Category: News

  • ရှီကျင့်ပင် မှ အဘယ်ကြောင့် ဝါရင့် စစ်ဗိုလ်ချုပ်ကြီး အား ဖယ်ရှားခဲ့ ပေ သနည်း

    ရှီကျင့်ပင် မှ အဘယ်ကြောင့် ဝါရင့် စစ်ဗိုလ်ချုပ်ကြီး အား ဖယ်ရှားခဲ့ ပေ သနည်း

    ရှီကျင့်ပင်သည် ဒေါ်နယ် ထရမ့်၏ စစ်သွေးကြွလာမှုများကို တွေ့မြင်နေရ၍ ၎င်း၏ တပ်များ လိုအပ်သည့် အတိုင်းအတာ အထိ ဖြစ်မလာသည်ကို အားမရ ဖြစ်လာ၍ လော မသိ။

    ၂၀၂၆ ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း က What Xi Jinping’s purge of China’s most senior general reveals ဟူသော ခေါင်းစဉ် ဖြင့် ယခုလို ရေးသားလာခဲ့သည်။

    လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်စစ်ဘက်အဆင့်မြင့်ခေါင်းဆောင်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် အကြီးအကျယ် ဖယ်ရှားရှင်းလင်းမှုတွေကြားထဲမှာ ဗိုလ်ချုပ်ကြီး တစ်ဦး ကတော့ ကင်းလွတ်ခွင့်ရနေပုံ ရသည်ဟု အများက ထင်ခဲ့ကြသည်။ ၎င်းသည် တရုတ်စစ်တပ်၏ ဝါရင့်အရာရှိကြီး ကျန်းယို့ရှာ ပင် ဖြစ်သည်။

    ၎င်းသည် ရှီကျင့်ဖျင်၏ ရင်းနှီးသည့် မိတ်ဆွေတစ်ယောက် ဖြစ်နေယုံမျှ မက ၁၉၇၉ ခုနှစ် ဗီယက်နမ်စစ်ပွဲ အတွင်း ထူးထူးချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲ အတွေ့အကြုံရှိသည့် အနည်းငယ်မျှသာ ကျန်တော့သော စစ်ဗိုလ်ချုပ်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

    ထို့အပြင် တရုတ်စစ်တပ်ကို ကွပ်ကဲ နေသည့် ရှီကျင့်ဖျင် ဦးဆောင် သော ဗဟိုစစ်ကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌ နှစ်ဦးထဲမှ စီနီယာဖြစ်‌ နေခြင်းကြောင့်လည်း ၎င်း၏ အာဏာသည် ပိုမိုခိုင်မာ နေခဲ့သည်။ အချို့သော လေ့လာဆန်းစစ်သူများက ဗိုလ်ချုပ်ကြီးကျန်းကို လတ်တလော ဖြစ်ပွားခဲ့သည့် ဖြုတ်ထုတ်သတ်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ ဟူ၍ပင် ရှုမြင်ခဲ့ကြသည်။ ယခုအခါတွင်တော့ ၎င်းကိုယ်တိုင်ပါ အပြင်းထန်ဆုံး ထိုးနှက်ချက် များ နှင့် အတူ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

    ဇန်နဝါရီ ၂၄ ရက်နေ့ တွင် အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီးကျန်း နှင့် CMC အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်ကြီး လျိုကျိန်းလီ တို့ကို “စည်းကမ်းနှင့် ဥပဒေ ပြင်းထန်စွာ ချိုးဖောက်သည်ဟု သံသယရှိမှု” နှင့် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့သည်။ အသေးစိတ် အချက်အလက် များကိုတော့ ထုတ်ပြန်ခြင်း မရှိသေး ပေ။

    စစ်ဆင်ရေး၊ ထောက်လှမ်းရေးနှင့် လေ့ကျင့်ရေး ပိုင်း ကို ကြီးကြပ်ရသည့် စစ်ဦးစီးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီးလျို သည် လည်းဗီယက်နမ် နယ်စပ်စစ်ပွဲ တွင် ဝါရင့်စစ်သည်တစ်ဦးအဖြစ် ဗိုလ်ချုပ်ကြီးကျန်းနှင့် နီးကပ်စွာ ပုဂ္ဂိုလ်ရေးပတ်သက်မှု ရှိသူဟုလည်း ယူဆကြသည်။

    ယခု အခါ တွင် တော့ ရှီကျင့်ဖျင်သည် ၎င်း၏ စစ်ဖက် ခေါင်းဆောင်ပိုင်း တခုလုံး ဟာလာဟင်းလင်း ဖြစ်သွားအောင် အထိ ရှင်းထုတ်ပစ်ခဲ့ပြီ ဖြစ်သည်။ ထိုလုပ်ရပ်သည် ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက်ပိုင်း မကြုံစဖူး အောင် အကြီးမားဆုံး ဖြုတ်ထုတ်ပွဲကြီးပင် ဖြစ်သည်။

    ထို့အတွက် အင်အား နှစ် သန်းခန့်ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ကွပ်ကဲနေသည့် အဖွဲ့အစည်းတွင် ယခုဆိုက တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင် နှစ်ဦးသာ ကျန် ပေ တော့သည်။ ထိုနှစ်ဦးသည် ဥက္ကဋ္ဌဖြစ်သူ ရှီကျင့်ဖျင် ကိုယ်တိုင်နှင့် ပြီးခဲ့သည့် အောက်တိုဘာလကမှ ဒုတိယဥက္ကဋ္ဌ ဖြစ်လာ သော PLA ရဲ့ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ကျန်းရှန်းမင်းတို့ပင် ဖြစ်သည်။

    ရှီကျင့်ဖျင်သည် ထိုင်ဝမ်ကို ၂၀၂၇ တွင် သိမ်းပိုက်နိုင်စွမ်းရှိရမည် ဆိုပြီး နောက်ဆုံး သတ်မှတ်ပေးထားသည့် အချိန် ကာလ မတိုင်မီ ဗိုလ်ချုပ်ကြီးကျန်း ဘက်က ထိရောက်သည့် ရလဒ်ကောင်းများ ထွက်ပေါ်အောင် မဆောင်ရွက်နိုင်ခဲ့မှု အပေါ် စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းမျိုး ဖြစ်နိုင်သည်ဟု ယူဆ‌ နေကြသည်။

    အခုနောက်ဆုံး ဖြုတ်ထုတ် ရှင်းလင်းမှုများသည် ဗိုလ်ချုပ်ကြီးကျန်း၏ အာဏာတိုးချဲ့လာမှုအပေါ် ရှီကျင့်ဖျင်၏ စိုးရိမ်မကင်း ဖြစ်လာမှုတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ “ယခုလုပ်ရပ်ဟာ ရှီကျင့်ဖျင် အာဏာရလာတဲ့ အစောပိုင်းကာလတွေ နောက်ပိုင်း တရုတ်နိုင်ငံရေးလောကမှာ အံ့ဩတုန်လှုပ်စရာအကောင်းဆုံး ဖြစ်ရပ်ပါပဲ” ဟု ဝါရှင်တန် ရှိ ဂျော့ဂျ်တောင်းတက္ကသိုလ်မှ ဒီန်းနစ် ဝိုင်းလ်ဒါ က ဆိုသည်။ ဝိုင်းလ်ဒါ သည် စီအိုင်အေ ၏ တရုတ်ရေးရာ ကျွမ်းကျင်သူဟောင်းတစ်ဦးလည်း ဖြစ် သည်။

    လတ်တလော ဖြုတ်ထုတ်သတ်မှု အတော်များများသည် ဗိုလ်ချုပ်ကြီးကျန်း ဦးဆောင်သည့် အုပ်စုနှင့် တရုတ်နိုင်ငံအရှေ့ပိုင်းတွင် အမှုထမ်းရင်း အောင်မြင်လာသူများ (အချို့မှာ ရှီကျင့်ဖျင် ထိုဒေသများတွင် တာဝန်ကျစဉ်က အတူလုပ်ခဲ့သူများ) ပါဝင်သည့် အုပ်စုတစ်စုကြားက အားပြိုင်မှု များကြောင့် ဖြစ်သည်ဟု ဝိုင်းလ်ဒါးက ယုံကြည်ထားသည်။

    နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အဂတိလိုက်စားမှု များ ဒင်းကြမ်း ဖြစ်နေသော လက်နက်ခဲယမ်း ထုတ်လုပ်ရေးနှင့် ဝယ်ယူရေးဌာနကို တာဝန်ယူ စဉ်က ဗိုလ်ချုပ်ကြီးကျန်း သို့မဟုတ် ၎င်း၏ မိသားစုဝင်များသည် အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ဖြစ်နိုင်သည်။ ရှီကျင့်ဖျင်မှ ၎င်း၏ စုံစမ်းစစ်ဆေးရေးမှူးများအား ဖေါ်ထုတ်ခိုင်းခြင်း သို့မဟုတ် ဗိုလ်ချုပ်ကြီးကျန်း၏ ပြိုင်ဘက်များက သတင်းပေးမှုခြင်း များကြောင့် စွပ်စွဲချက်အသစ်များ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။ အစောပိုင်းက ပစ်မှတ်ထားခံရသည့် အရာရှိအချို့မှာ ၎င်း၏ လက်သပ်မွေး တပည့်ရင်းများ ဖြစ်ကြသည်ဟု ယူဆရပါသည်။

    အားပြိုင်မှုများ တွင် မင်းသား လေးများဟု ခေါ်ကြသည့် တော်လှန်ရေးခေါင်းဆောင်ဟောင်းများ၏ သားသမီး အများအပြား ပါဝင်သည့် ဗိုလ်ချုပ်ကြီးကျန်း၏ အုပ်စုသည် အသာစီးရလာခဲ့ပြီး ကျန်းသည်လည်း မကြုံစဖူး သြဇာအာဏာကြီးမားလာခဲ့သည်။ ရှီကျင့်ဖျင်အဖို့ ၎င်းအား အန္တရာယ်ရှိလာနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဟု ယူဆလာသည်။ “သူက ခေါင်းမာပြီး စကားကြမ်းတဲ့ ဝါရင့်စစ်သားကြီးတစ်ယောက်ဗျ၊ ရှီကျင့်ဖျင်နဲ့ မဟာမိတ်ဖွဲ့ခဲ့တာ မှန်ပေမဲ့ သူ့ရဲ့ လက်အောက်ခံအဖြစ်နဲ့တော့ တစ်ခါမှ နေခဲ့တာမဟုတ်ဘူး” လို့ မစ္စတာ ဝိုင်းလ်ဒါက ဗိုလ်ချုပ်ကြီးကျန်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့သည်။

  • မွေးလူဗိုက်ထဲ  ခွဲခန်းသုံးပတ်တီး ကျန်ခဲ့တဲ့ ပုသိမ်က OG

    မွေးလူဗိုက်ထဲ ခွဲခန်းသုံးပတ်တီး ကျန်ခဲ့တဲ့ ပုသိမ်က OG

    ပုသိမ်မြို့နယ်၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ခွဲမွေးကုသမှု ပြုလုပ်စဉ် ခွဲခန်းသုံးပစ္စည်းတစ်မျိုးဖြစ်သည့် sixes ကို မွေလူနာ၏ ဗိုက်အတွင်း ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အဆိုပါဖြစ်စဉ်တွင် OG ဆရာဝန် ဒေါက်တာ အေးအေးသော်၊ မေ့ဆေးဆရာဝန် ဒေါက်တာ ဝင်းစီစီခိုင်၊ Sister စောမြတ်မိုးနှင့် Instrument nurse တစ်ဦးတို့ ပါဝင်ကာ ခွဲမွေးကုသမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

    မွေးလူနာထံမှ ခွဲစိတ်ခ ၇ သိန်းကျပ်နှင့် မေ့ဆေးခ ၁ သိန်းကျပ် ယူဆောင်ခဲ့ကြောင်းလည်း သိရသည်။

    ခွဲမွေးပြီးနောက် (၅) ရက်အကြာတွင် လူနာအခြေအနေ ပုံမှန်ဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သော်လည်း နေအိမ်သို့ ပြန်ရောက်ပြီးနောက် မကြာခဏ သွေးဆင်းခြင်းများ ဖြစ်ပေါ်လာသဖြင့် ဆေးခန်းများသို့ အကြိမ်ကြိမ် သွားရောက်ပြသခဲ့ရပြီး အချိန်ကာလ လအတော်ကြာ ဆက်လက်ခံစားခဲ့ရကြောင်း သိရသည်။

    နောက်ပိုင်း သုံးလခန့်ကြာမြင့်သည့်အထိ လက္ခဏာများ မသက်သာသဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံတစ်ရုံသို့ သွားရောက်စစ်ဆေးရာ ဗိုက်အတွင်း ပစ္စည်းတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

    စစ်ဆေးချက်အရ ခွဲစိတ်စဉ် သွေးထိန်းရန် အသုံးပြုသည့် sixes ခြောက်ခုအနက် တစ်ခု ဗိုက်အတွင်း ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ ခွဲစိတ်ကာ ထုတ်ယူခဲ့ရကြောင်း သိရသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်၍ လူနာဘက်မှ မကျေနပ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သီတာလှက ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်၊ သူနာပြုအုပ် တိုးတိုးဝင်း၊ OG ဒေါက်တာ အေးအေးသော်၊ မေ့ဆေး ဒေါက်တာ ဝင်းစီစီခိုင်၊ Sister စောမြတ်မိုးနှင့် Instrument nurse တစ်ဦးတို့ကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

  • Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

    Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

    မလှိုင်မှာ ကျားဖြန့်အတွက်သုံးဖို့ဆိုပြီး Kpay အကောင့်တွေ လိုက်လံဝယ်ယူနေ

    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ အွန်လိုင်းငွေလိမ်လယ်မှု ခေါ် ကျားဖြန့်အတွက်သုံးဖို့ Kpay အကောင့်တွေ ကျပ်ငါးသောင်းပေးပြီး လိုက်လံဝယ်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က မလှိုင်မြို့ပေါ်မှာ လူတစ်စုက ပြည်သူတွေကို ဘဏ်ဆီ ခေါ်ဆောင်ကာ Kpay အကောင့်ဖွင့်ခိုင်းပြီး အကောင့်တစ်ခု ကျပ်ငါးသောင်းပေးကာ ဝယ်ယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။

    “ရပ်ကွက်ထဲက အမျိုးသမီးတွေကို မှတ်ပုံတင်ယူခိုင်းပြီး KBZ ဘဏ်မှာ ခေါ်သွားပြီး kpay acc ဖွင့်ခိုင်းတာ။ တယောက်ကို ၅ သောင်းပေးတယ်”လို့ မလှိုင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အရေအတွက်မည်မျှ Kpay အကောင့် ရောင်းလိုက်မိတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

    ပြည်သူတွေ အနေနဲ့ မိမိမှတ်ပုံတင်နဲ့ ပြုလုပ်ထားတဲ့ Kpay အကောင့်တွေကို ရောင်းချတာဟာ ငွေလိမ်သမား ကျားဖြန့်တွေရဲ့ အန္တရာယ် ကျရောက်နိူင်တာမို့ သတိပြုဆင်ခြင်ကြဖို့ လူထုသတင်းကွန်ရက်-မလှိုင်က သတိပေးပါတယ်။

    “အခုငွေရလို့ရောင်းတဲ့သူတွေက ဖုန်းတောင်မကိုင်နိုင်ဘူးရယ်။ လာဝယ်တဲ့သူအပြစ်ပြောရအောင်ကလည်း ရောင်းတဲ့သူက မှတ်ပုံတင်ကိုင် လိုက်သွားတာဆိုတော့ ပြောရခက်တယ်။ ဒါက ကျွန်တော်တို့သိတာပဲ ရှိသေးတာ။ အရင်ဘယ်နှစ်ယောက်ပါသွားလဲ မသိနိူင်ဘူး”လို့ လူထုသတင်းကွန်ရက်-မလှိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ နှစ်ထဲက မန္တလေးတိုင်း မြို့နယ် ငါးမြို့နယ်မှာလည်း အခုလိုပဲ Kpay အကောင့်တွေကို ဘဏ်မှာလိုက်ဖွင့်ပေးရင် အကောင့်တစ်ခု ကျပ်နှစ်သောင်းနှုန်း ပေးတဲ့သူတွေရှိခဲ့ပါတယ်။

    အဲဒီနောက် ပုသိမ်ကြီးမြို့နယ်ထဲက Kpay အကောင့် ရောင်းချလိုက်တဲ့ ပြည်သူတော်တော်များများ ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားခဲ့ဖူးပါတယ်။

  • “သူတို့အတွက် ပေးဆပ်ထားပြီးပြီ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဗုံးကြဲတာလဲ” – စစ်သုံ့ပန်းမိသားစု

    “သူတို့အတွက် ပေးဆပ်ထားပြီးပြီ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဗုံးကြဲတာလဲ” – စစ်သုံ့ပန်းမိသားစု

    ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေအတွင်းမှာ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းမိသားစုတွေ ထားရှိရာကို စစ်တပ်ဘက်က ၄ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ၂၀၀ နီးပါးအထိ ရှိလာပါတယ်။

    ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းအမြောက်အမြားကို AA က ဖမ်းဆီးရမိထားသလို လက်နက်ချ အညံ့ခံပူးပေါင်းတဲ့ စစ်သုံ့ပန်းတွေလည်း အမြောက်အမြား ရှိခဲ့ပါတယ်။

    စစ်သုံ့ပန်းတွေကို AA ဘက်က တချို့နေရာတွေမှာ အစုလိုက်ထားရှိခဲ့ကြပြီး အဲဒီနေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ တနှစ်ကျော်အတွင်း ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခွဲလောက်မှာ စစ်တပ်က AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ချောင်းတူကျေးရွာအနီး စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့ စခန်းနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

    စစ်တပ်ရဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံး ဆက်တိုက်ကြဲချတာကြောင့် စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ဆေးကုသပေးနေတဲ့နေရာ အပါအဝင် နေရာ ၃ ခုမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တွေနဲ့ စစ်သုံ့ပန်းတွေ အပါအဝင် မိသားစုဝင် ၂၁ ယောက် သေဆုံးကာ ၃၀ လောက် အစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    အခုလို စစ်တပ်က စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိတဲ့နေရာကို ဗုံးလာကြဲတဲ့အပေါ် ရခိုင်အခြေစိုက် Development Media Group က ကွင်းဆင်းမေးမြန်းရာမှာတော့ စစ်သုံ့ပန်းမိသားစုဝင်တယောက်ဖြစ်တဲ့ မမေသဇင်ဝင်းက “တခါတလေကျရင်တော့ စိတ်နာချင်ပါတယ်။ ညီမတို့ တတ်နိုင်သလောက် သူတို့အတွက်လည်း ပေးဆပ်ခဲ့ဖူးပါပြီ။ ဒါပေမဲ့ ညီမတို့ကို သူတို့က ပြန်ပြီးတော့ မကယ်ထုတ်ချင်တာလား၊ သူတို့ ဒီလို လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲတော့ ညီမတို့ မသိဘူး။ ဖြစ်နိုင်ရင်တော့ ညီမတို့လည်း ပြန်ချင်တာ မှန်ပါတယ်။ AA ဘက်က ဗိုလ်ကြီးတွေဆီမှာလည်း အကုန်လုံး ပြန်ဖို့အတွက် လုပ်ပေးထားတာ ရှိပါတယ်။ ပြန်ရတော့မယ်လို့လည်း သူတို့ ပြောထားပါတယ်။ ခုလိုမျိုး ဘာရည်ရွယ်ချက်နဲ့လုပ်လဲတော့ မသိပါဘူး။ ဒါပေမဲ့ သူတို့ အဲဒီလိုလုပ်ချင်တယ် ဆိုရင်တောင် ညီမတို့ဆီမှာ လူမမယ်ကလေးတွေ အများကြီး ပါသေးတယ်လေ။ ဒီကလေးတွေရဲ့ ရှေ့ရေးလည်း ရှိသေးတယ်။ ဖြစ်နိုင်ရင်တော့ ညီမတို့လည်း အမြန်ဆုံး ပြန်ချင်ပါတယ်” လို့ ပြောပါတယ်။

    ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဟာ ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးမိတဲ့ ခမရ ၃၇၇ တပ်ရင်းနဲ့ ခမရ ၅၃၉ တပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။

    အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသက စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိတဲ့စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲချခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၂၈ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၇ ယောက်အထိ ရှိခဲ့ပါတယ်။

    ၂၀၂၄ ခု စက်တင်ဘာ ၉ ရက်ကလည်း မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းထားရှိရာနေရာ နယ်ခြားစောင့်စခန်း (နခခ -၂) ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်း ၅၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

    ဒါ့အပြင် ၂၀၂၄ ခု စက်တင်ဘာ ၈ ရက်ကလည်း ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးက စစ်သုံ့ပန်းထားရှိရာ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၁၇ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    စစ်အုပ်စုအနေနဲ့ အခုလို စစ်သုံ့ပန်းတွေရှိရာ နေရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် လေတပ် CDM ဝန်ထမ်းတယောက်ဖြစ်တဲ့ ကိုဇေယျက “ဒီနေရာမှာ AA ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပစ်မှတ်ကို မှားကြဲမိတာလို့ အဓိက ယူဆရပါတယ်။ ဒါပေမဲ့ တခုရှိတာက လက်ရှိ ICJ မှာလည်း ပြဿနာတက်နေတဲ့ ပုံစံမျိုးပေါ့နော်။ ICJ မှာလည်း အမှုတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ရခိုင်ဘက်မှာလည်း တာဝန်ကျပြီးတော့ အဖမ်းခံရတဲ့ သုံ့ပန်းတွေကလည်း တချိန်ကျရင် တရားလိုသက်သေတွေ ဖြစ်လာနိုင်တယ်၊ ဒါကိုလည်း သူတို့မြင်တယ်။ ဒီဟာကို ရည်ရွယ်ချက်ရှိရှိ ကြဲတာ ဆိုလို့ရှိရင်တော့ ဒါက သက်သေဖျောက်ချင်လို့ ရည်ရွယ်ချက်ရှိရှိ တမင်သက်သက် စတေးတာပေါ့နော်။ နောက်တခုက စစ်တပ်ရဲ့ mindset မှာက သုံ့ပန်းဖြစ်သွားလို့ရှိရင် ဘယ်တော့မှ တန်ဖိုးမထားတော့ဘူး။ သုံ့ပန်းဖြစ်လာလို့ ပြန်လာရင်တောင်မှ မယုံတော့ဘူး၊ စစ်တယ် ဆေးတယ်။ ဒီလို သုံ့ပန်းဖြစ်သွားပြီဆိုရင်တော့ သူတို့လူလို့ မသတ်မှတ်တော့သလို ယုံလည်းမယုံတော့ဘူး” လို့ ပြောပါတယ်။

    စစ်တပ်ကတော့ AA ထိန်းချုပ်ဒေသရှိ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ဗုံးကြဲတဲ့အပြင် စစ်သုံ့ပန်းတွေနေထိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲလာပြီး အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပါတယ်။

    ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA က တိုက်တွန်း ပြောဆိုထားပါတယ်။

    ကေခိုင်

  • အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွား

    အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွား

    အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ် ယာယီရပ်နား

    ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၁၀၆ သိန်းအထိ ရောက်ရှိသွားပြီး အဖမ်းအဆီးကြောက်၍ ရွှေဆိုင်တချို့ပိတ်ထားကာ ရွှေကုန်သည်တချို့ အလုပ်ရပ်နားထားကြောင်း ရန်ကုန်အခြေစိုက် ရွှေကုန်သည်များက ပြောဆိုသည်။

