Category: News

  • ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ထိုင်းတွင် မူကထစားရာမှ ၁၃ ဦး သေဆုံး

    ဝက်သားမှတစ်ဆင့် ရောဂါပိုးကူးစက်ဟုဆို

    ထိုင်းနိုင်ငံ မူကထဆိုင်များတွင် (အကင်ဆိုင်) ဝက်သားအစိမ်းစားရာမှ ရောဂါပိုးတစ်မျိုး ကူးစက်ခံရပြီး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

    ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မူကထဆိုင်များတွင် ဝက်သားအစိမ်းစားရာမှ Streptococcus suis ရောဂါပိုးကူးစက်ခံရသူ ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်သည်။

    Streptococcus suis ရောဂါပိုးသည် ဝက်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးတစ်မျိုးဖြစ်ပြီး ဖျားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများမှတစ်ဆင့် ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြသည်။

    လက်ရှိတွင် နခွန်ရတ်ချ်စီမားခရိုင်သည် ထိုင်းနိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူ အများဆုံးဖြစ်ကြောင်း ဖော်ပြသည်။

    ထို့ကြောင့် ယခုနှစ်သစ်ကူးတွင် ရောဂါပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်ရန်အတွက် ဝက်သားများကို ကျက်အောင် ချက်ပြုတ်စားသောက်ကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။

    နှစ်သစ်ကူးအချိန်တွင် ဝက်သားများကို အစိမ်းမစားရန်၊ အသားလှီးထားသော ဓါးများကို အသီးအရွက်များ မလှီးကြရန်၊ ဝက်သားများကို စိစစ်၍ ဝယ်ယူကြရန်၊ အကင်ဆိုင်များတွင် အသားစိမ်းစားသော တူများကို သီးခြားထားရှိရန်၊ ဝက်သားစိမ်းများနှင့် ထိတွေ့သူများသည် ရေချိုးသန့်ရှင်းကြရန် ကျန်းမာရေးဌာနက သတိပေးထားသည်။

    Ref: Khaosod, Matichon Online, Komchadluek

  • ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    ရွှေဘိုတွင် ရဲတပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရပြီးနောက် မြို့ရှောင်လမ်း ဖြတ်သန်းခွင့်ပိတ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့ရှောင်လမ်းမှာ ကားတွေကို တားဆီးကာ ပိုက်ဆံတောင်းခံတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်ကစပြီး ရွှေဘိုမြို့ရှောင်လမ်းကနေ ပြည်သူတွေ သွားလာခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်နဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

    လုပ်ငန်းရှင်တယောက်က “သူတို့(ရဲတွေ) အဲလို ပိုက်ဆံတောင်းနေကျဆိုတော့ PDF တွေ ချောင်းပြီး တွယ်ပစ်လိုက်တာ ဟုတ်တယ်။ အခုက အဲဒီ မြို့ရှောင်လမ်းက ဘက်ဖိုးကြီးနဲ့ သွားကုတ်လိုက်ပြီ။ ပြည်သူတွေ သွားပိုင်ခွင့် မရှိတော့ဘူးတဲ့။ သူတို့ဟာသူတို့ တောင်းစားလို့ဖြစ်တဲ့ကိစ္စ ဘက်ဖိုးနဲ့ သွားကုတ်ပစ်လိုက်သတဲ့” လို့ ပြောပါတယ်။

    မြို့ရှောင်လမ်း ပိတ်လိုက်တော့ ခါတိုင်းဆိုရင် ကားကြီးတောင် ပေးမသွားဘဲ ဒဏ်ငွေချတဲ့ မြို့လယ်လမ်းမကြီးပဲ သွားစရာ လမ်းကျန်တော့တယ်လို့ သူကပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်ကပဲ ရွှေဘိုမြို့ရှောင်လမ်းမှာ ပိုက်ဆံ သွားတောင်းတဲ့ ရဲ ၅ ယောက်သွားတဲ့ထဲက ၄ ယောက် သေသွားတယ်လို့ သူက ပြောပါတယ်။

    “သေသွားတဲ့ထဲမှာလည်း နှစ်ပွင့်၊ သုံးပွင့် ရှိသူ ပါတယ်လို့ ပြောတယ်။ PDF နဲ့ သွားတိုးတာ မဟုတ်ဘူး။ အဲဒီကောင်တွေက ကျနော်နဲ့ ခဏခဏတွေ့တယ်။ အဲဒီကောင်တွေ အမြဲတမ်း ကားတစီးနဲ့ ကျနော် သိတယ်။”

