Category: News

  • “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချလိုက်တာလို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

    “ဒီဇင်ဘာလ ၂၃ ရက်ကတည်းက တရားရင်ဆိုင်နေရတာ၊ အဲဒီကတည်းက အမိန့်ချလို့ရတယ်။ အမိန့်ချလိုက်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဝင်ပြိုင်ခိုင်းပြီး ရွေးကောက်ပွဲပြီးမှ အမိန့်ချတာ။ ထောင်ဒဏ် ၁ နှစ်ကို အလုပ်ကြမ်းပါ ထည့်ပြီးချတာ။”

    သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ နိုဝင်ဘာ ၁၂ ရက်က U Lwin Myint Tiktok Account ကနေ မဲဆွယ်စည်းရုံးမှာ တော်လှန်ရေးဆိုတဲ့ စကားလုံး သုံးစွဲခဲ့တဲ့အတွက် စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် UEC က ဖမ်းဆီး စစ်ဆေးခဲ့တာပါ။

    ဒီလို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပေမဲ့ ကြံ့ခိုင်ရေးသတင်းထောက်တွေက ဖေ့စ်ဘွတ်ခ် ပရိုဖိုင်မှာ NUG လိုဂိုတင်ထားတဲ့အတွက် ထပ်မံတိုင်ကြားလို့ ဒီဇင်ဘာ ၁၇ ရက်မှာ စရဖအဖွဲ့က ထပ်မံဖမ်းဆီးပြီး ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပေမဲ့ အဲဒီနေ့က အမိန့်မချဘဲ ရွေးကောက်ပွဲ ဝင်ပြိုင်ခိုင်းကာ ဒီကနေ့မှ ဦးလွင်မြင့်ကို အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တာပါ။

    စစ်အုပ်စုရဲ့ ဝါဒဖြန့် ကြံ့ခိုင်ရေးသတင်းထောက်တွေရဲ့တိုင်ကြားချက်ကြောင့် ပီသုံးလုံး ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နဲ့ လေဘာပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ တို့ကို UEC က ကိုယ်စားလှယ်အဖြစ် ရပ်နားခဲ့ပါတယ်။

  • ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထားကြောင်း AA ပြော

    ရခိုင်ဘိုးဘွားများ ဆုံးရှုံးထားသော အချုပ်အခြာ ပိုင်နက်နယ်မြေများကို အလုံးစုံ မသိမ်းပိုက်နိုင်သေးသော်လည်း ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများ လက်ထဲသို့ ပြန်လည်အပ်နှံထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် ULA/AA က ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။

    ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA မှ ၁၅ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ အခမ်းအနားသို့ ပို့ပေးသော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။

    ၁၇၈၄ ခုနှစ်ကတည်းက ကျဆုံးသွားသော ရခိုင့်အချုပ်အခြာအာဏာကို ပြန်လည် ရရှိနိုင်ရေး တော်လှန်တိုက်ထုတ် ကြိုးပမ်းမှုများမှာ တစ်ရက်မှ ရပ်တန့်ခြင်းမရှိဘဲ ယနေ့အထိပင် ဖြစ်ကြောင်း AA က ပြောသည်။

    ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် မျိုးဆက်အလိုက် တော်လှန်ခဲ့ကြသော်လည်း ထိရောက်သော တော်လှန်မှု၊ တော်လှန်ရေးအောင်ပွဲများ မရယူနိုင်ခဲ့ကြဘဲ နှစ်ပေါင်းရာချီ ကြာမြင့်ကာ တော်လှန်ရေးခရီးသက်တမ်း ရှည်ကြာနေခဲ့ရသည်ဟု ဆိုသည်။

    သို့သော်လည်း လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့/အာရက္ခတပ်တော် ULA/AA လက်ထက်တွင် ရခိုင်ဘိုးဘွားများ ဆုံးရှုံးထားသော အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ပြန်လည်ရရှိထားပြီဖြစ်ကြောင်း AA က ပြောသည်။

    ရခိုင်ပြည်မှာ နှစ်ပေါင်းများစွာ ကတည်းက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် အေးချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြပြီး ယင်းဒေသကို အတူတကွ စုပေါင်းတည်ဆောက်၍ စုပေါင်းကာကွယ်ခဲ့ကြကြောင်း ဆိုသည်။

    ရခိုင်ထီးနန်း မကျရှုံးမီအထိ ရခိုင့်နိုင်ငံတော်အတွင်း အတူတကွ နေထိုင်ခဲ့ကြစဉ် ကာလများအတွင်းမှာလည်း လူမျိုး တစ်မျိုးနှင့်တစ်မျိုးကြား အချင်းချင်းကြားတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်များကို အပြန်အလှန် တန်ဖိုးထားကာ ချစ်ခင်မြတ်နိုးစွာ သဟဇာတရှိရှိ နေထိုင်ခဲ့ကြကြောင်း ပြောသည်။

    ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခဲ့ရပြီးနောက်ပိုင်းတွင် ရခိုင်ပြည်အတွင်းနေ လူမျိုးအသီးသီးတို့သည် စစ်ရှုံးသူတို့၏ သဘောသဘာဝအတိုင်း တစ်ယောက်ကိုတစ်ယောက် အကူနိုင်ဘဲ ရှိခဲ့ကြသည်။

    လူမျိုး တစ်မျိုးနှင့်တစ်မျိုးတို့သည် ဖိနှိပ်သူ နယ်ချဲ့ရန်သူ၏ သွေးခွဲသပ်လျှို ဖြိုခွဲအုပ်ချုပ်မှု၊ ဖိနှိပ်မှုတို့အောက်တွင် အဖိနှိပ်ခံ ဘဝတူ လူမျိုးများအဖြစ်ဖြင့်သာ အတူတူရှိနေလျက် ဝေးနေရသောသူများကဲ့သို့ ဖြစ်နေခဲ့ရသည်ဟု AA က ဆိုသည်။

    ယင်းကြောင့် ရခိုင်ပြည် ဒေသတစ်ခုလုံးမှာ အဘက်ဘက်က ချွတ်ခြုံကျသွားပြီး လူမျိုးအားလုံးသည်လည်း လူရုပ်မပေါက် ဖြစ်ခဲ့ရကြောင်း AA က ပြောသည်။

    သက္ကမလူမျိုးများအပါအဝင် ရခိုင်ပြည်အတွင်း နေထိုင်ကြသော ရခိုင်ပြည်နှင့် အာရက္ခလူမျိုးအပေါ် သစ္စာစောင့်သိကြသော လူမျိုး ကြီးငယ်မဟူ အားလုံးတို့သည် ရခိုင်ပြည်အား ကျူးကျော်သူ နယ်ချဲ့ရန်သူတို့၏ လက်အောက်သို့ မကျရောက်စေရန် အတူတကွ စုပေါင်းကာကွယ်ခဲ့ကြသည်မှာ အတိတ်သမိုင်းတွင် အထင်အရှားရှိခဲ့သည်။

    ယင်းနည်းတူ ပစ္စုပ္ပန်မျက်မှောက်ကာလတွင်လည်း ရခိုင်ပြည်အတွင်း နေထိုင်သူများအားလုံးမှာ ရခိုင်ပြည်အား အတူတကွ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ကို သတိမူကြရမှာဖြစ်ပြီး ဘိုးဘွားတို့၏ သမိုင်းပေးတာဝန်ကို အမျိုးသားရေး အသိစိတ်ဖြင့် ထမ်းဆောင်ကြရမည်ဟု AA က ပြောသည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော သက္ကမလူမျိုးများ၏ အလေးအမြတ်ထား ဂုဏ်ယူဖွယ်ရာနေ့ သက္ကမအမျိုးသားနေ့ကို သက္ကမလူမျိုးများနှင့်အတူ ထပ်တူထပ်မျှ ဂုဏ်ယူကြောင်းလည်း UL/AA က သဝဏ်လွှာပေးပို့ ချီးမြှင့်ခဲ့သည်။

    အခြားတစ်ဖက်တွင်လည်း လက်ရှိ ရရှိထားသော စစ်ရေးအောင်မြင်မှုများနှင့်အတူ ရခိုင့်ဘိုးဘွားပိုင် နယ်မြေများအား ရန်သူနယ်ချဲ့ ဖက်ဆစ်ကျူးကျော်သူများ လက်ထဲသို့ ထပ်မံ မပါသွားရလေအောင် အတူတကွာ ကာကွယ်ရမည်ဟု ဆိုသည်။

    ရခိုင်ပြည်အတွင်း နေထိုင်ကြသော လူမျိုးများအားလုံးသည် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ချစ်ခင်မှု၊ ဂါရဝပြု တန်ဖိုးထားမှုများအား အရင်ကထက် ပိုမိုအားကောင်းလာရန် တည်ဆောက်ရင်း ရခိုင်ပြည်တည်ဆောက်ရေးကို အတူတကွ ပူးပေါင်း တည်ဆောက်သွားကြရမည်ဟု ULA/AA က တိုက်တွန်း ပြောဆိုထားသည်။

    သက္ကမလူမျိုးများ၏ အလေးအမြတ်ထား ပျော်ရွှင်ရသော အမျိုးသားနေ့နှင့်အတူ ကမ္ဘာ့အလယ်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သော လူမျိုးတမျိုးဖြစ်ပါစေကြောင်းလည်း ULA/AA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

  • ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ပြည်သူအယောက် ၃၀ ကျော်သေဆုံးခဲ့ ရပြီလို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။

    အကြမ်းဖက်စစ်အုပ်စုကြောင့် ဇန်နဝါရီလ ၁ ရက်ကနေ ၇ ရက်နေ့အထိ အမျိုးသမီး ၈ ဦး နဲ့ အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာကို နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကပြောပါတယ်။

    တချိန်တည်းမှာပဲ အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား ၁၆ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ AAPP ကဆိုပါတယ်။

    အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူအများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၂ ဦးဖြင့် သေဆုံးသူအများဆုံးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ပြည်သူစုစုပေါင်း ၇၆၆၉ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန် ထားပါတယ်။

  • ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ

    ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် – AA၊ တအာင်းတပ်-TNLAနဲ့ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ MNDAA ရုံးတချို့မှာ မြန်မာနိုင်ငံအလံ လွင့်ထူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ရေးဇုန်ဖြစ်တဲ့ အဲဒီ ၁၀၅ မိုင်က MNDAA ရုံးဌာနတချို့မှာ မနေ့ ဇန်နဝါရီ ၇ ရက်ကစပြီး မြန်မာနိုင်ငံတော်အလံ စလွှင့်ထူတာလို့ ဆိုပါတယ်။

    ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “သူတို့နေတဲ့ရာတိုင်းထောင်တာမျိုးတော့ မဟုတ်ဘူး။ အရေးကြီးတဲ့ ရုံးတချို့ပဲ မြန်မာနိုင်ငံအလံထောင်တာ” လို့ ပြောပါတယ်။

    ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက် လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ တွေ့ဆုံပြီးတဲ့နောက် လားရှိုးကနေ သီပေါအထိ သူတို့ဂိတ်တွေကို ဖယ်ရှားခဲ့ပါတယ်။

    အဲဒီနောက်မှာပဲ တရုတ်က သူ့နိုင်ငံထဲ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ချက်တွေရှိတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှာတရုတ်က တင်ပို့ခွင့် ပြန်ပြုပေးခဲ့ပြီး ကြံနဲ့ ပြောင်းဖူးစတဲ့ ကုန်တင်ကား ရာနဲ့ချီဟာ ချင်းရွှေဟော်ဂိတ်ကနေ ကုန်သွယ်နေတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ​လက်ရှိ ကုန်သွယ်ရေးအပြည့်အဝ မဖြစ်မြောက်သေးတဲ့ ၁၀၅ မိုင်မှာ MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူတာဟာ တရုတ်-မြန်မာ ကုန်သွယ်ရေး ပုံမှန်ပြန်လည်ပတ်စေဖို့ လက္ခဏာဖြစ်တယ်လို့လည်း အကဲခတ်သူတချို့က ဆိုကြပါတယ်။

    ဒါ့အပြင် မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီမြို့က ကိုးကန့်ရုံးတွေမှာလည်း ကိုးကန့်တပ်က မြန်မာနိုင်ငံအလံ လွှင့်ထူထားတာကို တွေ့ရပါတယ်။

  • စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    စစ်တပ်ကို ဝေဖန်သူအား K Pay အဝင်အထွက်ဖြင့် အကြောင်းပြ ဖမ်းဆီး

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်ဟု ဆိုကာ ဖမ်းဆီးရန် လှုံ့ဆော်ခံရသည့် အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရန်ကုန်မြို့ လှိုင်မြို့နယ်နေအိမ်၌ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay အဝင်အထွက်များသည်ဟုဆိုကာ အကြောင်းပြ ဖမ်းဆီးခံရသည်။

    လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် ဦးကြည်မျိုးဇော်(ခ) ဦးကြည် ဆိုသူကို လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများ ရေးသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဝါဒဖြန့်စာမျက်နှာတစ်ခုက ဖမ်းဆီးရန် ပြီးခဲ့သည့်ရက်များက လှုံ့ဆော်ခဲ့သည်။

    ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် နေအိမ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် အရပ်ဝတ် လူရှစ်ဦးခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

    “ရပ်ကွက်ရုံးကို ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားကြတယ် ပြောတယ်။ ၄၅ မိနစ်လောက်ကြာတော့ သူ့အိမ်ကို ဖုန်းဆက်လာတယ်။ ဖုန်းကို ယူခဲ့ပြီး ရပ်ကွက်ရုံးကို လိုက်လာဖို့ ပြောတယ်။ ဖုန်းသွားပေးပြီး ပြန်လာခဲ့တယ်ပေါ့။ ညရောက်တော့ ရုံးကိုသွားစုံစမ်းတော့ အားလုံးမရှိကြတော့ဘူး။အဲဒီကနေ ဒီနေ့အထိ အဆက်အသွယ်မရတော့တာ”ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

