မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိပြီး သေဆုံးသူ အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ တိုက်ခိုက်မှုမှာ အကြီးပိုင်း ၁ ကောင် အပါအဝင် အထိအခိုက် ၂၄ ကောင် လို့တော့ ကြားရတယ်။ အကြီးပိုင်းက ဗိုလ်မှူးချုပ် အဆင့်ထက်တော့ မနိမ့်ဘူး။ သူလိုလူတောင် ထိရင် ကျန်တဲ့ အရာရှိကြီး အရာရှိငယ် တွေ လည်း ထိမှာပဲ ထိခိုက်မှု အသေးစိတ်ကို ကျနော်တို့ ဆက်လက်စုံစမ်းပြီး ထုတ်ပြန်သွားမယ်။ ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *