Category: News

  • ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

    AA တပ်ဖွဲ့အနေနဲ့ မြို့ပြအုပ်ချုပ်ရေးအတွက် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) ကို ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ “ရဲ” အစား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ဌာနကို ဒီလပ်ဌာန/DLEPS အမည်ပေးထားတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ AA တပ်ဖွဲ့ရဲ့ DLEPS အဖွဲ့ဝင်တွေက သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြည်သူတွေ ယာဉ်အန္တရာယ် ကင်းစင်ရေးနဲ့ လုံခြုံချောမွေ့စေရေးအပြင် စစ်ကောင်စီထုတ် အရက်နဲ့ ပြည်ပအရက်တွေကိုပါ ရောင်းချခွင့်ပိတ်ထားတာကြောင့် တရားမဝင် အရက်တွေ ဝင်ရောက်နေတာကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – Golden Era Media

  • မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတို့ရဲ့စရိုက်လက္ခဏာအတိုင်း မာန်မဲပြနေပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုရရင်တော့ အကောင်းဆုံးပေါ့ဆိုတဲ့ ဉာဏ်ရည်လောက်လည်း ရှိနေပြန်တယ်။

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရုံတင်မက လိုအပ်တာ ကူညီသွားမယ်လို့ အတိအလင်း ကြေညာလိုက်တဲ့အခါ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ လက်ခမောင်းခတ်တော့တယ်။

    နိုင်ငံရေး ဆိုတာ လက်ညှိုးလေး ကွေးတတ်ရုံနဲ့ မဖြစ်တဲ့အကြောင်း၊ မိုက်သွေးအပြည့်နဲ့ ပြည်သူတွေကို ဗုံးမိုးရွာချသလို မလွယ်ကြောင်း တရုတ်ကြီးကလည်း ပို့ချခဲ့ပုံပေါ်တယ်။ ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ တတ်နိုင်တဲ့ အနောက်ကမ္ဘာနဲ့ ကုလသမဂ္ဂတွေ ဘာတွေကို ခေါက်ထားလိုက်လို့ ရပေမဲ့ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံရဲ့ ထောက်ခံချက်လောက်တော့ လိုအပ်မယ်လို့ သေနတ် ကျစ်ကျစ်ပါဆုပ်ထားတဲ့ မင်းအောင်လှိုင်ကို နားချခဲ့ပုံလည်း ရတယ်။

    အဲဒီနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးတက်ဖို့ မင်းအောင်လှိုင်ကို ဖိတ်။ ကူမင်းမှာ အစည်းအဝေးလာတက်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့လည်း သီးခြားစီတွေ့ဆုံခွင့်ရကာ တရုတ်ဇာတ်ညွှန်းနဲ့ လူရာဝင်စေခဲ့တယ်။

    နောက်တဆင့် စစ်ကောင်စီနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ပရိုမိုးရှင်းလို့ ဆိုနိုင်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၊ ထိုင်းမှာပြုလုပ်တဲ့ မြန်မာအိမ်နီးချင်း ၆ နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲ၊ အဲဒီပွဲမှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအကြောင်း အဓိက တင်ပြခဲ့ကြောင်း သတင်းတွေက ဆိုတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရပေမဲ့ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲအကြောင်း ထည့်မပြောရုံတင်မက စစ်ကောင်စီ ငါတကောရွေးကောက်ပွဲနဲ့ ဆန့်ကျင်ဘက် မြန်မာသက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးကို တရုတ်က အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားတာကြောင့် ပရိုမိုးရှင်းပွဲက သိပ်အလုပ်ဖြစ်ဟန် မတူဘူးလို့ ထင်ရတယ်။

    ဒီဇင်ဘာ ၂၀ ရက်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့ ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာလည်း စစ်ကောင်စီရွေးကောက်ပွဲအကြောင်း အဖက်လုပ် ပြောကြားခဲ့ကြပုံ မရသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ လိုက်နာရမယ်လို့သာ ထပ်လောင်း ဆွေးနွေးခဲ့ကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်တာကြောင့် စစ်ကောင်စီရော တရုတ်ပါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

    ဒါပေမဲ့ လုံ့လစိုက်တဲ့ စစ်ကောင်စီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူတို့ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအကြောင်း ဆက်လက်တင်ပြခဲ့ပြန်တယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ လန်ကာဝီကျွန်းမှာ ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးဟာ အာဆီယံရဲ့ တနှစ်တာအစီအစဉ် လျာထားချက်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာချင်းဆိုင်ကာ နှီးနှောကြ၊ အာဆီယံရဲ့ ဒဏ်ခတ်ခြင်းခံထားရတဲ့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခွင့်မရတာကြောင့် စစ်ကောင်စီနိုင်ငံခြားရေးဌာန အရာရှိတဦးကို လွှတ်လိုက်ခြင်းဖြစ်တယ်။

    ကံဆိုးတဲ့ အဲဒီအရာရှိက မျက်လွှာအောက်ချကာ စစ်ကောင်စီပြောခိုင်းတဲ့ ရွေးကောက်ပွဲအကြောင်း အဲဒီအစည်းအဝေးမှာ တင်ပြခဲ့ပုံပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

    အဲဒီပြောဆိုချက်ဟာ စစ်ကောင်စီရွေးကောက်ပွဲကို အာဆီယံအနေနဲ့ လက်မခံကြောင်း အယဉ်ကျေးဆုံး သံတမန်ဝေါဟာရတွေ သုံးနှုန်းပြောကြားလိုက်ခြင်းပါပဲ။ စစ်ကောင်စီ ရွေးကောက်ပွဲဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် မူ ၅ ရပ်ရဲ့ အမြုတေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ဘက်အသီးသီးတို့ ဆွေးနွေးအဖြေရှာရေးကိုသာ ရှေးရှုဖို့ စစ်ကောင်စီကို ခပ်ပြတ်ပြတ် သတိပေးလိုက်ခြင်းလည်း ဖြစ်တယ်။

    ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုတာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ပါသလို မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက မင်းအောင်လှိုင် အမြှုပ်ထွက်တဲ့အထိ ရွတ်ဆိုနေကျ စကားရပ်လည်းဖြစ်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံကို အာဆီယံအနေနဲ့ တောက်လျှောက်ဆိုသလို တခွန်းမဟ ရေငုံနှုတ်ပိတ်ကာ အာဆီယံမူ ၅ ရပ်ကိုသာ တွင်တွင်ရွတ်ဆိုခဲ့တာပါ။ စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ အာဆီယံမူ ၅ ရပ် ဘာဆိုဘာမှ မပတ်သက်ကြောင်းကိုတောင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အခု ဇန်နဝါရီ ၁၉ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျမှသာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း သံတမန်ဝေါဟာရတွေနဲ့ တန်ဆာဆင် ထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်။

    အာဆီယံရဲ့ အဲဒီထုတ်ဖော်ချက်ဟာ နှစ်သစ်အစ ပထမ ဇန်နဝါရီမှာပဲ စစ်ကောင်စီအတွက် သံတမန်ရေး ထိုးနှက်ခံရမှုကြီး ဖြစ်ခဲ့ရတယ်။ အာဆီယံမူ ၅ ရပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံခဲ့ပြီး မူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက် စစ်ကောင်စီ ရွေးကောက်ပွဲကိုလည်း ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း ဗလောင်းဗလဲ လုပ်ရဲတဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးသိက္ခာကင်းမဲ့မှုကိုလည်း အာဆီယံက ဖွင့်ချလိုက်ခြင်းပါပဲ။

    ကဲ ဟုတ်ပြီ။ အဲဒီလို ထိုးနှက်ခံရတာကြောင့် စစ်ကောင်စီ ဘာဖြစ်သွားသလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည်သူသတ် အကြမ်းဖက်ခြင်းနည်းနဲ့ နေ့စဉ်ဆိုသလို ဆုတ်ဖြဲပြနေသူတွေဖြစ်လို့ နောက်တွန့်စရာအကြောင်း မရှိပါဘူး။ စစ်ကောင်စီဆိုတာ ထိရောက်တဲ့ အရေးယူမှုမရှိရင် အာဆီယံမပြောနဲ့ လုံခြုံရေးကောင်စီလည်း ဂရုမစိုက်ကြောင်း ကိုယ့်ပြည်သူကိုယ် ဗုံးကြဲ သတ်ဖြတ်ခြင်းနည်းနဲ့ အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ထောက်ခံချက် ဒါမှမဟုတ် မသိချင်ယောင်ဆောင်မှုကို ရခဲ့ရင် စစ်ကောင်စီအတွက် အားတက်ဖွယ် ရှိနိုင်ပေမဲ့ အခုလို ကန့်ကွက်တော့လည်း မထူးဇာတ်ခင်းဖို့ကလွဲ တခြားမရှိပါဘူး။

    ဒါပေမဲ့ မြေပြင်အခြေအနေက စစ်ကောင်စီ မထူးဇာတ်ခင်းခွင့် မရှိအောင်ကို ဆက်လက် ပိတ်ဆို့ထားပြန်တယ်။ ဇန်နဝါရီ ၁၇ ရက်၊ မင်းအောင်လှိုင်ခန့် အစိုးရအဖွဲ့အစည်းအဝေးမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး တည်ငြိမ်အေးချမ်းတဲ့ အခြေနေမျိုးဖြစ်အောင် ဖိဖိစီးစီး ဆောင်ရွက်ကြဖို့ မင်းအောင်လှိုင်က မိန့်မှာခဲ့ရတယ်။ ဇန်နဝါရီ ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာတော့ ရွေးကောက်ပွဲတရပ်ကို မဖြစ်မနေ ပြုလုပ်ပေးရမယ်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေအရ ဆန္ဒမဲ ဘယ်လောက်ပေးမှ ရွေးကောက်ပွဲ ဖြစ်မြောက်မယ်လို့ ပြဋ္ဌာန်းထားခြင်းမရှိ၊ စဖြင့် မင်းအောင်လှိုင် စကားတွေအများကြီး လျှောက်ပြောခဲ့ပေမဲ့ နောက်ဆုံးပိတ် အချုပ်က ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတာကြောင့် အရေးပေါ်ကာလကိုသာ နောက်ထပ် ၆ လ သက်တမ်းတိုးမယ်လို့ ဆိုတယ်။

    မင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ တဖွဖွရွတ်ဆိုခဲ့တာကြောင့် အခုတခေါက် ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲပြုလုပ်မယ့်ရက် ထွက်လာနိုင်မယ်ဆိုပြီး အမျှော်ကြီး မျှော်နေကြတဲ့ စစ်ကျွန်ပါတီတွေ စိတ်အပျက်ကြီး ထပ်ပျက်ရတယ်။ ခေါင်းပေါင်းစ ထောင်ချင်နေတာ ရူးမတတ်ဖြစ်နေပြီဆိုတဲ့ ကျွန်သဘောက် အမတ်လောင်းတွေ ခဲလေသမျှ သဲရေကျ ဇာတ်မှာ အဆုံးသတ်ရပြန်တယ်။

    ဒီနေ့ထိတိုင် ရွေးကောက်ပွဲရက်ကို ထုတ်မပြောနိုင်သေးဘူးဆိုပေမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ ဖြစ်ဦးမှာလားလို့ မေးရင် မင်းအောင်လှိုင်ကတော့ ဖြစ်ကိုဖြစ်ရမယ်လို့ အာမဘန္တေခံမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၅ မှာ မဖြစ်တောင် ၂၀၂၆ ကျရင် လုပ်လို့ရသလောက် မြို့တွေမှာ မည်ကာမတ္တ ရွေးကောက်ပွဲ လုပ်နိုင်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးယဉ်မှုလည်း ရှိနိုင်တယ်။

    မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့က ၉၄ မြို့။ NUG စာရင်းအရ တော်လှန်ရေးအင်အားစု ထိန်းချုပ်ကွပ်ကဲထားနိုင်တဲ့ မြို့ပေါင်း ၁၄၀ ကျော်။ မင်းအောင်လှိုင် ပြောနေတဲ့ တည်ငြိမ်အေးချမ်းမှု ဆိုတာလည်း ရှေ့ဆက်ကောင်းလာစရာ အကြောင်းမရှိတာကြောင့် စစ်ကောင်စီရွေးကောက်ပွဲကို ဒီဘဝ ဒီကမ္ဘာမှာ ကျင်းပနိုင်ဦးတော့၊ ရွေးကောက်ပွဲဂုဏ်သိက္ခာနဲ့ ရွေးကောက်ပွဲရလဒ် ခွေးကတက်မှာသာ အိပ်ရေးပျက်နေရုံကလွဲ တခြားမရှိလို့ မောင်းခတ်ပါရစေလားခင်ဗျာ။

    ✍လင်းဆက်ငြိမ်းချမ်း

  • မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ

    မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ

    ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ

    ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာတွင် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းယူနေကြောင်း သိရှိရသည်။

    ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ် ၁ ဦးတို့က စစ်မှုထမ်း​ ရွှေ့ဆိုင်းခွင့် လျှောက်ထားရန် ကြိုးစားခဲ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ငွေသိန်းဆယ်ချီ တောင်းယူနေသည်ကို ကြုံတွေ့ရကြောင်း သိရှိရသည်။

    “စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်ရဖို့ အုပ်ထိန်းသူမိဘနဲ့အတူ မြို့နယ်မှာသွားစုံစမ်းပါတယ်။ ရပ်ကွက်ထောက်ခံချက်၊ စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းလိုတဲ့ ကိုယ်တိုင်ရေး ဝန်ခံချက်၊ မိဘအုပ်ထိန်းသူရဲ့ ခံဝန်ချက်၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ။ စစ်မှုထမ်းစာရင်း မှတ်ပုံတင်အမှတ် အဲဒါတွေနဲ့တင်ပြရမယ်ပြောတယ်။ အဲဒါနဲ့ ရပ်ကွက်ရုံးမှာသွားမေးတော့ စာရေးမက သိန်း ၅၀ တောင်းတယ်။ မြို့နယ်ကို သိန်း ၃၀ ၊ ရပ်ကွက်ကို သိန်း ၂၀ ပေးရမယ်။ အဲဒါမှ ရပ်ကွက်ထောက်ခံချက်နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်လို့ရမယ်ပြောတယ်။ ပေါ်ပေါ်တင်တင်ကို တောင်းတာပါ” ဟု မရမ်းကုန်းမြို့နယ်မှ အသက် ၂၉ နှစ်အရွယ် လူငယ်က ပြောဆိုသည်။

    ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၆၀ ရပ်ကွက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ပညာသင်ကြားရန် ပြင်ဆင်နေသော လူငယ်က မြို့နယ်ထွေ/အုပ်ရုံးမှ ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် စစ်မှုထမ်းရွှေ့ဆိုင်းခွင့်ရရှိရေး လျှောက်ထားရန် ကြိုးစားရာ ငွေကျပ် သိန်း ၆၀ အပြီးအစီးစျေးတောင်းယူကြောင်း ပြောဆိုသည်။

    “မြို့နယ်/ထွေအုပ်နဲ့ အချိတ်အဆက်လုပ်ထားတဲ့ ပွဲစားက စစ်မှုထမ်းရွှေ့ဆိုင်းခွင့် အပြီးအစီး သိန်း ၆၀ ကျမယ်။ လျှောက် လွှာတင်ကာအစ အကုန်လုံး လုပ်ပေးမယ်။ အကြောင်းအရာကိုလည်း သူတို့ဟာသူတို့ သင့်တော်သလို တင်ပေးမယ်ပြောတယ်။ လူလိုက်စရာမလိုဘူး။ လိုအပ်တဲ့စာရွက်စာတမ်းပေးရုံပဲလို့ ပြောတယ်။ အဓိက ဆေးကျအောင် လုပ်ပေးပြီးတော့ ယာယီစစ်မှုထမ်းရွှေ့လို့ရအောင် လုပ်ပေးမယ်ပြောတယ်။ သိန်း ၆၀ က တစ်ခါတည်းချက်ချင်းပေးရမှာ” ဟု ယင်းအခြေအနေကို သိရှိထားသူ သတင်းရင်းမြစ်က ပြောဆိုသည်။

    လက်ရှိတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပအလုပ်လုပ်ခွင့် ယာယီ ရပ်ဆိုင်းထားပြီး PV ဖြင့် ပြည်ပသို့ ထွက်ခွာမှုများကိုလည်း အထူးတင်းကျပ်စွာ စိစစ်နေသဖြင့် လူငယ်များ ပြည်ပထွက်ခွင့်ရရန် အလွန်ခက်ခဲနေကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က စစ်မှုထမ်းကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် လျှော့ပေါ့ခွင့်များကို ခွင့်ပြုချက်များ ထုတ်ပေးလျက်ရှိပြီး ယင်းသို့ထုတ်ပေးရာတွင် မြို့နယ်နှင့်ရပ်ကွက်က အဓိက စိစစ် ထောက်ခံပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်လျှောက်ထားရာတွင် ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း တပ်တော်ဆေးစစ်ရေးဘုတ်အဖွဲ့က ထောက်ခံချက်ရရှိထားသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့် သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေရသူများ အကျုံးဝင်ကြောင်း သိရှိရသည်။

    ထို့ပြင် ဆင့်ခေါ်ရေး အမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီ ကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးခြင်း၊ မတော်တဆဖြစ်ရပ်ကြောင့် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊ ဥပဒေနှင့်အညီ ချုပ်နှောင်ခံရသူ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်သူဖြစ်ခြင်းတို့ကြောင့်လည်း စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းခွင့်ရှိကြောင်း သိရှိရသည်။

    ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုင်ကြားသူတစ်ဦးပုံစံဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်အတွက် ငွေကြေးတောင်းခံမှုများနှင့်ပတ်သက်ပြီး မည်သို့ အရေးယူမည်ကို မေးမြန်းရာ နာမည်အတိအကျ အချိန်အတိ အကျ၊ ဖြစ်စဉ် အတိအကျဖြင့် တိုင်ကြားနိုင် ကြောင်း၊ အရေးယူမှု၊ မယူမှုမှာ သက်ဆိုင်ရာ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့်သာ သက်ဆိုင်ကြောင်း၊ တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံကိုပါ ထည့်သွင်းတိုင် ကြားရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရွှေ့ဆိုင်းခွင့်အတွက် လတ်တလော တိုင်ကြား သူတစ်ဦးမှ မရှိသေးကြောင်း ပြောဆိုသည်။

  • ဧရာဝတီတိုင်း၊ သာပေါင်းရှိ ကျားခေါင်းရွာ စစ်ကောင်စီတပ်စခန်း ခံစစ်ပြိုသွားပြီးနောက် တပ်ဆုတ်ပြေးနေ

    ဧရာဝတီတိုင်း၊ သာပေါင်းရှိ ကျားခေါင်းရွာ စစ်ကောင်စီတပ်စခန်း ခံစစ်ပြိုသွားပြီးနောက် တပ်ဆုတ်ပြေးနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျားခေါင်းရွာတွင်ခံစစ်ပြင်ထားသော စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ် ပြေးနေကြကြောင်း သိရသည်။

    ကြက်သွန်ကွင်း- သဲဖြူ- မကျီးဇင် လမ်းပေါ်ရှိ စစ်ကောင်စီ၏ ကျားခေါင်းရွာ စစ်စခန်း ခံစစ်ပြိုပြီး သာပေါင်း လေးရွာအနီးတွင် တန်ပြန်ခံစစ်ပြင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

    “သာပေါင်းမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်နေတာ။ AAက စနိုက်ဘာတပ်နဲ့ပါချနေတော့ စစ်တပ်အထိ အခိုက်များတယ်။ ညတိုင်း ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေကို ကြက်သွန်ကွင်းလမ်းဆုံကို ပို့နေရတယ်။ မြို့ထဲတော့ နည်းနည်းစိတ်ပူနေကြတယ်။ စစ်ရောက်လာမှာစိုးရိမ်နေကြတယ်” ဟု သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    AA က ပြောက်ကျားစနစ်နှင့် တိုက်ခိုက်နေသည့်အပြင် စနိုက်ဘာများပါအသုံးပြုတိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများပြားပြီး သဲဖြူတွင် ခံစစ်စခန်းတည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။

    ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ညအချိန်တွင် ကြက်သွန်ကွင်းလမ်းဆုံသို့ ပို့ဆောင်နေပြီး သေဆုံးတပ်ဖွဲ့ဝင်များကို ခလရ ၃၀၈ သို့ ပို့နေရကြောင်း ဒေသခံများထံက သိရသည်။

    ထို့အပြင် ဂွမှဆုတ်ခွါပြေးလာသည့် ရဲတပ်ဖွဲ့ဝင်များကို ဘုရားကုန်း၊ စက်ဒေါင့်ကြီးနှင့် သာပေါင်း စခန်းတို့တွင် ပြန်လည်နေရာချထားပြီး လုံခြုံရေး ယူခိုင်းထားကြောင်း သိရသည်။

    စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကတည်းက ကြက်သွန်ကွင်းနှင့် သဲဖြူတို့တွင် ကတုတ်ကျင်းများတူးပြီး စစ်အင်အားအများအပြားဖြည့်ကာ ခံစစ်ပြင်ထားပြီး ကျားခေါင်းကျေးရွာသို့ ရိက္ခာလာပို့သည့် ဒုရဲမှူး ဝင်းနိုင်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်က AA ၏ စနိုက်ဘာကျည်ထိမှန်၍ သေဆုံးခဲ့သည်။

  • မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ

    မကွေးက မဲဇလီ ရဲစခန်းကို AA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ အထိအခိုက်များဖြင့် ဆုတ်ခွာ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

    ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက အရမ်းပြင်းတယ်။ စစ်တပ်က သေဆုံးမူကို မသိဘူး။ ဒဏ်ရာများနဲ့ ဆုတ်ခွာသွားပါတယ်။ အင်အား ၄၀၀ လောက်ရှိတယ်။ ပွင့်ဖြူ ဝါတပ် အခု ကပစ လို့ ခေါ်နေတာပေါ့နော်။ စခန်းထားခဲ့ပြီး ဆုတ်ခွာသွားတာပါ” ဟုပြောသည်။

    အဆိုပါ တိုက်ပွဲတွင် ပျူစောထီများ၊ ဦးဝါသဝ ဦးဆောင်သော ပြည်သူစစ်၊ ကျောင်းကုန်ကြီး ပြည်သူစစ်တို့များ ပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအရှုံးများ ဒဏ်ရာများဖြင့် ဆုတ်ခွာကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် လက်နက်ကြီး ထိမှန်ပြီး မဒဲကျေးရွာသား ၆ဦးသေဆုံးသွားကာ ကနီ၊ ထူးပေါက်၊ မဲဇလီ ကျေးရွာဒေသခံများသည်လည်း ဘေးလွက်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    မဲဇလီကျေးရွာအနီးအနားက ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်များ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ပြုလုပ်မှုကြောင့် ကျေးရွာ ၁၀ ကျော်မထက် မနည်း မီးလောင်ခဲ့ကာ ဒေသခံများမှာလည်း ထောင်ချီ ထွက်ပြေးနေရကြောင်း သိရသည်။

    ဒေသခံတစ်ဦးက “စစ်တပ်ဖက်က လေကြောင်းကနေ လာပြီးတော့ ဗုံးကြဲပါတယ်။ ကျနော်တို့ သိသလောက်တော့ ကျေးရွာ ၁၃ ရွာထက်မနည်း မီးလောင်တယ်ဗျ။ ပြီးတော့ လူတွေ တော်တော်ထိခိုက် ဒဏ်ရာ ရတယ်လို့ ကြားတယ်။ လူပေါင်း ထောင်ချီထွက်ပြေးနေရတယ်”ဟုပြောသည်။

    ရိုးမတောင်ခြေ ရွာများလည်း အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့များနှင့် ကျောက်ပုံ၊ ခဲပြစ် ကျေးရွာအနီးအနားတွင် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မကြာသေးခင်ကလည်း စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ်သော ရခိုင်ရိုးမတောင်းတန်းအထက်ရှိ မိုးထိတောင် စခန်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိခဲ့သည်။

    ပုံစာ- အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား ဧရာဝတီတိုင်းတွင် တွေ့ရစဉ်။ ဓါတ်ပုံ/ AA