ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်ဟု မြန်မာ့အရေးသုံးသပ်သူများဆို
နိုင်ငံ၏ အာဏာကြီးသုံးရပ် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ကို လက်ကိုင်ထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ ရည်ညွှန်းသည့် ရွေးကောက်ပွဲမပြီးမချင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သက်တမ်း lဆက်တိုးသွားမည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အပေါ်ယံ အသုံးချပြီး ဥပဒေအား လိုသလို ကစားကာ ကာလုံ သက်တမ်းတိုးနေခြင်းဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံသက်တမ်းသည် အများဆုံးသုံးကြိမ်သာ တိုးခွင့်ရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။
“အဲ့ဒီသက်တမ်းတိုးမှုက ဘယ်လောက်အထိ ကြာမလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားတဲ့ဟာ အဲ့ဒီအစီအဉ်မပြီးမချင်းကြာမယ်။ ဒါမှမဟုတ် သူတို့ပြုတ်သွားရင်တော့ ရပ်သွားမယ်ပေါ့။ အဲ့ဒီလိုအခြေအနေ နှစ်ရပ်အပေါ် မူတည်ပြီး ရှိနေပါတယ်။ ၂၀၀၈ ဥပဒေကို စတိလောက် ရည်ညွှန်းသုံးစွဲပြီးတော့ လက်တွေ့ကတော့ ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းတဲ့ အခွင့်အရေးတွေကို စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အာဏာသုံးရပ်ကိုင်ဆောင်ထားတဲ့အပေါ် လိုသလို လုပ်နေတာဖြစ်တယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လတကြိမ် ကာလုံသက်တမ်း တိုးလာရာ ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်နေ့)တွင် ခုနစ်ကြိမ်မြောက် ကာလုံသက်တမ်းတိုးကြောင်း ထုတ်ပြန်ကြေညာလာခဲ့သည်။
နိုင်ငံအချို့သည် ရွေးကောက်ပွဲကို နိုင်ငံတကာ သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ဖိအားကြောင့် အဆောတလျင် ကျင်းပခဲ့၍ ယနေ့အချိန်အထိ နိုင်ငံရေးတည်ငြိမ်မှုမရသေးဘဲ အကျပ်အတည်းမျိုးစုံကြားတွင် ရုန်းကန်နေရသည်ကို တွေ့ရသည်ဟုလည်း စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။
ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်းနှင့် ကျင်းပနိုင်ရေး စိန်ခေါ်မှုများစွာရှိနေသေးကြောင်းလည်း ၎င်းကဆိုသည်။ အဓိကအားဖြင့် လွတ်လပ်ပြီး တရားမျှတမှု အပြည့်ဖြင့် ကျင်းပနိုင်မည့် ရွေးကောက်ပွဲတရပ်ဖြစ်ရန် တည်ငြိမ်အေးချမ်းမှုလိုနေသေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
“သူ့ထုံးစံအတိုင်းပဲ။ တခုကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးတွေ တရုတ်အားကိုးနဲ့ ဖော်ပြပြီးတော့ လက်တွေ့ကတော့ အကြမ်းဖက်မှုတွေ ဆက်လုပ်နေမှာပဲ။ အဲ့ဒီအပေါ် ခြောက်လပြည့်တယ်ဆိုရင် သူက သက်တမ်းက ကာလုံသက်တမ်းကို တိုးမှာပဲ။” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအခြေအနေများကို နိုင်ငံတကာနှင့် အခြားဖိအားများထက် ပြည်တွင်းရေးအခြေအနေပေါ်တွင်သာ အဓိကဦးတည်ပြီး ဆောင်ရွက်မည်ဟုလည်း စစ်ခေါင်းဆောင်ကဆိုသည်။
အလားတူ မြန်မာ့အရေးလေ့လာသုံးသပ်သူတဦးဖြစ်သည့် ဒေါက်တာလှကျော်ဇောကလည်း “မင်းအောင်လှိုင်ရဲ့အခြေအနေကတော့ သူက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာတာလေ၊ ရွေးကောက်ပွဲစကားနဲ့ပဲ သူလုပ်နေမယ်ထင်တယ်။ အခု နောင်နှစ်မှ လုပ်မယ်လို့ ဖြစ်သွားပါပြီ။ အဲ့ဒီတော့ သူ့အနေနဲ့ အကြံကုန် ဂဠုန်ဆားချက်ပဲ တခါလာလည်း ရွေးကောက်ပွဲ တခါလာလည်း ရွေးကောက်ပွဲပဲ ပြောနေတယ်” ဟု ဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီ၏ ယခုတကြိမ် ကာလုံသက်တမ်းတိုးကာလသည် ပွင့်လင်းရာသီဖြစ်သဖြင့် နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်များအတွင်း စစ်ကောင်စီအနေဖြင့် အရှုံးများဖြင့် ဆက်လက်ရင်ဆိုင်ရလာနိုင်ပြီး MNDAA ကဲ့သို့ပင် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စေ့စပ်မှုများ ပြုလုပ်နိုင်ခြေရှိနေသည်ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။
“ကျန်တဲ့အချက်အလက်တွေ ကြည့်ရတာတော့ စစ်တပ်က ဒီထက်ပိုပြီး တဖြည်းဖြည်း ကျဆုံးသွားမှာပဲ။ ကျဆင်းသွားမှာပဲ ဘာဖြစ်လို့လဲဆိုတော့ ပွင့်လင်းရာသီဖြစ်လာပြီကိုး။ အားလုံးကလည်း ဆက်တိုက်ဖို့ တခြားအဖွဲ့တွေကလည်း တိုက်ဖို့ ပြင်ဆင်နေတာဖြစ်တော့ ဒီအချိန်မှာတော့ သူပိုပြီး အခက်အခဲတွေပိုပြီး တွေ့စရာပဲရှိပါတယ်။ အခု MNDAA နဲ့ စေ့စပ်လိုက်တာကို ကြည့်ခြင်းအားဖြင့် ကျန်တဲ့နေရာတွေနဲ့ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ဒီလိုပဲ လိုက်စေ့စပ်ရလိမ့်မယ် ထင်တယ် ကြည့်ရတာ”ဟု ဒေါက်တာလှကျော်ဇောကပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲပြုလုပ်ရန် လိုအပ်သည့် သန်းခေါင်းစာရင်းကို ကောက်ယူပြီးနောက် ယခု လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ရာနှုန်းပြည့်စာရင်းကောက်ယူနိုင်သည့် မြို့နယ်မှာ ၁၄၅ မြို့နယ်သာရှိခဲ့ကြောင်း သိရသည်။
ပုံအညွှန်း – ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ၊လုံ) အစည်းအဝေးအားတွေ့ရစဥ် (ဓါတ်ပုံ – MOI)
Leave a Reply