Category: News

  • ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်

    ရေးရဲစခန်းတွင် အချုပ်သားများက ဒုရဲအုပ်ထံမှ လက်နက်လုယူပစ်ခတ်ရာ ဒုရဲအုပ်နှင့်တပ်ကြပ်အပါ အဝင် ၃ ဦး သေဆုံးပြီး အချုပ်သားအချို့လွတ်မြောက်

    မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် သေနတ်ပစ်ပွားမှုဖြစ်ကာ အချုပ်သားအချို့လွတ်မြောက်ပြီး ဒုရဲအုပ်အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ရေးရဲစခန်းရှိ အချုပ်သားများသည် ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်က ဒုရဲအုပ်ထံမှ သေနတ်လုကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အချုပ်သား လေးဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံက သိရသည်။

    “တာဝန်ကျ ဒုရဲအုပ်နဲ့အဖွဲ့ ရောက်လာချိန်မှာ အချုပ်သားက ရဲအုပ်သေနတ်ကိုလုပြီးပစ်တာ။ ဒုရဲအုပ်နဲ့အဖွဲ့သေတယ်။ အချုပ်သား လေးယောက် လွတ်သွားတယ်။ လွတ်သွားချိန်မှာ ရဲစခန်းထဲပစ်ခတ်ပြီး ကျန်ခဲ့တဲ့ စခန်းမှူးလည်းထိတယ်။ ဘယ်သူပစ်လို့ထိမှန်းမသိရဘူး။ အထဲကအချုပ်သားတွေလည်း ထိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

    ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ နေရာတွင် သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုကြောင့် ရဲစခန်းမှူးတွင် ရင်ဘတ်ကျည်ဖောက်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း သိရသည်။

    လက်ရှိတွင် ထွက်ပြေးသွားသည့်အချုပ်သားများ လွတ်မြောက်နေပြီး ပြန်လည်းဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

  • ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်

    ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်

    ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်ဟု မြန်မာ့အရေးသုံးသပ်သူများဆို

    နိုင်ငံ​၏ အာဏာကြီးသုံးရပ် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ကို လက်ကိုင်ထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ ရည်ညွှန်းသည့် ရွေးကောက်ပွဲမပြီးမချင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သက်တမ်း lဆက်တိုးသွားမည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။

    စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အပေါ်ယံ အသုံးချပြီး ဥပဒေအား လိုသလို ကစားကာ ကာလုံ သက်တမ်းတိုးနေခြင်းဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံသက်တမ်းသည် အများဆုံးသုံးကြိမ်သာ တိုးခွင့်ရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

    “အဲ့ဒီသက်တမ်းတိုးမှုက ဘယ်လောက်အထိ ကြာမလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားတဲ့ဟာ အဲ့ဒီအစီအဉ်မပြီးမချင်းကြာမယ်။ ဒါမှမဟုတ် သူတို့ပြုတ်သွားရင်တော့ ရပ်သွားမယ်ပေါ့။ အဲ့ဒီလိုအခြေအနေ နှစ်ရပ်အပေါ် မူတည်ပြီး ရှိနေပါတယ်။ ၂၀၀၈ ဥပဒေကို စတိလောက် ရည်ညွှန်းသုံးစွဲပြီးတော့ လက်တွေ့ကတော့ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းတဲ့ အခွင့်အရေးတွေကို စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အာဏာသုံးရပ်ကိုင်ဆောင်ထားတဲ့အပေါ် လိုသလို လုပ်နေတာဖြစ်တယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

    စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လတကြိမ် ကာလုံသက်တမ်း တိုးလာရာ ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်နေ့)တွင် ခုနစ်ကြိမ်မြောက် ကာလုံသက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာလာခဲ့သည်။

    နိုင်ငံအချို့သည် ရွေးကောက်ပွဲကို နိုင်ငံတကာ သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ဖိအားကြောင့် အဆောတလျင် ကျင်းပခဲ့၍ ယနေ့အချိန်အထိ နိုင်ငံရေးတည်ငြိမ်မှုမရသေးဘဲ အကျပ်အတည်းမျိုးစုံကြားတွင် ရုန်းကန်နေရသည်ကို တွေ့ရသည်ဟုလည်း စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

    ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်းနှင့် ကျင်းပနိုင်ရေး စိန်ခေါ်မှုများစွာရှိနေသေးကြောင်းလည်း ၎င်းကဆိုသည်။ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှု အပြည့်ဖြင့် ကျင်းပနိုင်မည့် ရွေးကောက်ပွဲတရပ်ဖြစ်ရန် တည်ငြိမ်အေးချမ်းမှုလိုနေသေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

    “သူ့ထုံးစံအတိုင်းပဲ။ တခုကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးတွေ တရုတ်အားကိုးနဲ့ ဖော်ပြပြီးတော့ လက်တွေ့ကတော့ အကြမ်းဖက်မှုတွေ ဆက်လုပ်နေမှာပဲ။ အဲ့ဒီအပေါ် ခြောက်လပြည့်တယ်ဆိုရင် သူက သက်တမ်းက ကာလုံသက်တမ်းကို တိုးမှာပဲ။” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

    စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအခြေအနေများကို နိုင်ငံတကာနှင့် အခြားဖိအားများထက် ပြည်တွင်းရေးအခြေအနေပေါ်တွင်သာ အဓိကဦးတည်ပြီး ဆောင်ရွက်မည်ဟုလည်း စစ်ခေါင်းဆောင်ကဆိုသည်။

    အလားတူ မြန်မာ့အရေးလေ့လာသုံးသပ်သူတဦးဖြစ်သည့် ဒေါက်တာလှကျော်ဇောကလည်း “မင်းအောင်လှိုင်ရဲ့အခြေအနေကတော့ သူက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာတာလေ၊ ရွေးကောက်ပွဲစကားနဲ့ပဲ သူလုပ်နေမယ်ထင်တယ်။ အခု နောင်နှစ်မှ လုပ်မယ်လို့ ဖြစ်သွားပါပြီ။ အဲ့ဒီတော့ သူ့အနေနဲ့ အကြံကုန် ဂဠုန်ဆားချက်ပဲ တခါလာလည်း ရွေးကောက်ပွဲ တခါလာလည်း ရွေးကောက်ပွဲပဲ ပြောနေတယ်” ဟု ဆိုသည်။

    တဖက်တွင်လည်း စစ်ကောင်စီ​၏ ယခုတကြိမ် ကာလုံသက်တမ်းတိုးကာလသည် ပွင့်လင်းရာသီဖြစ်သဖြင့် နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်များအတွင်း စစ်ကောင်စီအနေဖြင့် အရှုံးများဖြင့် ဆက်လက်ရင်ဆိုင်ရလာနိုင်ပြီး MNDAA ကဲ့သို့ပင် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စေ့စပ်မှုများ ပြုလုပ်နိုင်ခြေရှိနေသည်ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ကျန်တဲ့အချက်အလက်တွေ ကြည့်ရတာတော့ စစ်တပ်က ဒီထက်ပိုပြီး တဖြည်းဖြည်း ကျဆုံးသွားမှာပဲ။ ကျဆင်းသွားမှာပဲ ဘာဖြစ်လို့လဲဆိုတော့ ပွင့်လင်းရာသီဖြစ်လာပြီကိုး။ အားလုံးကလည်း ဆက်တိုက်ဖို့ တခြားအဖွဲ့တွေကလည်း တိုက်ဖို့ ပြင်ဆင်နေတာဖြစ်တော့ ဒီအချိန်မှာတော့ သူပိုပြီး အခက်အခဲတွေပိုပြီး တွေ့စရာပဲရှိပါတယ်။ အခု MNDAA နဲ့ စေ့စပ်လိုက်တာကို ကြည့်ခြင်းအားဖြင့် ကျန်တဲ့နေရာတွေနဲ့ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ဒီလိုပဲ လိုက်စေ့စပ်ရလိမ့်မယ် ထင်တယ် ကြည့်ရတာ”ဟု ဒေါက်တာလှကျော်ဇောကပြောသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲပြုလုပ်ရန် လိုအပ်သည့် သန်းခေါင်းစာရင်းကို ကောက်ယူပြီးနောက် ယခု လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ​၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ရာနှုန်းပြည့်စာရင်းကောက်ယူနိုင်သည့် မြို့နယ်မှာ ၁၄၅ မြို့နယ်သာရှိခဲ့ကြောင်း သိရသည်။

    ပုံအညွှန်း – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်​နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်​ရေးနှင့် လုံခြုံ​ရေး​ကောင်စီ (ကာ၊လုံ) အစည်းအ​ဝေးအား​တွေ့ရစဥ် (ဓါတ်ပုံ – MOI)

  • မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    မကွေးတိုင်း၊ မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး ရှော့တိုက်ဒုံးများ အဆောက်အဦး များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် အစောပိုင်း ၅ နာရီ ၃၀ မိနစ်မှာ မြိုင် စက်မှု ၂ ကပစ ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ၅ ချက်လုံးအောင်မြင်စွာ ပစ်ခဲ့နိုင်ပြီး အဆောက်အဦးများပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်။ အထိအခိုက်ကိုတော့ စုံစမ်းနေဆဲမို့ မသိရသေးပါဘူး” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • တလုပ်မြို့ပေါ်စစ်တပ်ကို PDF ဝင်စီး၊ စစ်သား ၂၅ ဦးခန့် သေဆုံးဟုဆို

    တလုပ်မြို့ပေါ်စစ်တပ်ကို PDF ဝင်စီး၊ စစ်သား ၂၅ ဦးခန့် သေဆုံးဟုဆို

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၂၅ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

    ယနေ့ (ဖေဖော်ဝါရီ တစ်ရက်) နံနက် ငါးနာရီဝန်းကျင်တွင် တလုပ်မြို့တောင်ခြမ်းရှိဂိတ်နှင့် ပြည်သူနေအိမ်နှစ်လုံး၌ အထိုင်ချတပ်စွဲထားသည့် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PDF Taloke ထံက သိရသည်။

    ” သူတို့နေတာကတော့ အဲ့သုံးနေရာအများဆုံးအားပြုနေတာ။ တိုက်ပွဲက ပြင်းထန်တာပေါ့။ ၁၁နာရီလောက်ထိကို ရောက်သွားတာ။ လေယာဉ်မလာခဲ့ဘူးဆိုရင် ကျတော်တို့စီစဉ်ထားတဲ့အပိုင်းနဲ့ နိုင်တဲ့အပိုင်းနဲ့ဆို အဆင်ပြေတယ်။ လေယာဉ်နဲ့ဘာနဲ့မို့ ကြန့်ကြာသွားတာပေါ့။ ကျည်အားနည်း‌တာရောကြောင့် ပြန်ပြီးခွာရတာပေါ့ ” ဟု PDF Taloke တာဝန်ခံ ကိုစိမ်းမောင်က ပြောသည်။

    ယင်းတိုက်ပွဲကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်နှင့် Mi-35 ဖြင့် သုံးကြိမ် ပစ်ကူပေးခဲ့ရကြောင်း သိရသည်။

    “မြေပြင်စစ်ကူတွေကတော့ ကျတော်တို့ဘက်ကလည်း ကာရတာပေါ့။ မဟာမိတ်တွေနဲ့ ပေါင်းပြီး ကာခဲ့ရတဲ့အပိုင်းတွေရှိတယ်။ လာဖို့ကို အတော်ကြိုးစားရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းတိုက်ခိုက်မှုတွင် စစ်သား ၁၅ ဦးကျော်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးပြင်းထန်ဒဏ်ရာရရှိကာ နေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်း သိရသည်။

    “ပြည်သူတွေကတော့ ကျတော်တို့ ပွဲလုပ်တဲ့အချိန်တွင်းမှာပဲ ထွက်ကြတာပေါ့။ အတွင်းထဲမှာမနေရဲလို့ ထွက်ကြတာရှိတယ်။ တချို့ကျလည်း ထွက်မရတဲ့အနေအထားမျိုးတွေရှိတယ်။ ထွက်ကြတာကများပါတယ်” ဟု ၎င်းကပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ‌မြို့တွင်းရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးနေပြီး မြို့ခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

  • မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်​တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်​နေ့မှာ ပြည်သူ့အတွက်လက်​ဆောင်​ပေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ်။

    “အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲ​ရေးမှူး ကို​ဆောင်းခက​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ ​ရေးသားထားပါတယ်။

    စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ​ဟောင်ဝစ်ဇာ အ​မြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲ​ဘော်​တွေ​အောင်ပွဲခံ​​နေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်း​ရေးသားထားပါတယ်။

    ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅​ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ​ပေး​နေတဲ့ကြားကနေ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။

    (မဲပလီဗျူဟာစခန်းသိမ်းပြီး​နောက်​ စစ်တပ်ထံကသိမ်းရတဲ့ ​ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံ​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​ဝင်​တွေ။ ဓါတ်ပုံ-Maung Saung Kha’s FB)