ဧရာဝတီတိုင်း၊ သာပေါင်းရှိ ကျားခေါင်းရွာ စစ်ကောင်စီတပ်စခန်း ခံစစ်ပြိုသွားပြီးနောက် တပ်ဆုတ်ပြေးနေ

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျားခေါင်းရွာတွင်ခံစစ်ပြင်ထားသော စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ် ပြေးနေကြကြောင်း သိရသည်။

ကြက်သွန်ကွင်း- သဲဖြူ- မကျီးဇင် လမ်းပေါ်ရှိ စစ်ကောင်စီ၏ ကျားခေါင်းရွာ စစ်စခန်း ခံစစ်ပြိုပြီး သာပေါင်း လေးရွာအနီးတွင် တန်ပြန်ခံစစ်ပြင်ရန်ပြင်ဆင်နေကြောင်း သိရသည်။

“သာပေါင်းမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်နေတာ။ AAက စနိုက်ဘာတပ်နဲ့ပါချနေတော့ စစ်တပ်အထိ အခိုက်များတယ်။ ညတိုင်း ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေကို ကြက်သွန်ကွင်းလမ်းဆုံကို ပို့နေရတယ်။ မြို့ထဲတော့ နည်းနည်းစိတ်ပူနေကြတယ်။ စစ်ရောက်လာမှာစိုးရိမ်နေကြတယ်” ဟု သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA က ပြောက်ကျားစနစ်နှင့် တိုက်ခိုက်နေသည့်အပြင် စနိုက်ဘာများပါအသုံးပြုတိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများပြားပြီး သဲဖြူတွင် ခံစစ်စခန်းတည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ညအချိန်တွင် ကြက်သွန်ကွင်းလမ်းဆုံသို့ ပို့ဆောင်နေပြီး သေဆုံးတပ်ဖွဲ့ဝင်များကို ခလရ ၃၀၈ သို့ ပို့နေရကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ဂွမှဆုတ်ခွါပြေးလာသည့် ရဲတပ်ဖွဲ့ဝင်များကို ဘုရားကုန်း၊ စက်ဒေါင့်ကြီးနှင့် သာပေါင်း စခန်းတို့တွင် ပြန်လည်နေရာချထားပြီး လုံခြုံရေး ယူခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ကတည်းက ကြက်သွန်ကွင်းနှင့် သဲဖြူတို့တွင် ကတုတ်ကျင်းများတူးပြီး စစ်အင်အားအများအပြားဖြည့်ကာ ခံစစ်ပြင်ထားပြီး ကျားခေါင်းကျေးရွာသို့ ရိက္ခာလာပို့သည့် ဒုရဲမှူး ဝင်းနိုင်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်က AA ၏ စနိုက်ဘာကျည်ထိမှန်၍ သေဆုံးခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *