Category: News

  • တောင်သာနယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုဗုံးကြဲတာမှာ နေပြည်တော်ညွှန်ချုပ်ပိုင်ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီး

    တောင်သာနယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုဗုံးကြဲတာမှာ နေပြည်တော်ညွှန်ချုပ်ပိုင်ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီး

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ခတ်လို့ နေ ပြည်တော်ညွှန်ချုပ်မိသားစုပိုင်တဲ့ ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

    ရုံးစည်ကြီးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်အုပ်စုက ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ခြောက် ကြိမ်ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားခဲ့လို့ စစ်အုပ်စု ဗိုလ်မှူးကြီးအငြိမ်းစားရဲ့ ညီဖြစ်သလို နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ်မိသားစု ပိုင်ဆိုင်တဲ့ ကုန်စုံဆိုင်ပါ ဗုံးသီးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့တာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာကလည်း ဆိုပါတယ်။

    “တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဲဒီ ရုံးစည်ကြီးရွာထဲကနေ ရဲဘော်တွေက ဖြတ်သွားတာပေါ့။ အဲဒါသတင်းရပြီး တော့ ညနေခင်းလောက်မှာ လေယာဉ်နဲ့ ခြောက်ကြိမ် ဗုံးလာကြဲသွားတာ” လို့ တောင်သာနယ်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့ နေပြည်တော်ညွှန်ချုပ်မိသားစုပိုင် ကုန်စုံ ဆိုင်ထဲက လက်ကျန်ပစ္စည်းတွေကို စစ်အုပ်စုတွေက လုံခြုံရေးယူပြီး နေရာပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း လူထု လှုပ်ရှားမှုကော်မတီ တောင်သာက ဆိုပါတယ်။

    တောင်သာနယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုက အခုလို ဗုံးကြဲပစ်ခတ်လို့ ဆရာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    “အသက် ၅၀ ဝန်းကျင်အရွယ် ဆရာ တော်တစ်ပါးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဗုံးစထိမှန် ဒဏ် ရာရသွားလို့ ဆေးဝါးကုသမှု ခံယူနေပါတယ်”လို့ တောင်သာနယ် ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်အုပ်စု လေကြောင်းဗုံးကြဲပစ်ခတ်ခဲ့လို့ ရုံးစည်ကြီးရွာ အုတ်ကျောင်းတိုက်အတွင်းရှိနှစ်ထပ်ကျောင်းဆောင် တစ် ဆောင်နဲ့ ဆရာတော်တွေစီးတဲ့ ကားနှစ်စီး အပါအဝင် နေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ရုံးစည်ကြီးရွာက စစ်အုပ်စုအထိုင်စခန်းတွေကို တော်လှန်ရေးရဲဘော်တွေ လာရောက်တိုက်ခိုက်မှာ စိုး ရိမ်တဲ့အတွက် စစ်အုပ်စုက ရွာထဲနဲ့ရွာအနီးဝန်းကျင်မှာ အင်အားတိုးချထားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကဆို ပါတယ်။

    ရုံးစည်ကြီးရွာထဲက စစ်အုပ်စု အထိုင်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏဝင်ရောက်တိုက် ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းက ရုံးစည်ကြီးရွာ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု သုံးပွင့်ဗိုလ်ကြီးအပါအဝင် လေး ယောက်ထိခိုက်ခဲ့ပြီး လက်နက်တိုက်နဲ့ အချုပ်ခန်း ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ဆိုပါတယ်။

  • ခြံအမှတ် (၅၄) တတိယအကြိမ်လေလံပွဲ ဝယ်ယူသူမရှိ

    ခြံအမှတ် (၅၄) တတိယအကြိမ်လေလံပွဲ ဝယ်ယူသူမရှိ

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပါဝင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းက တတိယအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

    လေလံပွဲကို ခြံအမှတ် (၅၄) ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကို ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ပေးထားသည့် ကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံဖြင့် လေလံပစ်ခဲ့ခြင်းဖြစ်သည်။

    ​လေလံပွဲမ​​အောင်မြင်သည့်ကိစ္စ မနက်ဖြန် (​ဖေ​ဖော်ဝါရီ ၆) တွင် ​လေလံအရာရှိက တရားရုံးတွင် အစီရင်ခံစာတင်သွင်းရန်ရှိ​ကြောင်းလည်း တရားရုံးနှင့်နီးစပ်သူ တဦးက​ ပြောသည်။

    အဆိုပါခြံကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက လေလံကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ၊ ဩဂုတ်လအတွင်းက ကျပ် ၃၀၀ ဘီလီယံတို့ဖြင့် နှစ်ကြိမ်တိုင်လေလံပစ်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့သည့်အတွက် ဈေးနှုန်းထပ်မံလျှော့ချပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် ခြံအမှတ် (၅၄) အမှုတွင် အနိုင်ရရှိခဲ့သည့် ဦးအောင်ဆန်းဦးဘက်က ယခုတခေါက်တွင် ကြမ်းခင်းဈေးကို ကျပ် ၂၉၀ ဘီလီယံအထိလျှော့ချရန် တင်ပြခဲ့သော်လည်း တရားရုံးက ကျပ် ခုနစ်ဘီလီယံတိုးပြီး သတ်မှတ်ပေးခဲ့သည်။

    ခြံအမှတ်(၅၄) လေလံမအောင်မြင်ရခြင်းမှာ လေလံဈေးနှုန်း မြင့်မားနေခြင်းနှင့် သမိုင်းဝင်နေရာတခုဖြစ်နေသည့်အတွက် အားလုံးက မဝယ်ယူရဲခြင်းကြောင့်ဟု ဥပဒေရေးရာကျွမ်းကျင်သူအချို့က ဖြေဆိုထားဖူးသည်။

    ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄) သည် နှစ်ဧကနီးပါး ကျယ်ဝန်းပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ယင်းခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေယူရန် အမိန့်ချမှတ်ခဲ့​သော်လည်း ဦး​အောင်ဆန်းဦးက ခြံဝန်းတခုလုံး လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကလည်း ခြံအမှတ် (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

  • ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်

    မြောင်းမြတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ရာ၌ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတတ်သော အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ဆိုင်ကယ်ဖြင့် ထောင့်ကြီး-မြောင်းမြ လမ်းအတိုင်း သွားလာနေစဉ် အမည်မသိ လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ကျေးရွာအတွင်း လစဉ် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ငွေကျပ် ၈ သောင်း ကောက်ခံနေသူဖြစ်ပြီး စစ်မှုထမ်းကြေးများကိုလည်း ၎င်းနေအိမ်တွင် သွားရောက် ပေးပို့ရကြောင်း၊ စားအုန်းဆီ ထုတ်ပေးရာတွင်လည်း အုပ်ချုပ်ရေးမှူး မိန်းမဖြစ်သူ ငန်းဌေးက အပြည့်အဝ မပေးဘဲ ပြည်သူများကို ဖိနှိပ်နေခြင်းကြောင်း၊ ၎င်းနေအိမ်တွင် စစ်မှုထမ်း အရွယ် သားမက်နှင့် သား ဖြစ်သူရှိသော်လည်း စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရသည်။

    “စစ်မှုထမ်းကိစ္စနဲ့ ပိုက်ဆံ ကောက်ရာမှာ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတတ်တဲ့ အုပ်ကြီး ဝင်းဦး ဆိုင်ကယ်နဲ့ သွား‌နေတုန်း ထောင့်ကြီး-မြောင်းမြသွား လမ်းပိုင်း တစ်နေရာမှာ လူတစ်စုက ညနေပိုင်း အချိန် အဝတ်တွေအုပ်၍ ရိုက်နှက်ကျတာ အဲရိုက်နှက်မှု ဖြစ်ပွားအပြီး နောက်ရက်မှာ အရက်ရောင်းတဲ့ အုပ်ကြီးဝင်းဦးရဲ့ အိမ်ကို လာရောက် အရက်ဝယ်တဲ့ လူငယ်လေး ၁ ဦးကိုလည်း သူ့ကို ရိုက်နှက်တဲ့သူလို့ စွပ်စွဲပြီး သူ့သား၊ သားမက်နဲ့ မိန်းမတို့က ဝိုင်းဝန်း ထိုးကျိတ်ခဲ့သေးတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် မြောင်းမြမြို့နယ်တွင် အတင်း အဓမ္မ စစ်မှုကြေး ကောက်ခံရာ၌ ပါဝင်နေသည့် ရန်မနိုင်တိုက်နယ် ရဲစခန်းမှ နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ကျွန်းထိပ်ကျေးရွာမှ ထွေ/အုပ် စာရေး သန်းနိုင်တို့သည် ဆိုင်ကယ်ဖြင့် ထင်းပုံစုကျေးရွာမှ ချောင်းဗြဲကြီးကျေးရွာကို ပြန်လာစဉ် လမ်းတစ်နေရာ၌ လူတစ်စုက ထပ်မံ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဝိုင်းဝန်း ရိုက်နှက်မှုအတွင်း နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ထွေ/အုပ် စာရေး သန်းနိုင်တို့၏ မျက်နှာနှင့် ခေါင်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ထား၍ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “ရန်မနိုင်တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ရဲကိုနဲ့ ယောက်ဖ တော်စပ်သူ ကျွန်းထိပ်ကျေးရွာ ထွေ/အုပ် စာရေး သန်းနိုင်တို့ ၂ ဦး ဆိုင်ကယ်နဲ့ ထင်းပုံစုကျေးရွာကနေ ချောင်းဗြဲကြီး ကျေးရွာဘက်ကို ပြန်လာနေတုန်း လမ်းတစ်နေရာမှာ လူငယ်တစ်စုက ဝိုင်းဝန်း ရိုက်နှက်လို့ မျက်နှာနဲ့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်ထား ထွက်ပြေသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    မြောင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ရဲများအနေဖြင့် နေအိမ်မှ အပြင်သို့ ထွက်ခွာရာတွင် တစ်ဦးတည်းသွားခြင်းမပြုလုပ်ရန်နှင့် အုပ်စုဖွဲ့ သွားလာမှုများ လုပ်ဆောင်ကြရန် အကြမ်ဖက် စစ်တပ်ကလည်း ညွှန်ကြားထားကြောင်း သိရသည်။

    ဓာတ်ပုံ- မြောင်းမြမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းရန်နှင့် ပြဿနာများ မဖြစ်ပွား စေရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြောဆိုလိုက်သည်။

    ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ၎င်းက လိုင်ဇာTV မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။

    “လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အချင်းချင်း ကူညီထောက်ပံ့ကြဖို့ လိုအပ်ရုံ သာမက အချင်းချင်းကြား ပြဿနာတွေ မပေါ်ပေါက်အောင် သတိနဲ့ဆောင်ရွက်ကြပါစို့။
    နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးအဖြေရှာဆုံးဖြတ်ရမယ့် ကိစ္စတွေကို အချိန်မတိုင်မီ ဦးစားပေးဖြေရှင်းတာမျိုး မလုပ်ကြပါစို့။ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြု စည်းဘောင်ထားရှိပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။

    လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေလု အငြင်းပွားမှုများ အဖြစ်များနေပြီး လူအင်အား၊ စစ်လက်နက်အင်အား ဖြင့် နယ်မြေချဲ့ ထွင်အုပ်စိုးနိုင်ခြင်းမဟုတ်ကြောင်း၊ ဒေသပြည်သူများ၏ ထောက်ခံမှု ပါဝင်ရမည်ဆိုသည်ကို နားလည်သိရှိကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအနေဖြင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် အဖြေရှာခြင်း မပြုဘဲ ဆုပ်ကိုင်ထားသည့်အာဏာကို နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အသုံးပြုရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

    ထို့ပြင် ပြည်တွင်းနိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည်သူလူထုဘက်မှ ရပ်တည်ပြီး ပြည်သူ့အကျိုးစီးပွားကို ထမ်းဆောင်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်စေရန် ခိုင်မာသည့် ခံယူချက်ဖြင့် ရပ်တည်စေလိုကြောင်း၊ စစ်ကောင်စီနှင့်အတူ ကျဆုံးသွားသည့် ပါတီများ မဖြစ်စေလိုကြောင်း ၎င်းက အကြံပြုသည်။

    ကချင် လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးကောင်စီ (Kachin Independence Council – KIC) ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ကို ၁၉၆၁ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

    ကိုးကား-Kachinwaves

    မတူပီမြို့နယ်တွင် ချင်းတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

    ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရွာမန်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ် (MDF) ၏ ဒရုန်း နှင့် လက်နက်ကြီးကျည်တို့ဖြင့် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

    ရွာမန်းကျေးရွာရှိ ချင်းကာကွယ်ရေးတပ်(လောက်တူ) တပ်စခန်းကို MDF မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ မဟာမိတ်အဖွဲ့နှင့်အတူ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    အဆိုပါ တိုက်ပွဲတွင်း MDF ၏ ဒရုန်းနှင့် လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်သည်။

    “စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားတွေနေထိုင်တဲ့ ရွာမန်းရွာကို MDF တွေက ဒရုန်းနဲ့ လက်နက်ကြီးကျည်ပါ အကြိမ်ရေ ၂၀ထက်မနည်း တိုက်ခိုက်ခဲ့တယ်။ ရွာက ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေ ပျက်စီးသွားတယ်” ဟု ရွာမန်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

    CDF-Lautu တပ်စခန်းရှိသည့်နေရာများတွင် MDF ၏ ထိုးစစ်ဆင်သည့်အတွက် နှစ်ဖက်အပြန်အလှန်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရကြောင့် သိရှိရသည်။

    ယခုအခါ အဆိုပါ စစ်ဘေးရှောင်များသည် အရေးပေါ်စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

    “လောလောဆယ် ပြည်သူတွေအချင်းချင်းကပဲ ကူထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့စားသောက်နေရပါတယ်။ အခုတကယ်လိုအပ်နေတာက နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ စားနပ်ရိက္ခာတွေက အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ရွာမန်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။

    ရွာမန်းကျေးရွာကို ဒရုန်းနှင့် လက်နက်ကြီးကျည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြောင်းစုံ သိရှိရန် MDF တာဝန်ရှိသူထံ ဆက်သွယ်သော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။

    CDF-Lautu အနေဖြင့် MDF ၏ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်မှုကို တက်သနိုင်သ၍ ပစ်ခတ်မှုမရှိအောင် ရှောင်သော်လည်း နောက်ဆုံးတွင် လုံးဝ ရှောင်လွဲ၍မရတော့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “ကျတော်တို့ကတော့ ချင်းအချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာကို လုံးဝလိုလားခြင်း မရှိပါဘူး။ ညီကိုတွေကြားမှာဖြစ်တဲ့ ပြသနာကို သူစိမ်းတွေ ခေါ်ပြီး ဖြေရှင်းတာက လုံးဝမဖြစ်သင့်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်ကနေ တက်နိုင်သမျှ ထိတွေ့ တိုက်ပွဲ မဖြစ်တဲ့နည်းနဲ့ ခုချိန်ထိ သွားနေပါတယ်” ဟု CDF-Lautu ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး Salai Pa Bi က ပြောသည်။

    MDF ၏ ယခုကဲ့သို့ လုပ်ရပ်များ အားလုံးကို ရှုံ့ချပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သည့်နေရာများတွင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်သည့်အတွက် ရပ်တန့်ရန် CDF-Lautu က တိုက်တွန်းထားသည်။

  • သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ထပ်မံသိမ်း ပိုကိနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    “ကျားခေါင်းက ဒေသအခေါ်ချောင်းဖျားလို့လည်းခေါ် ကြတယ်။ အဲဒီကနေ ငါးသိုင်းချောင်း ရေကြည် ဘက်ကို တက်လို့ရတယ်။ ဘောမိကနေ အဲဒီမှာဆက်ပြီးတိုက်ပွဲဖြစ်နေတာ။ ခုအဲဒီစခန်းကျ သွားပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သည်အများအပြား ထိခိုက် သေဆုံးမှု များပြီး ဒဏ်ရာရရှိသူများကို ပုသိမ် ဆေးတပ်ရင်း ၄ သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေ့ကျင့်ရေး တပ်သားများနှင့် ထုတ်နုတ်အင်အားများကို ပို့ ဆောင်နေသော်လည်း ထွက်ပြေးသူများပြားကာ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကိုသာ ဖောကားများဖြင့် ပြန်လည်သယ်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။

    ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့က ကျုံပျော်မြို့ရှိ ခလရ ၃၆ တပ်ရင်းမှ ကင်းထောက်ခြင်းနှင့်ဗုံးကြဲခြင်း များပြုလုပ်နေသည့် စက်တပ်လေထီးများကိုစေလွှတ်ရာ ခြောက်စီးအနက် ငါးစီးသာပြန်လည်ရောက်ရှိ လာကြောင်းနှင့် ယင်းစက်တပ်လေထီးများမှာ ညအချိန်များတွင်ပင် ပျံသန်း၍ ကင်းထောက်နေကြောင်း သိရသည်။

    AA နှင့်ပူးပေါင်းတပ်တို့သည် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ နှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ပြီးနောက် သားပေါင်းမြို့နယ်ထဲရှိ ကျားခေါင်းရွာစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ယင်းကျားခေါင်းရွာစခန်းတိုက်ပွဲမှာ ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်ကတည်းက တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် ရိက္ခာနှင့်တပ်အင်အားများ ပို့ဆောင်စဉ် AA ၏စနိုက်ဘာပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က သေဆုံးခဲ့သည်။

    ဓာတ်ပုံ-AA

    ပုံစာ-ရခိုင်နှင့်ဧရာ၀တီ အစပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