Category: News

  • မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

    မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

    ရန်ကုန်၊ ဇန်နဝါရီ ၂၈

    မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

    ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိပြီး သေဆုံးသူ အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

    “ကျနော်တို့ တိုက်ခိုက်မှုမှာ အကြီးပိုင်း ၁ ကောင် အပါအဝင် အထိအခိုက် ၂၄ ကောင် လို့တော့ ကြားရတယ်။ အကြီးပိုင်းက ဗိုလ်မှူးချုပ် အဆင့်ထက်တော့ မနိမ့်ဘူး။ သူလိုလူတောင် ထိရင် ကျန်တဲ့ အရာရှိကြီး အရာရှိငယ် တွေ လည်း ထိမှာပဲ ထိခိုက်မှု အသေးစိတ်ကို ကျနော်တို့ ဆက်လက်စုံစမ်းပြီး ထုတ်ပြန်သွားမယ်။ ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

  • ရွှေပြည်သာ အထက(၁)ကျောင်းမှာ ကျောင်းသားချင်းခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦး သေဆုံး

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အထက(၁)ကျောင်းမှာ ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မနေ့က(ဇန်နဝါရီ ၂၇ရက်) ရွှေပြည်သာမြို့နယ် အထက (၁) ကျောင်းအတွင်း ကျောင်းသားချင်း ခိုက်ရန်ဖြစ် ထိုးကြိတ်မှုကနေ Grade-7 ကျောင်းသားဖြစ်သူ မောင်မိုးသူရိန် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

    “သူ့ထက်အတန်ကြီးကျောင်းသားက ထိုးတာ။ထိုးခံရတဲ့နေရာမှာပဲ သေသွားတာ။ကလေးက နဂိုကတည်းက နှလုံးရောဂါအခံရှိတယ်”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

    ဒါပေမယ့် ကျောင်းတာဝန်ရှိသူတွေက သေဆုံးခဲ့တဲ့ ကျောင်းသားရဲ့မိဘတွေကို ဘောလုံးကစားစဥ် အမောဖောက်သေဆုံးတယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။

    “သက်​သေ ရုပ်သံဖိုင်ရှိတယ်။ဘာမှ ငြင်းမရဘူး။တချက်ထဲ ထိုးတယ်တောင်ပါသေးတယ်။အဓိကတော့ အခု နောက်ပိုင်းကလေး နဲ့ လူငယ်တွေ ကြား အကျင့်စရိုက်တွေ အတော်ကို ပျက်စီးနေကြတယ်”လို့ ရွှေပြည်သာမြို့ခံတစ်ဦးက ပြောပါတယ်။

    နောက်ထပ် ဒေသခံတစ်ဦးကလည်း “ဆရာ၊ ဆရာမတွေက ကလေးတွေကို အိမ်ကိုပြန်မပြောခိုင်းပါဘူး။ အမောဖောက်ပြီးဆုံးတယ်ပဲ ပြောခိုင်းပါတယ်။ ကလေးပြောပြချက်အရ ပထမတစ်ယောက်ထိုးတာ အရွယ်မမျှလို့အရွယ်မျှတဲ့တစ်ယောက်ကို ထပ်ထိုးခိုင်းတာတဲ့။ လည်ပင်းကိုထိုးလို့အကြောတွေ ကပ်သွားပါတယ်။ဆီးတွေထွက်ကျပြီးဆုံးသွားပါတယ်။ ” လို့ ပြောပါတယ်။

    ရွှေပြည်သာသတင်းတွေကိုဖော်ပြပေးနေတဲ့ Shwe Pyi Thar Information က “နောက်ဆက်တွဲအနေနဲ့ ကလေးရော ကျောင်းတာဝန်ရှိသူတွေပါ ခေါ်စစ်နေတယ်လို့ကြားတယ်” လို့ပြောပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်မြို့ရဲ့ လူစည်းကားရာ ကမာရွတ်မြို့နယ် လှည်တန်းမှာ လူငယ်တွေ အုပ်စုဖွဲ့ရန်ဖြစ်တာ ရှိခဲ့ပါတယ်။

    ဒါ့အပြင် ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးအချို့မှာ စာသင်ကျောင်းတွေအတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ဖြစ်စဥ်တွေများစွာရှိလာခဲ့ပြီး အဲဒီဖြစ်စဥ်တွေက စစ်တပ်အာဏာသိမ်းပြီးပိုမိုဆိုးရွားလာတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    ဒါ့အပြင် လုယက်၊ဓားပြတိုက်တဲ့ဖြစ်စဥ်တွေကလည်း နေ့စဥ် ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကို ထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ မတွေ့ရဘူးလို့ ပြည်သူတွေက ဝေဖန်နေပါတယ်။

    ရုပ်သံ – Shwe Pyi Thar Information

  • ICJ ကြောင့် လေသံပြောင်းသွားသည့် မဘသများ

    ICJ ကြောင့် လေသံပြောင်းသွားသည့် မဘသများ

    ယမန်နေ့ကျင်းပသည့် ရန်ကုန်မြို့လယ်စုဝေးပွဲတွင် အတိတ်က ရိုဟင်ဂျာဆန့်ကျင်ပွဲများနည်းတူ ဦးဝင်းကိုကိုလတ် နည်းတူ ဦးသုစိတ္တလည်း တက်ရောက်ဟောပြောခဲ့သည်။

    အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမားတို့သည် ၎င်းတို့၏အစဉ်အလာအတိုင်း ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ နေ့လယ်ပိုင်းက စုဝေးခဲ့ကြပြီးသည်။

    စစ်တပ်၏ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့သည့် အနည်းဆုံး လူ ၅၀၀ ခန့်ပါဝင်သော ထိုစုဝေးပွဲသည် နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာကတရားစွဲထားသည့် ရိုဟင်ဂျာတို့ကိုလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားရင်ဆိုင်နေရသည့် စစ်ကော်မရှင်ကိုယ်စားလှယ်များကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

    စုဝေးပွဲကို ‘အမျိုးသားရေးသမား’ ဟု ၎င်းကိုယ်၎င်း မကြာခဏရည်ညွှန်းလေ့ရှိသည့် ဦးဝင်းကိုကိုလတ်က ဦးဆောင်သည်။ ဦးဝင်းကိုကိုလတ်သည်ဆယ်စုနှစ်နှင့်ချီကြာ ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေး လှုပ်ရှားမှုများကို ဦးဆောင်သူဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မဘသ ဘုန်းတော်ကြီးများနှင့် မွတ်ဆလင်မုန်းတီးရေး ဘုန်းကြီး ဦးဝီရသူ၏ တပည့်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံရေးသမား၊ ကြံ့ခိုင်ရေးပါတီ၏မဟာမိတ်နှင့် NLD ကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းရန်တောင်းဆိုခဲ့သူဖြစ်သည်။

    ဧမာနွေလနှစ်ခြင်းဘုရားကျောင်းကို ကျောပေး၊ ဆူးလေစေတီတော်ကိုမျက်နှာမူ တည်ဆောက်ထားသော ဟောပြောစင်မြင့်ပေါ်သို့ ဦးဝင်းကိုကိုလတ် ရောက်လာချိန်တွင် ၎င်းအားထောက်ခံကြသူများက စင်အောက်မှ သြဘာပေးကြသည်။

    အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်‌အထိရှိခဲ့သည့် ရန်ကုန်၏မွန်းတည့်နေရောင်အောက်တွင် မြန်မာဝတ်စုံ အနက်ရောင်တိုက်ပုံနှင့် ဦးဝင်းကိုကိုလတ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်တပ်သတိပေးခဲ့သည်ကို နားထောင်သည့်အနေဖြင့် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းအပြောအဆိုများကို ယခုပွဲတွင် ရှောင်ကြဉ်မည်ဟုဆိုသည်။

    ရိုဟင်ဂျာတို့ကို ‘တစ်ဖက်နိုင်ငံမှာရောက်နေတဲ့လူတွေ’ဟု ၎င်းကရည်ညွှန်းခဲ့ပြီး ‘ဘယ်လူမျိုးကိုမှ နှိမ်ချပြောဆိုစရာ ဘာအကြောင်းမှမရှိပါဘူး’ ဟု လည်းဆိုသည်။

    ဦးဝင်းကိုကိုလတ်၏ အဆိုပါဟောပြောချက်သည် ICJ ကြောင့် စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးသမားအမည်ခံ အသွင်ပြောင်း မဘသများ လေသံပြောင်းသွားပြီလားဟု မေးခွန်းထုတ်စရာရှိလာသည်။ အကြောင်းသည် အတိတ်တွင် ဦးဝင်းကိုကိုလတ်၏ ရိုဟင်ဂျာတို့အပေါ် ဟောပြောချက်များသည် အငြင်းပွားဖွယ်ရာများဖြင့် ပြည့်နှက်နေခဲ့ခြင်းကြောင့်ပင်။

    လွန်ခဲ့သည့် ၁၁နှစ်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် ဟောပြောမှုတစ်ခုတွင် ဦးဝင်းကိုကိုလတ်က ရိုဟင်ဂျာများကို သူခိုးများဟု ခိုင်းနှိုင်းသုံးနှုန်းခဲ့သည်။

    “သူတို့တွေဟာခိုးဝင် ဘင်္ဂလားကုလားပါဆိုမှ သူခိုးတွေဘဲပေါ့။ အဲ့ဒီတော့ သူခိုးတွေကို အားပေးထောက်ခံတဲ့ သူတွေအားလုံးဟာလည်း သူခိုးတွေပဲဖြစ်ပါတယ်” ဟု ဦးဝင်းကိုကိုလတ်က ပြောဆိုခဲ့သည်။

    ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့နေရာက ဦးဝင်းကိုကိုလတ်အတွက် ရိုဟင်ဂျာမုန်းတီးရေးလှုပ်ရှားမှုများ မကြာခဏ ဟောပြောရာနေရာဖြစ်ခဲ့သည်။ သူသည်လွန်ခဲ့သည့် ခြောက်နှစ်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ရန်ကုန်မြို့လယ်တွင် ကျင်းပသည့် ရိုဟင်ဂျာမုန်းတီးရေးလှုပ်ရှားမှုတွင် ပါဝင်ဟောပြောခဲ့သည်။

    ထိုစဉ်က ရိုဟင်ဂျာမုန်းတီးရေးနှင့်ဆက်နွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ဖြုတ်ချရန်နှင့် စစ်တပ်ကိုအာဏာသိမ်းရန် ပြောဆိုခဲ့ဖူးသည်။

    ယင်းအခမ်းအနားတွင် ‘လူမျိုးလိမ် ရိုဟင်ဂျာ’ ဟုဦးဝင်းကိုကိုလတ်က ရည်ညွှန်းခဲ့ပြီး NLD အစိုးရအနေဖြင့် ရိုဟင်ဂျာမရှိကြောင်း၊ လက်မခံကြောင်း ကြေညာချက်ထုတ်ပေးရမည်ဟု ဖိအားပေးခဲ့သည်။

    “နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရဲရဲတင်းတင်းမပြောရဲတာကိုတော့ ကျွန်တော်ဒီနေရာကနေ ဆန့်ကျင်ရှုတ်ချပါတယ်ခင်ဗျာ”

    “တိုင်းပြည်ကို နိုင်ငံခြား၊ လူမျိုးခြား၊ တိုင်းတပါးလက်ထဲ ကျရောက်မယ့်အရေးပေါ်လာရင်တော့ ‘တပ်မတော်ကြီး ခင်ဗျာ၊ ကြည့်မနေပါနဲ့’ လို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ” ဟု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့သည့် ဟောပြောပွဲတွင် ဦးဝင်းကိုကိုလတ်ကဆိုသည်။

    နောက်ထပ်ဦးဝင်ကိုကိုလတ်၏ လူသိများသော ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုများထဲမှတစ်ခုသည် ၂၀၁၆ ခုနှစ် ဧပြီလ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲဖြစ်သည်။ ထိုစဉ်က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်စောင်တွင် ‘ ရိုဟင်ဂျာများ’ ဟု သုံးနှုန်းရေးသားခဲ့ခြင်းကို မကျေနပ်၍ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

    ၂၀၁၆ ခုနှစ် ဧပြီလ၊ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ရိုဟင်ဂျာဆန္ဒပြပွဲကို ဦးဝင်းကိုကိုလတ်နှင့်အတူ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) အတွင်းရေးမှူး ဦးသုစိတ္တလည်း ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သည်။

    ထိုစဉ်က ဦးသုစိတ္တသည် မွတ်ဆလင်နှင့် NLD မုန်းတီးရေးဘုန်းတော်ကြီး ဦးဝီရသူကပေးပို့သော သဝဏ်လွှာကို အမေရိကန်သံရုံးရှေ့ ဖတ်ပြခဲ့သူဖြစ်သည်။

    “ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဝီရသူ မစိုးရိမ်က အမေရိကန်အစိုးရကို မှန်မှန်ကန်ကန်နဲ့ ပြောင်ပြောင် တင်းတင်းပဲ တစ်ခွန်းတည်းပြောလိုက်တယ်။ အမေရိကန်အစိုးရ။ ဖိုးတွမ်တီးအစိုးရ(လိမ်ညာသူ)” ဟု ဦးသုစိတ္တက ဦးဝီရသူကပေးပို့သည့် သဝဏ်လွှာကို အာဘောင်အာရင်းသန်သန်ဖြင့် ဖတ်ပြခဲ့သည်။

    ယမန်နေ့ကျင်းပသည့် ရန်ကုန်မြို့လယ်စုဝေးပွဲတွင် အတိတ်က ရိုဟင်ဂျာဆန့်ကျင်ပွဲများနည်းတူ ဦးဝင်းကိုကိုလတ် နည်းတူ ဦးသုစိတ္တလည်း တက်ရောက်ဟောပြောခဲ့သည်။

    သို့သော် အတိတ်နှင့်ပစ္စုပ္ပန် မတူတော့။ ICJ တရားရုံးကြားနာမှုကြောင့် အမျိုးသားရေးသမားအမည်ခံတို့ ထင်တိုင်းမကြဲရဲတော့။

    “ရင်ထဲရှိတဲ့အတိုင်း ပေါက်ကွဲချင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်နေလို့ ပေါက်ကွဲချင်တိုင်းတော့ ပေါက်ကွဲလို့မရဘူး” ဟု ဦးသုစိတ္တက ယမန်နေ့ကကျင်းပခဲ့သည့် ရန်ကုန်မြို့လယ်စုဝေးပွဲတွင် မချင့်မရဲပြောခဲ့သည်။

  • ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု

    ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု

    ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းရဲ့ ထောက်ခံမှုနဲ့ တင်သွင်းတဲ့ အသက် ၁၅ နှစ်အောက်တွေ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရေး ဥပဒေကြမ်းကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။

    ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်မှာပါ ထပ်မံအတည်ပြုပြီးရင်တော့ ဥပဒေအဖြစ် တရားဝင် အသက်ဝင်လာမှာပါ။

    ဥပဒေသာ အတည်ဖြစ်လာရင် ၁၅ နှစ်အောက် ကလေးတွေဟာ Snapchat၊ Instagram နဲ့ TikTok လို လူမှုကွန်ရက်တွေကို သုံးစွဲခွင့်ရတော့မှာ မဟုတ်ပါဘူး။