    PDF တွေက ရွှေဘိုမြို့ရှောင်လမ်းမှာ ကားတား ငွေတောင်းနေတဲ့ ရဲတပ်ဖွဲ့ကို ချောင်းနေတာ ကြာလောက်ပြီလို့ ယူဆရပြီး PDF တွေနဲ့ သွားတိုးတာ မဟုတ်ဘဲ တည့်တည့်လာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းကို မြို့ထဲကနေ ပေးတာ။ လမ်းပြောင်းပေးလိုက်တာ” လို့ ပြောပါတယ်။

    ဇန်နဝါရီ ၁၀ ရက် မနက်မှာ ရွှေဘိုက ကင်းပတ်နေတဲ့ ရဲကားထဲက ရဲတွေ ငွေနောက်ကို လိုက်ရင်းနဲ့ မြို့ရှောင်လမ်းမှာ တောထဲက PDF တွေ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

    လုံခြုံရေး အကြောင်းပြ ပတ်ကင်းသွားရင်း ငွေလိုက်တောင်းရင်းနဲ့ ခါတိုင်း ကား လေး၊ ငါးစီး သွားပေမယ့် လူနည်းနည်းပဲ ခွဲပြီး တစီးတည်းသွားချိန် ဖြစ်သွားတာဖြစ်ပြီး စပါးသယ်တဲ့ ဒေသကားတွေ အပါအဝင် လမ်းမှာတွေ့တဲ့ ကားတွေကို တွေ့တဲ့နေရာ တားပြီး ငွေတောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

    ရွှေဘိုကနေ စစ်ကိုင်းမြို့အဝင်အထိ ဂိတ်ပေါင်း ၁၂ ဂိတ် ထက်မနည်း ရှိပြီး ဂိတ်ကြေး သိန်း ၂၀ ခန့်အထိ ပေးဆောင်ရတာပြီး အဲဒီလိုတွေ မတရား တောင်းခံတာကြောင့် ငွေကျည်ဆန်သင့်တာလို့ လုပ်ငန်းရှင်၊ ယာဉ်မောင်းတွေက ပြောပါတယ်။

    လက်ရှိအချိန်အထိ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်ချက် မရှိသေးဘဲ ရွှေဘိုမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီက ကုန်တင်ကား စပယ်ယာတွေ အပါအဝင် ရပ်ထဲ ရွာထဲ ခပ်စိတ်စိတ် ပေါ်တာဆွဲလာနေပြီး ငွေနဲ့ ပြန်ရွေးရကာ လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

  • ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရွှေပြည်သာတွင် အောက်ဆိုက်ကား ၁ စီး တိမ်းမှောက်ပြီး ခရီးသည် ၂၅ ဦး ဒဏ်ရာရ

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ဝင်းသာဓုကန် စက်မှုဇုန်ရှေ့မှာ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက အောက်ဆိုက်ကားတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ ရွှေမေတ္တာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

    အောက်ဆိုက်ကား တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို လူနာတင်ယာဥ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဥ်တစီးနဲ့ သွားရောက် ကူညီပေးခဲ့တယ်လို့ အဲဒီအသင်းက ဆိုပါတယ်။

    ဒါ့အပြင် တိမ်းမှောက်ခဲ့တဲ့ကားမှာ စက်သုံးဆီ ယိုထွက်တာရှိခဲ့လို့ ဆီလမ်းကြောင်းပိတ်ဆို့တာ၊ ဘက်ထရီငုတ်ဖြုတ်တာ၊ ဆီလမ်းကြောင်းတလျှောက် သဲနဲ့ မြေသားဖုံးအုပ်တာ၊ မီးကူးစက်လောင်ကျွမ်းတာ မဖြစ်ရအောင် လမ်းသွားလမ်းလာတွေ ဆေးလိပ်မသောက်ဖို့ သတိပေးတာတွေ လုပ်ပေးခဲ့တယ်လို့ အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။

    ရွှေပြည်သာမြို့နယ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေကာ ရွေးကောက်ပွဲ လုပ်နေတဲ့ နေ့မှာပဲ အောက်ဆိုက်ကား မဆင်မခြင်မောင်းရာကနေ ယာဥ်တိမ်းမှောက်မှု ဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

    ရွှေပြည်သာမြို့ခံတယောက်က “အောက်ဆိုက်ကားတွေရော စက်ရုံဖယ်ရီကားတွေရော အရမ်း အမောင်းကြမ်းတာ။ မကြာခဏလည်း ယာဥ်တိုက်မှုတွေ ဖြစ်တယ်။ ဒါလည်း မမှတ်ဘူး” လို့ ပြောပါတယ်။