    ကမ္ဘာ့ရွှေစျေးထိုးတက်နေမှုကြောင့် မြန်မာ့ရွှေစျေးမှာလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း၊ လတ်တလော ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်သွားပြီး ဒေါ်လာ ၅၀၈၇ ဒသမ ၆၂ ဒေါ်လာရှိကြောင်း၊ ကမ္ဘာ့ရွှေစျေးမြင့်တက်၍ မြန်မာ့ရွှေလိုက်ပါ စျေးတက်ခြင်းဖြစ်သော်လည်း စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရမည်ကို ကြောက်လန့်၍ ရွှေဆိုင်တချို့နှင့် ရွှေကုန်သည်များ အလုပ်ယာယီရပ်နားထားကြကြောင်း သိရှိရသည်။

    “ကမ္ဘာ့စျေးက နိုင်ငံတကာမှာ အမေရိကန်အပေါ်ယုံကြည်မှု ကျတာနဲ့ အမေရိကန်ဘွန်းတွေ ထုတ်ရောင်းပြီး ရွှေဝယ်ကြတယ်။ အဲဒီဂယက်။ နောက်တစ်ခါ အီရန်ကို တိုက်မယ်တကဲကဲ ဖြစ်တာတွေလည်းပါတယ်။ ရွှေအပေါ်ကို ကမ္ဘာ့စျေးကွက်က အားထားပြီး ဝယ်ကြတော့ ကမ္ဘာ့စျေးတက်တယ်လို့ စီးပွားရေးသုံးသပ်ချက်တွေရှိတယ်။ ကမ္ဘာ့စျေးတက်တော့ မြန်မာ့ရွှေစျေးလည်းတက်တယ်။ ဒါပေမယ့် ဒေါ်လာစျေးက သိပ်မတက်တော့ အရမ်းကြီး ထိုးတက်တာမျိုးမရှိဘဲ တအိအိပဲတက်လာတာ။ စျေးတက်လာရင် အစစ်အဆေးကြောက်တော့ အကုန် နားထားကြတယ်။ မီးလင်းရွှေစျေးကွက်တောင် လူသိပ်မရှိလှဘူး။ ရုံးခန်းအောက်မှာပဲ ထိုင်ပြီး စကားပြောပြန်ကြတာများတယ်” ဟု ရန်ကုန်အခြေစိုက် ရွှေကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။

    လတ်တလော အမေရိကန်ဒေါ်လာစျေးမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၃၀ ကျပ်ဝန်းကျင်တွင် စျေးပေါက်လျက်ရှိပြီး ဒေါ်လာဝယ်ရောင်းအများစုမှာလည်း အဖမ်းအဆီးများကြောင့် အလုပ်များ ရပ်နားနေကြကြောင်း သိရှိရသည်။

    “ဒေါ်လာရော ရွှေရော အဖမ်းအဆီးကြောက်လို့နားကြတယ်။ ဒေါ်လာကတည်း ဘဏ်အကောင့်တွေပိတ်၊ USDT ဆက်စပ် အကောင့်တွေပိတ်ဆိုတော့ အလုပ်တွေက ခပ်ကျဲကျဲနဲ့ ရပ်ကုန်တယ်” ဟု ဒေါ်လာဝယ်ရောင်းသမားတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရွှေစျေးတက်လျှင် ရွှေကုန်သည်များနှင့် ရွှေဆိုင်များကို ဖမ်းဆီးခြင်း၊ ဒေါ်လာစျေးတက်လျှင် ဒေါ်လာဝယ်ရောင်း များကို လိုက်လံ ဖမ်းဆီးခြင်းများ မကြာခဏ ဆိုသလို လုပ်ဆောင်လေ့ရှိကြောင်း ရွှေနှင့်ဒေါ်လာကုန်သည်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။