အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။
“စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ၊ မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။
မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။
အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦးခန့်ရှိနေပါတယ်။
ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ပြန်လည်လွတ် မြောက်လာတာမရှိသေးပါဘူး။
စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရန်ကုန်မြို့မှာလည်း လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတင်းအကျပ် ဖိအားပေးတာတွေရှိနေပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက် ဆိုရင် လူငယ်လူရွယ်တွေကို အဓမ္မနည်းသုံးပြီး စစ်ထဲထည့်တဲ့ စစ်မှုထမ်း ဥပဒေကို ပြဌာန်းတာ နှစ်နှစ်ပြည့်မြောက်ပါပြီ။
နှစ်နှစ်တာကာလအတွင်းမှာ အပတ်စဉ် ၂၀ ထိ သင်တန်းပေးထားပြီးပြီ ဖြစ်တာကြောင့်တပ်သားသစ်အင်အား တစ်သိန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ရရှိထားပါတယ်။
တဖက်မှာလည်း စစ်မှုထမ်းဉပဒေကြောင့် မြန်မာလူငယ်လူရွယ်အများအပြားတိုင်းပြည်ပြင်ပကိုအလုံးအရင်းနဲ့ထွက်ခွာခဲ့ရပါတယ်။

Leave a Reply