Category: News

  • မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

    အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

    ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။

    “စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ၊ မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။

    မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။

    အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦးခန့်ရှိနေပါတယ်။

    ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ပြန်လည်လွတ် မြောက်လာတာမရှိသေးပါဘူး။

    စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရန်ကုန်မြို့မှာလည်း လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတင်းအကျပ် ဖိအားပေးတာတွေရှိနေပါတယ်။

    ဖေဖော်ဝါရီလ ၁၀ ရက် ဆိုရင် လူငယ်လူရွယ်တွေကို အဓမ္မနည်းသုံးပြီး စစ်ထဲထည့်တဲ့ စစ်မှုထမ်း ဥပဒေကို ပြဌာန်းတာ နှစ်နှစ်ပြည့်မြောက်ပါပြီ။

    နှစ်နှစ်တာကာလအတွင်းမှာ အပတ်စဉ် ၂၀ ထိ သင်တန်းပေးထားပြီးပြီ ဖြစ်တာကြောင့်တပ်သားသစ်အင်အား တစ်သိန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ရရှိထားပါတယ်။

    တဖက်မှာလည်း စစ်မှုထမ်းဉပဒေကြောင့် မြန်မာလူငယ်လူရွယ်အများအပြားတိုင်းပြည်ပြင်ပကိုအလုံးအရင်းနဲ့ထွက်ခွာခဲ့ရပါတယ်။

  • ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    ဗန်းမော်တိုက်ပွဲက နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ဟု KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    တိုက်ပွဲတွေမဖော်ဖို့ တရုတ်က ပြောတာရှိကြောင်းနဲ့ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်လို့ အရင်းမြစ်တွေ အများကြီးသုံးရသလို တိုင်းရင်းသားပေါင်းစုံက ပါဝင် တိုက်ခိုက်နေတဲ့အ ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

    ဒါ့အပြင် ၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေများမဲ့နှစ် ဖြစ်လာမယ်လို့လည်း သူက မျှော်မှန်းထားပါတယ်။

    စစ်အာဏာသိမ်းပြီးချိန်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်က သတိပေးခဲ့ပေမဲ့ ရှောင်လွှဲမရတဲ့ အခြေအနေတွေကို “ထိုင်ဝမ်” ကို ဥပမာပေး ရှင်းပြခဲ့ကြောင်းနဲ့ လက်ရှိ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်တဲ့အကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ အွန်လိုင်းကတဆင့် ပြောလိုက်တာပါ။

    ဖက်ဒရယ်ဦးဆောင်ကောင်စီ ပေါ်ပေါက်လာရေး NUG၊ K3C လို့ခေါ်တဲ့ (KIO၊ KNU၊ KNPP၊ CNF) တို့နဲ့ တွေ့ဆုံနေသလို လက်ရှိ ဗန်းမော်တိုက်ပွဲမှာလည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်တိုက်ခိုက်နေတဲ့အကြောင်း ပြောပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “အခု ကျနော်တို့ ဗန်းမော်တိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲ ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ တနှစ်ကျော်သွားပြီ၊ ကျနော်တို့ ဗန်းမော်တိုက်နေတာ။ အဲဒီတော့ ဒီလို ကြာမယ်၊ အရင်းအမြစ်များမယ်ဆိုတာ ကျနော်တို့ သိလျက်နဲ့ပဲ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲဖြစ်တယ်။ ခုနက ပြောသလိုပဲ ဒီမှာ ကျနော်တို့ တိုင်းရင်းသားပေါင်းစုံ ပါပါတယ်။ ကျနော်က တခါတလေမှာ ရယ်စရာပြောတာ။ KIA နဲ့ PDF က တိုက်ရင် တနှစ်ကျော်တာ ခင်ဗျားတို့ မပြောနဲ့လို့၊ ဗြိတိသျှအစိုးရ ဗန်းမော်သိမ်းတာ ၅ နှစ်ကျော်မှ ဗန်းမော်သိမ်းနိုင်တာ။ အဲဒီတော့ ကျနော်တို့မှာ ခုနကပြောသလိုပဲ လိုအပ်လို့တိုက်တဲ့ တိုက်ပွဲတွေမှာ ကျနော်တို့ အရင်းအမြစ်တွေ အများကြီးပေးရတယ်” လို့ ပြောပါတယ်။

    ဗန်းမော်တိုက်ပွဲမှာ KIA နဲ့အတူ PDF အပါအဝင် ရှမ်း၊ ချင်း၊ နာဂ၊ ဂေါ်ရခါးနဲ့ ဗမာ အစရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းတိုက်ပွဲဝင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လအတွင်းမှာပဲ စစ်တပ်ရဲ့ တင့်ကား ၇ စီးအထိ ဖျက်ဆီးနိုင်ခဲ့သလို မြစ်ကြီးနားက ရေဒါစခန်းကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းစစ်တပ်က စစ်သူကြီး ဗလမင်းထင်ကို အသုံးချပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်လေ့ရှိတဲ့ ဗန်းမော်ဟာ ကချင်ပြည်နယ်ထဲမှာတော့ မပခ ကလွဲရင် ဒုတိယအကြီးဆုံး ခံစစ်ဖြစ်တဲ့အကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။

    “ပြီးရင် ကျနော်တို့ ဗန်းမော်က ပြောရမယ်ဆိုရင် ဟိုဘက်မှာ တရုတ်နိုင်ငံ၊ အောက်ဘက်မှာက ရှမ်းမြောက်၊ ရှမ်းမြောက်ပြီးရင် မန္တလေးတိုင်းမြောက်ပိုင်းအပြင် ဒီ စစ်ကိုင်းတိုင်းနဲ့ပါ ချိတ်ဆက်ထားတဲ့ ကချင်ပြည်နယ်ရဲ့ အရေးပါတဲ့ သွေးကြောတခုပဲ။ စစ်တပ်ဘက်ကရော KIA နဲ့ ပူးပေါင်းတပ်တွေပေါ့နော်။ တော်လှန်ရေးတပ်တွေအတွက်က အသက်တမျှကို အရေးကြီးတဲ့ မြေနေရာလို့ ပြောလို့ရမယ်။ စစ်သဘောဆိုရင်တော့ တိုက်သူ၊ ခံသူ နှစ်ဦးစလုံးပေါ့နော်၊ အသက်တမျှ အရေးကြီးတဲ့ အချက်အခြာ မြေအနေအထားမျိုးပေါ့။ ဒါကြောင့်မို့လို့ ဒီနေရာကို သူတို့ နိုင်ငံရေးအရရော၊ စစ်ရေးအရရော၊ သိက္ခာအရ တိုက်ရတဲ့ အနေအထား။”

    ဒါ့အတူ ကချင်၊ ချင်း၊ နာဂဒေသတွေနဲ့ ကချင်ရဲ့ဝင်ပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက “က” သုံးလုံးလို့ခေါ်တဲ့ (ကန့်ဘလူ၊ ကောလင်း၊ ကသာ) အပါအဝင် မြောက်ပိုင်းဒေသတွေကို တည်ငြိမ်ဖို့ ကြိုးစားနေကြောင်းလည်း KIO က ပြောပါတယ်။

    ဒီကိစ္စတွေဟာ ဖြစ်လည်းဖြစ်နိုင်ကြောင်းနဲ့ ဒီဒေသတွေ တည်ငြိမ်ပြီဆိုရင် မြန်မာပြည်ကို ရည်ညွှန်းပြီး အောက်ပိုင်းကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို တိုက်ပွဲဖော်ဆောင်ရမဲ့ ကာလကို ၆ နှစ်အထိ ကြာနိုင်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေ များမဲ့နှစ် ဖြစ်လာမယ်လို့ မျှော်မှန်းထားတဲ့အကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

    စိုးသူအောင်

  • ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ

    ဗဟိုဘဏ်က ငွေသားထုတ်ယူမှု ကန့်သတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ

    စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်ကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေလိုသလောက် ထုတ်မရတဲ့အတွက် လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ငွေသားရှားပါးမှုတွေ ကြုံနေရပြီး အချင်းချင်း ငွေသားဖလှယ်တဲ့စနစ်ကို သုံးနေရတယ်လို့ အရောင်းအဝယ်သမားတွေက ပြောပါတယ်။

    စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဒေါ်လာ၊ ရွှေ အပါအဝင် စျေးကစားတဲ့ စျေးကွက်တွေအတွင်းကို ကျပ်ငွေတွေ ထုတ်ယူ ရင်းနှီးမြှုပ်နှံတာကို အားမပေးကြောင်း ပြောဆိုပြီး ငွေသားထုတ်ယူမှုတွေကို ထိန်းချုပ်နေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်ခဲ့တဲ့ ကုန်သည်တွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခုမှာ ပြောဆိုအပြီး သက်ရောက်မှုတွေ စတင်လာပါတယ်။

    အခုရက်သတ္တပတ်ထဲမှာတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားထုတ်ယူမှုတွေ ကန့်သတ်ခဲ့တဲ့အတွက် ငွေသားရှားပါးမှုတွေ ကြုံနေရတယ်လို့ အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။

    ပုဂ္ဂလိကဘဏ်တွေမှာတော့ ဘဏ်တခုချင်းစီရဲ့ ငွေကြေးပေါ်လစီအရ ဘဏ်ခွဲတခုစီမှာ ထုတ်ယူနိုင်တဲ့ ငွေပမာဏ သတ်မှတ်ချက်အတိုင်း ငွေထုတ်ပေးနေပြီး တယောက်ချင်းစီ သီးသန့်သတ်မှတ်ထားတာ မရှိဘူးလို့လည်း သိရပါတယ်။

    ကမ္ဘောဇဘဏ်ခွဲတွေမှာတော့ ဘဏ်အပ်ငွေကိုသာ ငွေသား ကျပ်သိန်း ၁၀၀ ထုတ်ပေးပြီး တခြားအကောင့်တွေက လွှဲတဲ့ငွေတွေကိုတော့ ထုတ်ဖို့တောင်းဆိုတဲ့ ငွေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ကျပ် ကျပ် သိန်း ၅၀ အထက် ပိုထုတ်မပေးဘူးလို့ ငွေထုတ်ယူသူတွေက ပြောကြပါတယ်။

    မွန်ပြည်နယ်က ကမ္ဘောဇဘဏ်ခွဲတွေမှာတော့ တနေ့ကို ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြားသာ ထုတ်ပေးတဲ့အတွက်‌ ဈေးရောင်းတဲ့သူတွေအနေနဲ့ အခက်ကြုံရတယ်လို့ မွန်ပြည်နယ် ကျိုက်ထိုမြို့က ဒေသခံတယောက်က ပြောပါတယ်။

    “ဟိုနေ့က ၁၀၀ သွားသွင်းတာကျတော့ အဲ့ ၁၀၀ ပဲ ပြန်ထုတ်ပေးတယ်။ banking ထဲက ဟာကိုကျတော့ ၅၀ တို့ ဘာတို့ပဲ ထုတ်ပေးတယ်။ တချို့ဟာတွေကျတော့ ၁၀ ဂဏန်းပဲ၊ ၅၀ ထက်နည်းတယ်၊ ဘာဖြစ်လို့လဲမသိဘူး၊ လူတွေလည်း ကွန်ပလိန်းမတက်ကြဘူး၊ ဒီဘဏ်ကတော့ အဲ့လိုပဲ ထုတ်ပေးတယ်၊ ဘာမှတော့ မပြောဘူး။ တချို့ဘဏ်တွေကျ ငွေသားပြတ်တာတွေ ဘာတွေ အဲလိုပြောတယ်။ စီးပွားရေးလုပ်တဲ့လူတွေကျ ကိုယ့်ပိုက်ဆံ ငွေထုတ်လို့မရတဲ့ အခါကျတော့ ရေရှည်တော့ အဆင်မပြေဘူးလေ။ အခေါက်ခေါက်အခါခါ သွားနေရတော့ အချိန်ကုန်တယ်၊ စီးပွားရေးလုပ်တဲ့သူကျ ဒီ ၅၀ က ဘာမှမဟုတ်ဘူးလေ။”

