Category: News

  • ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်

    ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်

    မကွေးနဲ့ မင်းဘူးမြို့အဝင်အထွက်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲနေပြီး ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်လို့ဆို


    မကွေးတိုင်း၊ မကွေးမြိုနဲ့မင်းဘူးမြို့နယ်တွေမှာ ခုရက်ထဲ စစ်ရှောင်တွေနဲ့စျေးဝယ်သူတွေကို လမ်းဆုံတွေနဲ့ မြို့အ၀င်တွေမှာ ပုံစံမျိုးစုံနဲ့စစ်ဆေးပြီး အမျိုးသားအများစုကို စစ်မှုထမ်းအဖြစ်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းလောက်က မကွေးမြို့ မင်းဘူး-မကွေးလမ်းဆုံအနီးမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တချို့က အရပ်၀တ်တွေနဲ့ ဆိုင်ကယ်၊ ကားတွေကိုတားဆီးစစ်ဆေးပြီး ရွာဘက်ကလို့ယူဆရသူတွေကို အဓိကစစ်မှုထမ်းဖို့ဖမ်းဆီးတယ်လို့ သိရပါတယ်။

    “ရွှေစက်တော်ဘက်ကလာတဲ့သူတွေ အဖမ်းခံရတာများတယ်၊ မင်းဘူး-မကွေးလမ်းဆုံနဲ့ မင်းဘူမြို့အဝင် ဆိုင်းဘုတ်အကျော်တွေမှာ ခုရက်အဖမ်းခံရတာများတယ်၊ ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကစဖမ်းတာပါ၊ တစ်ရက်ကို မကွေးမြို့ပေါ်တင်ဆွဲတာ လူ ၃၀ လောက်ရှိတယ်” လို့ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

    စစ်မှုထမ်းဖမ်းဆီးတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိမဟုတ်တော့ဘဲ ၃၅ နှစ်အထက်တွေကို ဖမ်းဆီးခွင့်ပေးထားတယ်လို့သိရကာ ကိုယ်လက်အင်္ဂါသန်စွမ်းသူ ကျန်းမာသူဖြစ်ပါက စစ်မှုထမ်းထဲထည့်ဖို့ပါမှာထားတယ်လို့ သိရပါတယ်။

    “ယောက်ျားမှန်သမျှ စစ်မှုထမ်းထဲလိုက်ရတော့မယ်ထင်တယ်၊ ပြီးခဲ့တဲ့အသုတ်ကစပြီး ၃၅ နှစ်အထက်တွေပါသွားတယ်၊ ကျန်းမာရေးကောင်းရင် လိုက်ရမယ်ဆိုပြီး ကန့်သတ်ထားလိုက်ကြတယ်ပြောတယ်” လို့ မကွေးဒေသခံတစ်ဦးက မြို့တော်ကိုပြောပါတယ်။

    စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ မှာ လုပ်မှာဖြစ်တာကြောင့် ခုလို ကြိုတင်လူစုဆောင်းနေတာ ဖြစ်နိုင်တယ်လို့သိရပြီး စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမှာ လုံခြုံရေးစိုးရိမ်ရလို့ ခုကာလမှာ ကြိုတင်လူစုဆောင်းတာဖြစ်နိုင်တယ်လို့ သိရပါတယ်။

  • သွေးတိုးဆေး ပုံမှန်မသောက်လို့ထင်တယ်ဆိုလို့

    သွေးတိုးဆေး ပုံမှန်မသောက်လို့ထင်တယ်ဆိုလို့

    သွေးတိုးဆေး ပုံမှန်မသောက်လို့ထင်တယ်ဆိုလို့ သွေးတိုးဆေးလည်း မနက် ည ပုံမှန်သောက်ပါတယ်

    သွေးကျဲဆေးလည်းသောက်ပါတယ်

    မေမေက ညနေ ၃ နာရီခွဲလောက်မှာ ရေချိုးပါတယ်

    ရေချိုးရင်း ခေါင်းတွေပူနေလို့ ခေါင်းလျှော်တာ

    ခေါင်းရေလောင်းတာ ၃ ခွက်မြောက်လောက်မှာပဲ မူးတယ် မူးတယ် မရတော့ဘူးဆိုပြီး ရေထိုင်ချိုးနေရင်း ခေါင်းငိုက်သွားပါတယ်

    ခဏချင်းပဲ သွေးတိုးဆေးတိုက်ပါ

    လက်ထိပ်တွေ သွေးဖောက်ပစ်ဆိုပြီး အသိစိတ်ရှိပြီး လုပ်ခိုင်းနေပါသေးတယ်

    သွေးဖောက်နေရင်းမှာပဲ ဝမ်းသွားချင်တယ် အန်ချင်တယ်ပြောပြီး အန်လည်းအန်ချ ဝမ်းတွေလည်းအများကြီးသွားပါတယ်

    ရေချိုးခန်းထဲဖြစ်နေတာမို့ ကုတင်ပေါ်ကို အဖေနဲ့ ယောကျာ်းက မရွှေ့ကြရတယ်

    ကုတင်ပေါ်ရောက်တော့လည်း ဝမ်းသွားချင်တယ် သေးပေါက်ချင်တယ်ပြောပြီး ဆီးခွက်ခံပေးထားရပါတယ်

    ကိုယ်ကတော့ ဘေးမှာ သတိပေးနေရင်း သွေးပေါင်ချိန်တော့ အပေါ်သွေးက ၂၅၀ ဖြစ်နေပါတယ်

    အဲ့ဒါမို့ ပဲခူးဆေးရုံသွားဖို့ ပြင်ကြပါတယ်

    အဖြစ်အပျက်အကုန် ကြာချိန်က နာရီဝက်တောင်မရှိပါဘူး

    သတိပေးပြီးခေါ်နေတဲ့ကြားကနေ မေမေက ဆေးရုံမသွားခင်ကပဲ စကားမေးကိုမရတော့ပါဘူး

    ဆေးရုံရောက်တော့ ဆရာဝန်တွေကချက်ချင်းစစ်ပေးပါတယ်

    ဦးနှောက်သွေးခဲသလို လက္ခဏာဖြစ်တယ်ပြောပါတယ်

    အခြေအနေကမကောင်းလို့ မိသားစုတွေ စိတ်ခိုင်ခိုင်ထားဖို့ပြောပြီး သူတို့လုပ်စရာရှိတာတွေလုပ်ပေးပါတယ်

    မေမေကတော့ အဲ့ဒီအချိန်မှာလည်း သတိမလည်ပါဘဲ အသက်ကိုအားယူပြီးရှုနေရသလိုဖြစ်နေပါတယ်

    ခေါင်းဓာတ်မှန်ရိုက်ဖို့ ပြင်ဆင်ကြရင်းနဲ့ပဲ ညဘက်ရောက်တော့ မေမေဆုံးသွားပါတယ်

    တနေကုန် အကောင်းပါ

    စားစရာရှိတာစား ပြောစရာရှိတာပြောပြီး အကောင်းတိုင်းကြီးရှိနေခဲ့တာပါ

    ခုတော့

    သူချစ်ရတဲ့ တိရိစ္ဆာန်လေးတွေနဲ့ မိသားစုကိုအပြီးခွဲသွားခဲ့ရတယ်

    အဲ့ဒါမို့ စာလေးဖတ်ပြီး ဆင်ခြင်လို့ရအောင် မေမေဆုံးရတဲ့အကြောင်းရင်းလေးကို တင်ပေးရတာပါ

    ခေါင်းမလျှော်ဖို့တားလိုက်ပေမယ့် မေမေကလောင်းချမိလိုက်ပြီးဖြစ်နေတာမို့ ငါသာ တကယ်တားနိုင်ခဲ့ရင် ဒီနေ့လိုအဖြစ်မျိုးရှိခဲ့မှာမဟုတ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်နောင်တရလို့လည်းမဆုံးပါဘူးရှင်

    ၂ ယောက်တည်းပုံက ဒီပုံလေးကနောက်ဆုံးပဲ

    မနက်ဖြန်ဆို မေမေ့ရက်လည်နေ့

    မြန်မာအယူဆို မေမေအိမ်မှာနေရတဲ့ နောက်ဆုံးနေ့

    အိမ်လေးကကျဉ်းတော့ ဘယ်နေရာကြည့်ကြည့် မြင်ယောင်နေပြီး လွမ်းစရာတွေချည်းပဲ

    ရုတ်တရက်ကြီးဆိုတော့ ခံစားရတယ်

    အပြစ်ရှိသလိုလည်း ခံစားရတယ်

    Su Thet Hnin

  • အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်

    အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်

    သပိတ်ခေါင်းဆောင်တွေမြို့တွင်းက ပြန်မထွက်သေးဘူးဆိုကာ စစ်တပ်က ရှောင်တခင်ရှာဖွေစစ်ဆေးမှုတွေ ဆက်တိုက်လုပ်

    အသံတိတ်သပိတ်မတိုင်မီ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်တင်းကျပ်

    မြို့တွင်းကနေ ဆန္ဒပြသပိတ်ခေါင်းဆောင်တွေပြန်မထွက်သေးဘူးဆိုကာ မန္တလေးမြို့မှာ စစ်ကော်မရှင်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီး လမ်းတွေမှာရှောင်တခင်စစ်ဆေးတာ‌‌တွေနဲ့ နေအိမ်တွေကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ဒီဇင်ဘာ ၈ ရက် မနေ့ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုထောင်အနီးနဲ့ ညောင်ကွဲရပ်ကွက်တွေက နေအိမ်တချို့ကို ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဓာတ်ပုံတွေပြကာ တွေ့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဧည့်စာရင်းစစ်ဆေးတဲ့စစ်ကော်မရှင်တပ်သားတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    “နေ့တိုင်းမြို့အစွန်ရပ်ကွက်တွေမှာ လုံခြုံရေးချထားတယ်။ ရဲကားနဲ့စစ်ကားတွေလည်း မြို့ထဲတောက်လျှောက်ပတ်နေတာ။ တချို့နေရာတွေဆို ရဲတွေကို အပြည့် တနေကုန်ကင်းချထားတာမျိုးလည်း တွေ့ရတယ်” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    မန္တလေးအခြေစိုက် စစ်ကော်မရှင်တပ် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)တဦးကတော့ ဆန္ဒပြသပိတ်လုပ်ဆောင်သူတွေဟာ မန္တလေးမြို့တွင်းမှာပဲရှိနေနိုင်သေးပြီး အလွန်ဆုံးမြို့နီးအစပ်မှာပဲရှိနိုင်သေးတာကြောင့် မိအောင်ဖမ်းဆီးမယ်ဆိုကာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

    ဒါ့အပြင်မြို့တွင်းက အများပြည်သူစည်ကားရာ ဈေးတွေမှာလည်း ဆန္ဒပြခံရပြီးနောက်တရက် ဒီဇင်ဘာ ၄ ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်အထိ လုံခြုံရေးတွေချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာလည်း အသံတိတ်သပိတ်ပြုလုပ်ဖို့ ကြေညာထားတာကြောင့် မန္တလေးမြို့ကို လုံခြုံရေးပိုကြပ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

    ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက စစ်ခေါင်းဆောင် မန္တလေးမြို့ရောက်ရှိနေချိန် လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက လူစည်ကားရာမန္တလေးစျေးချိုအနီးမှာ ဒေါက်တာတေဇာဆန်းဦးဆောင်တဲ့ သပိတ်အဖွဲ့တွေဟာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။

    အဲ့ဒီနေ့ကတည်းက မန္တလေးမြို့မှာ သပိတ်ခေါင်းဆောင်တွေကိုရှာဖွေဖို့ မြို့တွင်းမှာစစ်ဆေးမှုတွေတင်းကျပ်နေပြီး မြို့တွင်းနေရာအများအပြားမှာ လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ချထားတာလို့ မြို့ခံတွေဆီက သိရပါတယ်။

  • မြန်မာတစ်ဦးသတ်ပြီး အလောင်းကို ပုံးထဲစွန့်ပစ်ထား

    မြန်မာတစ်ဦးသတ်ပြီး အလောင်းကို ပုံးထဲစွန့်ပစ်ထား

    အခင်းဖြစ် သွားတာက 28.11.2025 နေ့က၊ အလောင်းတွေ့တာက 5.12.2025 နေ့က၊ တရားခံကို ခုထိ မမိသေးဘူးလို့ သိရတယ်။

    ဖြစ်စဉ်က ကျန်ထပူလီ မြို့မှာ မြန်မာ ၁ ဦးရဲ့ အလောင်းကို 50လီတာ ဆန့် ရေပုံး ထဲမှာ ထည့်ထား ခဲ့တာ။

    ဆုံးသွား သူက အ€-တ်ခံရပီး၊ရေပုံးထဲမှာ အလောင်းလာဖျောက် ခံရ ခဲ့တာ။

    အလောင်းကို အိတ်နဲ့ ၂ ထပ်၊ထုပ်ထားပီး၊အထဲမှာ မြန်မာပုဆိုး ၁ ထည်၊ အဝတ်မဲ ၁ ခု။

    ဆုံးသူ အရပ် အမြင့် (170cm၊ ကျောနောက်မှာ ဆေးမင် ထိုးထားတယ်။

    ရင်ဘတ်၊မျက်နှာ မှာဒဏ်ရာတွေ၊ တုတ်ကြီးကြီးနဲ့ ရိုက်ထား သလိုမျိုး၊ စစ်ဆေး တွေ့ရ တယ်။

    အလောင်းကို စတွေ့တာက၊ အဲနားမှာ တောင်ရာ လုပ်သူ​တွေ အလုပ်သွားရင်း ပုံးထဲက အနံ့က ခွေးပုပ်နံ့ ထင်လို့၊ သွားကြည့်ရာမှာ၊ သိသွားခဲ့ကြတာ။

    ရဲတွေ CCTV နဲ့ တရားခံကို ရှာတော့၊ ဖြစ်ချင်တော့၊

    CCTV မှတ်တဲ့ Memory က ပြည့်သွားပီ တဲ့ရှင့်။

    နောက်ဆက်တွဲ၊ ဘာဖြစ် ကြတယ် ဆိုတာ Memory ပြည့်သွားတော့ ကြည့်မရတော့ဘူး။

    ရွာသားတွေ ပြောပြချက် အရ၊ 28.11.2025ည 12နာရီ ကျော်က ခွေးတွေ ဟောင်လို့ ဘယ်သူဆိုတာ၊ ထမကြည့် ရဲကြဘူး။

    ည 2:00 လောက်မှာ ခွေးဟောင် သံက တိတ်သွားတယ်လို့ ပြောပြတယ်။

    အဲနောက် မြန်မာ ၁ ဦး၊ရောက်လာပီး၊ သူ့သူငယ်ချင်းကို ဆက်သွယ် မရတာ ရက်ကြာနေပီ။

    ဖုန်းဆက်လဲ မကိုင် ဘူးတဲ့ရှင့်။

    အလောင်းကို ရဲက ကျန်ထပူလီမြို့ ဆေးရုံ၁ရုံကို ပို့ထားပီး၊ စစ်ဆေး နေတယ်။

    ပုပ်ပွနေတော့ မြင်မကောင်း တော့ဘူး။

    မိသားစုဝင်၊အမျိုးတွေ ပျောက်ကြ သူရှိရင်၊ ကျန်ထပူလီ ပုလိပ်ရုံးတိုင်းမှာ လာရောက် တိုင်ကြားနိုင် ပါတယ်လို့ ၊ပြောပြ လာပါ တယ်ရှင့်။

    (တရားခံကို ခုထိ မမိသေးဘူးလို့ သိရတယ်။ အမှန်တရားအမြန်ပေါ်ပါစေ။ )

  • ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    မနက်ဖြန် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်၊ အသံတိတ် သပိတ် (Slinet Strike) တွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ အသံတိတ် သပိတ်၏ ရည်ရွယ်တောင်းဆိုချက်အနေဖြင့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေး ၊ စစ်အုပ်စု၏အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လုံး၀ ဆန့်ကျင်ရေး၊ စစ်အုပ်စု၏ အဓမ္မ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ရေး ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

    “Silent Strike အပြင်မထွက် အသံတိတ် သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ”ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က အသံတိတ် သပိတ် ဖြစ်မည်ကို အလွန်စိုးရိမ်နေပြီး စျေးများ၊ ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများ မပိတ်ရန်၊ ပိတ်ထားသော ဆိုင်၊စျေး၊ အလုပ်ရုံနှင့်ကုမ္ပဏီများကို အရေးယူရန် ၊ ပြည်သူများပါဝင်သော လမ်းပေါ် လှုပ်ရှားမှုများ၊ စျေးရောင်းပွဲတော်များ ဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ထားသည်။

    ကြံ့ဖွတ်ပါတီကလည်း အသံတိတ်သပိတ်ကို ဖျက်ဆီးရန် ဒီဇင်ဘာလ ၁၀ ရက်နေ့ မဲဆွယ်စည်းရုံးသော လှုပ်ရှားမှုများကို ပါတီဝင် အင်အားအများအပြားဖြင့် ဆောင်ရွက်ရန် ကြံ့ဖွတ်ဗဟိုက မြို့နယ်ကြံ့ဖွတ်ပါတီများနှင့် အမတ်လောင်းများထံသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

    အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန် ဆားလင်းကြီးနှင့် ရေစကြိုမှ ဒေသခံများ နှိုးဆော်

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် နှင့် မကွေးတိုင်း ၊ ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသ ခံများသည် အသံတိတ်သပိတ် ( Silent Strike ) တွင် လူထု ပူးပေါင်း ပါဝင်ရန် နှိုးဆော်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ရွှေဗန့်ဂျီ ရွာပေါင်းစုံ သပိတ်အင်အားစုက ယနေ့ ( ဒီဇင်ဘာလ ၉ ရက်) တွင် သတင်း ထုတ်ပြန်သည်။

    ကျေးရွာ ၁၄ ရွာမှ ဒေသခံများသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပါဝင်ရန် နှိုးဆော်ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် ထိုလူထုလှုံ့ဆောင်မှုအတွင်း အသံတိတ် သပိတ်၌ ပါဝင်ရေး အသံချဲ့စက်များဖြင့် ဆော်သြခြင်း ၊ ဒေသခံပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ နံရံကပ် စာစောင်များ ကပ် ၍ အသိပေးလှုံ့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဓါတ်ပုံများ နှင့် တကွဖော်ပြထားသည်။

    ယင်းအပြင် ဒေသခံပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်တွင် အပြင်မထွက်ခြင်း ၊ မြို့ကြီးများသို့ ခရီးသွားခြင်းများ မပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့ကြောင်း ရွှေဗန့်ဂျီသပိတ် အင်အားစုအဖွဲ့ က တိုက်တွန်းထားသည်။

    အလားတူ ယနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတား အနီး၌ ရွေးကောက်ပွဲ ဆန့် ကျင်ရေး ၊ အသံတိတ်သပိတ်တွင် ပါဝင်ကြရေး နှင့် စစ်ကော်ရှင်ကို ပုန်ကန်အံတုရေး အတွက် ဆိုင်းဘုတ်ချ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်လူထုသပိတ်အဖွဲ့ က ဆောင်ရွက်ခဲ့သည်။

    ဒေသအလိုက် သပိတ်အင်အားစုများက အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် လှုံ့ဆော်ခြင်း နှင့် စစ်ကောက်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုနေကြသည်။