁၂ နာရီ ၅၅ မိနစ်မှာလည်း ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ အနော်ရထာလမ်းမှာ မီးလောင်လို့ ထန်းတပင်နဲ့ လှိုင်သာယာ မီးသတ်စခန်းက သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၁၂ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

    ဖေဖော်ဝါရီ ၆ ရက် မနေ့ညနေ ၃ နာရီကျော်ကလည်း မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပ ဂေါက်ကွင်းနားမှာ ကိုင်းတောမီးလောင်ခဲ့သလို ညနေ ၄ နာရီခွဲမှာလည်း မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှာ တောမီးလောင်လို့ နာရီဝက်ကြာလောက် ငြှိမ်းသတ်ခဲ့ရပါတယ်။

    မန္တလေးမှာတော့ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်ရပ်မှာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့လယ် ၁၂ နာရီ ၄၅ မိနစ်က မီးလောင်လို့ Level 2 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပြီးနောက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

    ပြီးတော့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာလည်း ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်း၊ ၃၄ x ၃၅ အကြားမှာ တိုက်ခန်းတခန်း မီးလောင်ခဲ့ပါသေးတယ်။

    အမရပူရမြို့နယ်၌ Level 2 အဆင့်မီးလောင်မှုတွင် နေအိမ် (၁၆) လုံး ပျက်စီးဆုံးရှုံး
    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်တွင် ဖေဖော်ဝါရီ ၇ ရက်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်များမီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

    ထိုသို့ ငြှိမ်းသ-တ်ခဲ့သော်လည်း မီးထိန်းနိုင်ခြင်းမရှိဘဲ ဆက်လက်လေ-ာင်ကျွမ်းနေသဖြင့် မွန်းတည့် ၁၂ နာရီ ၅၆ မိနစ်တွင် Level 2 အဆင့်ဖြင့်ငြှိမ်းသ-တ်ခဲ့ကြ၍ နေ့လည် ၁ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

    မီးစတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းအား သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးရာ နေ အိမ်တစ်အိမ်၌ မွှေ့ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ စတင်လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်(၁၆)လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ၌နေထိုင်သော မီးဘေးသင့်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

    ပျဉ်းမနားတွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ဆုံးရှုံး၊ ဝက် ၁၂ ကောင် သေဆုံး

    နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့ဇီးဖြူပင်ကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီကျော်က ဒယ်နီအိုး အပူလွန်ကဲမှု ဖြစ်ရာကတဆင့် မီးစတင်လောင်ကျွမ်းတာကြောင့် နေအိမ် ၂ လုံး ဆုံးရှုံးခဲ့ပြီး အိမ်မွေးဝက် ၁၂ ကောင် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

    ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတယောက်က “အချိန်မီ မီးထိန်းနိုင်လို့ ဆင့်ပွား မီးကူးစက်တာ မရှိတာ။ အိမ်နဲ့ဝက်တွေတော့ ဆုံးသွားတယ်။ ဝက်တွေကလည်း မီးလောင်လို့ သေဆုံးတာပါ။ အိမ်မွေးဝက်တွေပါ။ မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ပိုင်ရှင်ကို ရဲတွေက စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

    မီးလောင်မှုကို ပျဉ်းမနားမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီကျော်လောက်ကလည်း ပျဉ်းမနားမြို့ ရန်နိုင်ရပ်ကွက်မှာ ဝါယာရှော့ဖြစ်ရာကတဆင့် နေအိမ်အလုံး ၆၀ ကျော် မီးကူးစက်လောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

    Photos – Hein

  • AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ

    AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ

    AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာပြီး နောက်ထပ် ပွိုင့်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင်နေ

    ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်နှင့် ရခိုင်ရိုးမတောင်ကြားလမ်းတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အရှိန် မြင့်တက်လာနေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-(၁၆) တည်ရှိရာ မသုန်ကျေးရွာနှင့် ၅ ကီလိုမီတာဝန်းကျင်အကွာအထိ ချဉ်းကပ်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ကပစ-၁၆ နှင့် ကပ်လျက်ရှိသည့် ပွိုင့် -၅၀၆ စခန်းကုန်းအနီးအထိ AA ၏ ထိုးစစ် ရောက်ရှိလာခြင်းဖြစ်ပြီး စက်ရုံအတွင်းသို့ ရောက်ရှိရန် စခန်းကုန်း နှစ်ခုခန့်သာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

    “ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က စစ်ရေးအခြေအနေကို သုံးသပ် ပြောဆိုထားသည်။

    စစ်ကော်မရှင်ဘက်ကလည်း AA တပ်ဖွဲ့များ အရေးကြီးစခန်းကုန်းများအနီးသို့ ချဉ်းကပ်လာခြင်းကို တားဆီးရန် ဒရုန်းနှင့် လေကြောင်းပစ်ကူများကို အသုံးပြု၍ အသည်းအသန် ခုခံလျက်ရှိသည်။

    ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကြောင်းတစ်ကြောင်းလုံး ပြုတ်သွားခဲ့သည့် ပွိုင့်-၆၆၆ စခန်းအနီးသို့ အင်အား ၅၀၀ ခန့်ပါသော စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်း နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

    ပန်းတောင်းတပ်နယ်အတွင်းရှိ မသုန်ကျေးရွာနှင့် ညောင်ကျိုးဘက်သို့ စစ်ကော်မရှင်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ကြောင်းများ တိုးမြှင့်စေလွှတ်နေသဖြင့် တိုက်ပွဲ သုံး နေရာထက်မနည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    အလားတူ စစ်ကော်မရှင်သည် ပဲခူးတိုင်းအနောက်ခြမ်း စစ်ရေးအခြေအနေကို ထိန်းသိမ်းရန်အတွက် ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာအခြေစိုက် ခမရ-၁၀ တပ်အတွင်းသို့ ရန်ကုန်တပ်နယ်မှ အင်အား ၇၀ ခန့်ပါသော စစ်ယာဉ်တန်း သုံး စီးကို ယနေ့တွင် ထပ်မံဖြည့်တင်းထားကြောင်း သိရသည်။

    ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

  • မုံရွာတွင် စစ်ရေးတင်းမာနေ

    မုံရွာတွင် စစ်ရေးတင်းမာနေ

    မုံရွာတွင် စစ်ရေးတင်းမာနေ၍ မြို့တွင်းမြို့ပြင် လမ်းများ ညပိုင်း သွားလာမှု တော်လှန်ရေးတပ်များက ပိတ်ပင်

    မုံရွာမြို့ပေါ်တွင်မူ စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် သွားလာလှုပ်ရှားနေ၍ မြို့တွင်းမြို့ပြင် လမ်းပိုင်းများကို ညအချိန် သွားလာခြင်းများကို တော်လှန်ရေးတပ်များက ပိတ်ပင်လိုက်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ အတွင်း၊ မြို့အပြင်သို့ လမ်းပိုင်းများကို မည်သည့်ယာဉ် အမျိုးအစားမဆို ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို တော်လှန်ရေးတပ်များက ရက်အကန့်သတ်မရှိ ခေတ္တယာယီ ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် မုံရွာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများကို အသုံးပြု၍ ညအချိန် သွားလာခြင်းများ ပြုလုပ်နေကြောင်း၊ ထိုသို့ သွားလာနေခြင်းကြောင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက ပြည်သူများ ထိခိုက်မှုမရှိစေရန် ကြိုတင် အသိပေး ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    “အဲလမ်းပိုင်းတွေက ကျနော်တို့ အစောပိုင်းတည်းက သွားခြင်းမပြုလုပ်ဖို့ ထုတ်ပြန်ထားတာပေါ့။ မိုင်းကွင်းနေရာတွေလည်း အများအပြားရှိတယ်။ အခုနောက်ပိုင်းက စစ်ရေးလည်း တင်မားနေတာရော စစ်ခွေးတွေက အိမ်စီးကားတွေ အသုံးပြုပြီး ညအချိန် သွားလာနေတာတွေကြောင့် ပြည်သူတွေကို ထပ်မံ အသိပေးချင်လို့ ထုတ်ပြန်ရတာဖြစ်တယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ခွေးတွေရှိတဲ့ နေရာတွေကို မသွားကြဖို့နဲ့ စစ်ခွေးတွေ သွားလာလှုပ်ရှားတာတွေကိုလည်း သတင်းပေးကြဖို့ ပြောချင်ပါတယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုသို့ ထုတ်ပြန်ပြီးနောက်ပိုင်း စည်းကမ်းလိုက်နာခြင်းမရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် ဖြတ်သန်းသွား လာ၍ တစ်စုံတစ်ရာကိစ္စ ဖြစ်ပေါ်လာပါက တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မုံရွာမြို့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ကာကင်းစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးအနားရှိ ကျေးရွာများကိုလည်း စစ်တပ်က ပိတ်ဆို့ပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

    လတ်တလော မုံရွာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကား၊ ၁၂ ဘီးကား များဖြင့် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားများ ဖြစ်ပြီး လက်ရှိချိန်တွင် လူငယ် အားလုံးကို စစ်ကိုင်းမြို့ တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း သိရသည်။

    “မိသားစုတွေ ပိုက်ဆံနဲ့ ပြန်ရွေးလို့ မရဘူး။ စစ်ခွေးတွေက တစ်ရက်ကို လူငယ် ၄၀ လောက်ဆွဲတယ်။ စုစုပေါင်း ၆ ရက်ဆက်တိုက်ဆို စစ်ခွေးတွေဆွဲတာ လူငယ် ၃၀၀ ကျော်ရှိတယ်။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို မိသား စုနဲ့လည်း တွေ့ခွင်မပေးဘူး။ လက်ရှိမှာသူတို့ အကုန်လုံးကို စစ်ကိုင်း တပ် ၃၃ တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်” ဟု ဖမ်ဆီးခံထားရသော လူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မြို့အဝင်များတွင် ဘန်ကောက်ဆောက် သဲအိတ်ချ လုံခြုံရေး ယူနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)