    တခြား ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ ရိုးမဘဏ်၊ CB ဘဏ်တွေရဲ့ ဘဏ်ခွဲတွေမှာတော့ တနေ့ကို ငွေကျပ် သိန်း ၂၀ သာ ထုတ်ပေးတယ်လို့ ငွေထုတ်သူတွေက ပြောပါတယ်။

    ဘဏ်တွေမှာ ငွေသားလိုသလောက် ထုတ်ယူခွင့်မရတော့တဲ့အတွက် ဘဏ်စနစ်မပါဘဲ ငွေသားရှိသူ အချင်းချင်း ငွေသားဖလှယ်ပြီး သုံးစွဲနေရတယ်လို့ ဆိုကြပါတယ်။

    ဘဏ်မှာ ငွေထုတ်မရတဲ့အတွက် နိုင်ငံခြားငွေလဲလုပ်ငန်းတွေနဲ့ KPay, Wave Pay ငွေထုတ်ပေးတဲ့ လုပ်ငန်းတချို့ ရပ်နားထားရမလို ဖြစ်နေတယ်လို့လည်း ငွေလဲလုပ်ငန်းလုပ်သူတွေက ပြောကြပါတယ်။

    အဲလို ရှိတဲ့ငွေသားကိုသာ ဖလှယ်နေရတဲ့အတွက် ပစ္စည်းတွေကို နယ်ဝေးရောင်းချမှု မလုပ်နိုင်တော့လို့ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ရတယ်လို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။

    ရန်ကုန်မြို့ခံတယောက်က “ငွေက ဘယ်လိုမှမရတော့ဘူးလေ။ မရတော့တဲ့အခါကျတော့ အမတို့ အပြင်ပဲ ကစားကြတော့တာပေါ့။ အပြင်မှာရှိတဲ့ ဘော်ဒါအချင်းချင်း ချိတ်လုပ်ရတာပေါ့။ သူငွေသားလိုရင် အမက ငွေသားပေး၊ သူ့အကောင့်လိုရင် အမအကောင့်ပေးတယ်။ တယောက်နဲ့တယောက် ဖလှယ်ပြီး သုံးကြတာပေါ့။ ဘဏ်စနစ် မပါတော့ဘူးလေ၊ တခြားပုံစံနဲ့ပဲ သုံးသွားကြတာပေါ့။ ကိုယ့်မြို့နယ်အတွင်းပဲ ရတာပေါ့။ တခြားမြို့နယ်တွေ တောင်ဥက္ကလာတို့ ဘာတို့ တခြားမြို့နယ်တွေ ပြန်လွှဲပေးမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ။ ကိုယ့်ရဲ့ မိတ်ဆွေ ပါတနာရှိတဲ့ နေရာကိုပဲ လုပ်လို့ရမှာပေါ့။ တခြားမြို့နယ်တွေဆိုရင်တော့ ဘာမှလုပ်လို့မရတော့ဘူးလေ” လို့ ပြောပါတယ်။

    စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဘဏ်တွေကနေ ငွေထုတ်ယူမှု ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် စပါယ်ရှယ် ဘဏ်အကောင့်တွေ ဖွင့်ပါက နေ့တိုင်း ငွေထုတ်ယူနိုင်တဲ့ စနစ်ကို ဘဏ်တွေက ပြောင်းလဲပေးခဲ့ပါတယ်။

    ဒါပေမဲ့ လက်ရှိမှာ အဲဒီအကောင့်တွေကပါ ငွေထုတ်ယူမှု ခက်ခဲလာတာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