    “(ရပ်ကွက်) ရုံးက ပြောလိုက်တာက K Pay အဝင်အထွက်တွေ များတယ်ပေါ့။ သူက ဘာလုပ်တာလဲ ပြန်မေးတယ် ပြောတယ်။ ချိုင့်ဆွဲထမင်းဟင်း ဈေးရောင်းမှတော့ အဝင်အထွက်တွေတော့ ရှိတာပေါ့။ ဒါကို K pay ကြောင့် ဖမ်းတာဆိုပြီးပြောတယ်”ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

    KBZ ဘဏ်၏ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay (KBZ Pay) တွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့သည်ဟု ယူဆရသော ငွေကြေးလွှဲပြောင်းမှုများ၊ တော်လှန်ရေးဆက်နွှယ်သူများ၏ ငွေကြေးအကောင့်များကို စစ်တပ်က ပိတ်သိမ်းခြင်း၊ အကောင့်နှင့် ဆက်စပ်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

    ဦးကြည်မျိုးဇော်သည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အစောပိုင်းကလည်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ၅၀၅(က)ဖြင့် ဖမ်းဆီးခံရပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်ဟု သိရသည်။

    ၎င်းသည် နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနှင့် ကျောက်ကပ်ရောဂါဝေဒနာတို့ ခံစားနေရပြီး ဆေးစွဲသောက်နေရသူဖြစ်သည့်အတွက် ၎င်း၏ကျန်းမာရေးကို အထူးစိတ်ပူနေရသည်ဟု အထက်ပါ မိသားစုနှင့်နီးစပ်သူက ဆိုသည်။

    စစ်တပ်ဝါဒဖြန့်သူများက ထုတ်ပြန်ထားသော ဦးကြည်၏ ဓာတ်ပုံနှင့် ဖမ်းဆီးရန်လှုံ့ဆော်ရေးသားမှုတစ်ခု။

    “အစကတည်းက သူက နှလုံးအဆီဖုံးတာရယ်၊ နှလုံးအဆို့ရှင်ကျဉ်းတာရယ်ရှိတယ်။ နောက်ပြီးတော့၂၀၂၁ မှာ စစ်ကြောရေးမှာ သူ ကျောက်ကပ်ကို ထိထားတယ်၊ ကျောက်ကပ်ကလည်း သိပ်မကောင်းဘူး။ စစဖြစ်တုန်းကတော့ ဆေးရုံမှာပြတယ်။ အခုစီးပွားရေးအခြေအနေကြောင့် မပြနိုင်တော့ဘဲ ဆေးပဲ စွဲသောက်နေရတာလို့ပြောတယ်”

    ဦးကြည်မျိုးဇော်(ခ)ဦးကြည်သည် အာဏာမသိမ်းမီက ရန်ကုန် YBS ယာဉ်မောင်းတစ်ဦးဖြစ်ပြီး၊ ၎င်းထောင်မှ လွတ်မြောက်လာသည့်၂၀၂၃ ခုနှစ်တွင် ယာဉ်မောင်းအလုပ် ပြန်မလုပ်ကိုင်တော့ဘဲ လပေးဖြင့် ချိုင့်ဆွဲဟင်းချက်ရောင်းသည့်အလုပ်ကိုသာ လုပ်ကိုင်နေကြောင်းသိရသည်။

    “YBS မောင်းတုန်းက သူက တော်တော်လေးကို ခရီးသည်တွေအပေါ်မှာ ဂရုစိုက်လွန်းအားကြီးတော့ YBS လောကမှာ တအားကိုနာမည်ကြီးတာ။ ထောင်ကထွက်လာတော့ မလုပ်တော့ဘဲ ထမင်းဟင်းလပေး ချိုင့်လေးတွေပို့တာပေါ့နော်”ဟု ဦးကြည်နှင့်ရင်းနှီးသည့် အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

    ဦးကြည်အား ဖမ်းဆီးထားကြောင်း လက်ထိပ်ခတ်၍ ဒူးထောက်ထားသည့် ဓာတ်ပုံနှင့်တကွ စစ်တပ် ဝါဒဖြန့်စာမျက်နှာများက ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက်က ဖော်ပြထားသည်ကို တွေ့ရသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ မြို့ကြီး၊ မြို့ငယ်များတွင် လူမှု ကွန်ရက်တွင် ရေးသားရုံမျှဖြင့် စစ်တပ်ကို ဆန့်ကျင်သည်ဆိုကာ ရဟန်း ၊ဆရာဝန်၊ ရှေ့နေ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် NLD ပါတီထောက်ခံကြသူများ၊ ကျောင်းသားလူငယ်များ၊ သက်ကြီးရွယ်အိုများပါမချန် ဖမ်းဆီးထောင်ချခံနေကြရသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့သူ စုစုပေါင်း ၃၀,၂၃၅ ဦးရှိပြီး ထိုအထဲမှ ၂၂,၆၉၂ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၁,၄၃၇ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်။