    တညင်းကုန်းလမ်းဆုံကနေ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို အောက်ဆိုက်ကားတွေ ဝင်ရောက်ပြေးဆွဲနေတာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း လိုင်းကား လုံလုံလောက်လောက် စီစဥ်ပြေးဆွဲပေးနိုင်တာ မရှိတဲ့အတွက် ခရီးသည်တွေက အောက်ဆိုက်ကားတွေကို စီးနင်းနေရသလို အဲဒီ အောက်ဆိုက်ကားတွေ မဆင်မခြင် မောင်းနှင်လို့ မကြာခဏ ယာဥ်မတော်တဆမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

  • ဘီးလင်းတိုက်ပွဲတွင်  ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    ဘီးလင်းတိုက်ပွဲတွင် ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင် စစ်သားအများအပြား သေဆုံး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင်အများအပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    “ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ သေတာ လည်းရှိတယ်။ ပစ်ခတ်တိုက်ခိုက်တာမှာ သေတာလည်းရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ခြုံခိုတိုက်ခိုက်တာဆိုတော့ အန္တရာယ်ကင်းတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    သေဆုံးသူ ဗိုလ်မှူးထူးလင်းမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သေဆုံးချိန်တွင် ဇနီးနှင့်သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေအတွင်းတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နေရာများကို ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    အင်းစိန်ရှိ မဲရုံသို့ စစ်ခေါင်းဆောင် တိတ်တဆိတ် လာရောက်

    လမ်းဘေးဈေးသည်နှင့် ကယ်ရီသမားများပင် သတိမထားမိ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အတွင်းရှိ မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော်လည်း အင်းစိန်မြို့နယ်ရှိ မဲရုံသို့ တိတ်တဆိတ် ရောက်ရှိလာခြင်းကြောင့် မဲရုံပတ်ဝန်းကျင်ရှိ ပြည်သူများပင် သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ) ရပ်ကွက်ရှိ အမှတ် (၄၃) အခြေခံပညာမူလတန်း ကျောင်း မဲရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကျောင်းရှေ့တွင် အိမ်စီးကားအချို့ တန်းစီရပ်ထား သည်ကိုသာ တွေ့ရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

    အဆိုပါ ကျောင်းရှေ့တွင် မြို့သစ်ဈေးရှိသဖြင့် လူသွားလူလာ များပြားချိန်ဖြစ်သော်လည်း စစ်ခေါင်း ဆောင် လာရောက်သွားသည်ကို သတိမထားမိကြောင်း အဆိုပါ ကျောင်းအနီးရှိ ဒေသခံများထံမှ သိရသည်။

    “တိတ်တိတ်လေး လာသွားတာ၊ လမ်းကြောင်းကားတစ်စီးမှမတွေ့ဘူး။ အရင်လူကြီးလမ်းကြောင်း ရှိတယ်ဆို ဆိုင်ကယ်ကယ်ရီတွေမထွက်ရဘူး။ လမ်းဘေးဆိုင်တွေပိတ်ရတာ။ ဒီနေ့ကျပုံမှန်ပဲ။ ထူးခြားတာဆိုလို့ ကျောင်းရှေ့မှာ အိမ်စီးကားတွေပဲတွေ့လိုက်တာ ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသူ တစ်ဦးက ပြောသည်။

    စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပနေသည့် အင်းစိန်မြို့နယ်အတွင်းရှိ မဲရုံအချို့တွင် နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအတွင်း မဲလာပေးသူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

    “မင်းအောင်လှိုင် လာသွားတဲ့ အမှတ် (၄၃) ကျောင်းမဲရုံမှာတော့ လူတန်းစီတာ တွေ့ရတယ်။ အယောက် ၅၀ လောက် ရှိမယ်။ အခြားကျောင်းမဲရုံတွေမှာတော့ လူ ၃၀ လောက်ပဲ ရှိတယ်” ဟု မြို့သစ် (ခ) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    အင်းစိန်မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာများအနက် ဆိုင်ကယ်ကယ်ရီမောင်းသူနှင့် ဆိုက်ကား သမား အများစုတွင်သာ မဲပေးထားသည့် လက်သန်းမင်ရာများ ရှိပြီး ကျန်ပြည်သူများတွင် တွေ့ရှိရမှု နည်းကြောင်း မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

    စစ်ခေါင်းဆောင်သည် အင်းစိန်မြို့နယ်အပြင် လသာနှင့် လှိုင်မြို့နယ်ရှိ မဲရုံများကိုလည်း လိုက်လံကြည့်ရှု ခဲ့ပြီး ယခုကဲ့သို့ ကိုယ်တိုင်လှည့်လည်ခြင်းမှာ ဝန်ထမ်းများနှင့် ပြည်သူများကို တစ်ဖက်လှည့်ဖြင့် အကျပ်ကိုင် ဖိအားပေးလိုခြင်းသာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။