    အခုလို ငွေသားရှားပါးလာတဲ့အတွက် Kpay၊ Wave Pay အေးဂျင့်တွေမှာ ငွေထုတ်ခဈေးတွေ မြင့်လာမှာကိုလည်း ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

    သီရိ

  • နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    နမခတွင် ရှေ့တန်းပို့ခံရသည့် ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

    မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျနေတဲ့ ဗိုလ်ကြီးတယောက် ဖေဖော်ဝါရီ ၇ ရက် ညက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်သွားတယ်လို့ စစ်ဘက်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    ရှေ့တန်းမထွက်ချင်လို့ တိုင်းစစ်ဌာနချုပ် စခန်းမှူးရုံးမှာ တာဝန်ကျအောင် ငွေပေးပြီး နေရာဝယ်ခဲ့တဲ့ ဗိုလ်ကြီးရဲမျိုးသူကို စခန်းမှူးက ရှေ့တန်းစေလွှတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ရှေ့တန်းမထွက်ချင်လို့ နမခ စခန်းမှူးရုံးမှာ တာဝန်ကျအောင် နေရာကို ငွေပေးဝယ်ထားတာ။ စခန်းမှူးက ချင်းပြည်နယ်ဘက်ကို စစ်ဆင်ရေးတွဲလိုက်လို့ စိတ်ဓာတ်ကျပြီး သတ်သေသွားတာ။ သတ်သေမယ်ဆိုလည်း သေချင်စရာ၊ ချင်းဘက်ကိုသွားတဲ့ စစ်ကြောင်းတွေက သွားတဲ့အဖွဲ့မှန်သမျှ အရာရှိတွေ ပြန်ပါမလာတာ များတယ်။”

    ဗိုလ်ကြီးရဲမျိုးသူမှာ မူလက အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ တပ်ရေးဗိုလ်ကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့လိုက်တာလို့ ပုသိမ်တပ်နယ်က သတင်းအရင်းအမြစ်က ပြောပါတယ်။

    “အရင်က နတခမှာ တပ်ရေးဗိုလ်ကြီး၊ အဲ့ကနေ နမခကို ပြောင်းသွားတာ၊ မိသားစုတွေကလည်း ရှေ့တန်းမပါရေးအတွက် လိုက်ကြပါတယ်။ ဗိုလ်မှူးချုပ် မျိုးမင်းထွေး လက်ထက်အထိ အဆင်ပြေတယ်။ ဗိုလ်မှူးချုပ်ကျော်သူရ လက်ထက်ရောက်တော့ ရှေ့တန်းပို့တာပဲ။ မနေ့ကပဲ တပ်က သင်္ဂြိုဟ်လိုက်တယ်။”

    အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်ကို တာဝန်ယူရတာဖြစ်ပြီး စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ တိုင်းစစ်ဌာနချုပ်အဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ရှေ့တန်းကို အတင်းပို့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အရာရှိစစ်သည်တွေအပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလည်း အများအပြား ရှိပါတယ်။

  • ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရန်ကုန်တွင် လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး ကျန်းမာရေးအားနည်းသူများအတွက် ထိခိုက် နိုင်ခြေရှိဟု သတိပေး

    ရာသီဥတု ခြောက်သွေ့လာသည်နှင့်အမျှ ရန်ကုန်မြို့အတွင်း လေထုညစ်ညမ်းမှု စတင်ဖြစ်ပေါ်နေပြီး၊ အဆိုပါအခြေအနေသည် ကိုယ်ခံအားနည်းသူများအတွက် ကျန်းမာရေးထိခိုက်နိုင်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။

    ရန်ကုန် (ကမ္ဘာအေး) ရှိ လေအရည်အသွေး စောင့်ကြည့်တိုင်းတာရေးစခန်းမှတစ်ဆင့် လေထုအတွင်းရှိ အချင်း ၂.၅ မိုက်ခရိုမီတာနှင့် အောက်သေးငယ်သော အမှုန်အမွှားများ (PM 2.5) ကို တိုင်းတာရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေထုညစ်ညမ်းမှု သိသိသာသာ ရှိနေခဲ့ကြောင်း သိရသည်။

    ဇန်နဝါရီလ၏ လေထုအရည်အသွေး တိုင်းတာချက်များအရ လေထုအရည်အသွေး အသင့်အတင့် (အဝါရောင်အဆင့်) ရှိသည့်နေ့ရက် ၈ ရက်သာရှိပြီး ကျန်းမာရေးအားနည်းသူများနှင့် ခံနိုင်ရည်နည်းပါးသော အုပ်စုများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သည့် (လိမ္မော်ရောင်အဆင့်) မှာ ၂၃ ရက်အထိ ရှိခဲ့ကြောင်း မိုး/ဇလ က ဖော်ပြထားသည်။

    အဆိုပါ ခံနိုင်ရည်နည်းပါးသော အုပ်စုများတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါအခံရှိသူများ၊ အဆုတ်နှင့် လေပြွန်ရောဂါအခံရှိသူများ ပါဝင်ပြီး ညစ်ညမ်းသောလေကို ရှူရှိုက်မိပါက ရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။

    ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ PM 2.5 အမှုန်အမွှားများသည် အလွန်သေးငယ်သဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး အန္တရာယ်ရှိသော အဆင့်သို့ ရောက်ရှိနေပါက အထူးသတိထား နေထိုင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

    လက်ရှိတွင် နေ့ဘက်နေရောင်ခြည်ဖြာကျနေသည့်နေရာများနှင့် ညအချိန် အလင်းရောင်ရှိသည့် နေရာ များတွင် လေထုအတွင်း အမှုန်အမွှားများ လွင့်ပျံနေသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော အခြေအနေဖြစ်နေကြောင်း သိရသည်။

    ထို့ကြောင့် မသန့်ရှင်းသော လေထုအန္တရာယ်မှ ကာကွယ်နိုင်ရန် အပြင်ထွက်ပါက မျက်စိ၊ အရေပြားနှင့် အ သက်ရှူလမ်းကြောင်းဆိုင်ရာ အကာအကွယ်များ (Mask များ) ကို စနစ်တကျ တပ်ဆင်သွားလာရန် လိုအပ်ကြောင်း ကျန်းမာရေးအသိပေးချက်များတွင် ဖော်ပြထားသည်။

    မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာနှင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည်

    လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ(၇)သန်းခန့်သည် အ ရွယ်မတိုင်မီသေဆုံးနေရပြီး သေဆုံးမှု ထက်ဝက်ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှထုတ်ပြန်ထားသည်။

    ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ မဟာ ဗျူဟာနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

    “လေထုညစ်ညမ်းမှုပြဿနာက အစဉ်တစိုက်ရေရှည်ဖြေရှင်း ဆောင်ရွက်ရမယ့် ပတ် ဝန်းကျင်ဆိုင်ရာ အဓိကစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်”ဟုပြောသည်။

    လက်ရှိတွင် လေထုအရည်အသွေးအခြေအနေ လေ့လာဆန်းစစ်ရေးအတွက် ပြည် ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ လေထုအရည်အသွေး တိုင်းတာစစ် ဆေးမှုများကို လစဉ်ပုံမှန် ဆောင်ရွက်နေပြီး အများပြည်သူသိစေရန် သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

    အဆိုပါလေထုညစ်ညမ်းမှုကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆုတ်ကင်ဆာအပါ အဝင် အဆုတ်နှင့်ဆိုင်သည့် နာတာရှည်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားပြီး သေဆုံးနေရကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

    ထို့ပြင် လေထုညစ်ညမ်းမှုကို လျော့ချနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက် လျောညီထွေရှိသည့် နည်းပညာများ အသုံးပြုခြင်းအပြင် ပတ်ဝန်းကျင် အ ရည်အသွေး ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်စေခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။