    သမ္မတ မက်ခွန်း ကတော့ ဒါဟာ “အဓိကခြေလှမ်းတရပ်” ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး “ကျုပ်တို့ကလေးတွေရဲ့ ဦးနှောက်တွေဟာ ရောင်းကုန်မဟုတ်ဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    လာမဲ့ စက်တင်ဘာ ၁ ရက် ကျောင်းဖွင့်ရာသီမှာ ဒီဥပဒေ စတင်အသက်ဝင်နိုင်ဖို့ အစိုးရအနေနဲ့ အရှိန်မြှင့် ဆောင်ရွက်သွားဖို့လည်း မက်ခွန်းက တိုက်တွန်းထားပါတယ်။

    ဥပဒေကြမ်းရေးဆွဲသူ လွှတ်တော်အမတ် လော်ရာမီလာ ကလည်း “လူမှုကွန်ရက်တွေဟာ အန္တရာယ်ကင်းတာမျိုး မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာ အကန့်အသတ်ထားရှိဖို့ လိုအပ်တယ်” လို့ ပြောဆိုထားပါတယ်။

    ဥပဒေအရ အန္တရာယ်ရှိတဲ့ လူမှုကွန်ရက်စာရင်းကို သတ်မှတ်သွားမှာဖြစ်ပြီး အသက်အရွယ်စိစစ်မဲ့ စနစ်တခုကိုပါ ပြင်သစ်နိုင်ငံအနေနဲ့ ချမှတ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

    ကလေးတွေရဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေကြောင့် အခုလို လူမှုကွန်ရက် ကန့်သတ်မှုတွေ လုပ်ဆောင်လာကြတာဖြစ်ပြီး ဩစတြေးလျနိုင်ငံမှာလည်း အလားတူဥပဒေမျိုး အတည်ပြုထားပြီး ဖြစ်ပါတယ်။

    Source: Reuters

  • မြန်မာစစ်တပ်နှင့်စစ်အသိုင်းအဝိုင်း Facebook အကောင့် ၂၇၀ ဖယ်ရှားအရေးယူ

    မြန်မာစစ်တပ်နှင့်စစ်အသိုင်းအဝိုင်း Facebook အကောင့် ၂၇၀ ဖယ်ရှားအရေးယူ

    မြန်မာစစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေး Facebook အကောင့်ပေါင်း ၂၇၀ ကို အမေရိကန် အခြေစိုက် Meta ကုမ္ပဏီက ဖယ်ရှားခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တဖွဲ့ ဖြစ်တဲ့ Justice for Myanmar အဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

    Facebook ဟာ မြန်မာစစ်တပ်နဲ့ စစ်အသိုင်းအဝိုင်းက လူမှုကွန်ရက်စာမျက်နှာတွေ၊ အုပ်စုတွေနှင့် ပရိုဖိုင်းအကောင့်တွေ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားခဲ့ကြောင်း၊ ဒါဟာ Meta ကုမ္ပဏီက ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ စစ်တပ်ထိန်းချုပ်သော စီးပွားရေးလုပ်ငန်း‌တွေနဲ့ သတင်း မီဒီယာတွေကို ပိတ်ပင်တဲ့ မူဝါဒအရ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒီအကောင့်အများစုဟာ MyTel ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရောင်းချတဲ့ အကောင့်တွေဖြစ်ပြီး ကျန်အကောင့်တွေကတော့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲနဲ့ လုပ်ငန်းဆက်စပ်အကောင့်တွေလို့ သိရပါတယ်။

    ဒီအထဲမှာ မက်တယ်လ် (MECtel)၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနဲ့ ဒဂုန်ဘီယာတွေပါတယ်လို့လည်း ဖော်ပြထားပါတယ်။

    ဓာတ်ပုံ – မြန်မာစစ်တပ် စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှားခဲ့ကြောင်း ၂၀၂၆ ဇန်နဝါရီ ၂၇ ရက်နေ့ က Justice for Myanmar အဖွဲ့က ကြေငြာထားပုံ။ (Justice for Myanmar)