Category: News

  • ထန်းတပင် ထွေအုပ်ရုံးနှင့် ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    ထန်းတပင် ထွေအုပ်ရုံးနှင့် ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    တောင်ငူခရိုင် AD သေဆုံးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြားဒဏ်ရာရကာ ကိုယ်စားလှယ်လောင်းများထွက်ပြေး

    စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၂) ပြုလုပ်နေစဉ်အတွင်း ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ရဲစခန်းတို့အား ဒေသ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်ငူခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး (AD) ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

    ယနေ့ ဇန်နဝါရီ ၁၁ ရက်၊ နံနက် ၆ နာရီဝန်းကျင်တွင် မဲပုံးများ စုဝေးထားရှိရာ မြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “မနက် ၆ နာရီလောက်မှာ ဖြစ်တာ။ ကျွန်တော်တို့တော့ ထွက်ပြေးလာခဲ့ပြီ။ ထွေအုပ်ရုံးပေါ် တည့်တည့် ကျတာ တောင်ငူခရိုင် AD ပွဲချင်းပြီး သေတယ်။ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျန်တဲ့သူတွေ တော့ ဒဏ်ရာအပြင်းအထန် ရကုန်တယ်” ဟု ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်ခံရသဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် မဲပေးရန် ရောက်ရှိနေသူများပါ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

    “မဲပေးဖို့ သွားမလို့လုပ်တုန်း အသံအကျယ်ကြီး သုံးချက် ဆက်တိုက်ကြားရတယ်။ ပြီးတော့ တစ်ချက်ချင်း ထပ်ကြားရတယ်။ စုံစမ်းကြည့်တော့ ထွေအုပ် AD သေဆုံးသွားတယ်၊ မီးသတ်ဦး စီးမှူးမိန်းမ လမ်းလျှောက်ရင်း ထိသွားတယ်။ ရဲစခန်းရှေ့ လမ်းပေါ်ပြုတ်ကျတာ နေပူစာလှုံနေတဲ့ ရဲမေ ခြေထောက်ပြတ်သွားတယ်လို့ ကြားတယ်။ မဲမသွားပေးရဲတော့လို့ အိမ်ထဲမှာပဲ ပြန်နေနေရတယ်” ဟု ထန်းတပင်မြို့ခံတစ်ဦးက ပြောသည်။

    သေဆုံးသွားသည့် တောင်ငူခရိုင် AD သည် တောင်ငူသို့ ပြောင်းရွှေ့ရောက်ရှိလာသည်မှာ လပိုင်းမျှသာ ရှိသေးပြီး အဆိုပါ ရုပ်အလောင်းအား တောင်ငူပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် နေရပ်ဖြစ်သော မန္တလေးမြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

    ယနေ့တွင် စစ်ကော်မရှင်၏ တစ်ဖက်သပ် ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပသည့် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အပြင် ရေတာရှည်မြို့နယ်တွင်လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

    ဒေသကာကွယ်ရေးတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်တံခါး မြို့နယ်၊ တောကျွဲအင်းမြို့နှင့် အုတ်တွင်းမြို့နယ်အစပ်ရှိ စစ်ကော်မရှင် စခန်း ၁၄ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

  • စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    ‎တိုက်ပွဲပြင်းထန်လာသည့် စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    ‎စစ်တွေတွင် စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့သိမ်းဆည်းခံရသည့် အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများထွက်ပြေးရန် အသင့်အနေအထားရှိကြောင်း သိရသည်။

    ‎စစ်တွေမြို့ ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ်(ဒကစ)၏ ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ဝင်ရောက်သိမ်းယူပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်တပ်အရာရှိပိုင်းနှင့် မိသားစု ဝင်များ ပြောင်းရွှေ့မှုရှိကြောင်း သိရသည်။

    “စခန်းတွေ သိမ်းခံရပြီးတဲ့နေ့ပဲ တပ်အရာရှိမိသားစုတွေကို နေပြည်တော်ပို့တယ် ပြောတယ်။ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ သူတို့က ရုတ်ရုတ်သည်းသည်း လုပ်နေတော့လေ” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎ကံ့ကော်ကျွန်းရှိ စစ်ကော်မရှင်၏ ဒကစ ကာကင်းစခန်းနှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် AA က ဝင်ရောက် သိမ်းယူခဲ့ပြီး စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရမိမှုများရှိခဲ့သည်။

    ‎ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်အရာရှိမိသားစုဝင်များကို လေကြောင်းဖြင့် နေပြည်တော်သို့ပို့ ဆောင်ပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ထို့အပြင် စစ်တွေတပ်ရင်းများ၌ ရဟတ်ယာဉ်များကို အသင့်ထားရှိထားပြီး အမ်းဖြစ်စဉ်ကဲ့သို့ ထိပ်သီးပိုင်း အရာရှိများ AA ထံ လက်ရဖမ်းဆီးခံရမှုမှ လွတ်ကင်းအောင် ပြင်ဆင်ထားရှိကြောင်း သိရသည်။

    ‎စစ်တွေ ခြေလျင်တပ်ရင်း ခလရ ၂၀အတွင်းတွင် MI17တစ်စင်း၊ MI 35 တစ်စင်းတို့ ထားရှိထားပြီး ခလရ ၂၀ အနီး အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၈) တွင် MI 17 တစ်စင်း တို့ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။

    AA သည် ‎စစ်တွေမြို့ ပါဒလိပ်၊ ဝါဘို၊ ကန့်ကော်ကျွန်း၊ အမြင့်ကျွန်းတို့ရှိ စစ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ကာကင်း နှစ် ခုသိမ်းယူခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မတိုင်ခင်အထိ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

  • ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    အကြမ်းဖက် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခြိမ်းခြောက်ခေါ်ယူ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခေါ်ယူမှုများ လုပ်ဆောင်ရကြောင်း ဒေသပြည်သူများနှင့် မဲရုံများကို လိုက်လံစောင့်ကြည့်နေသော ကင်းထောက်လူငယ်များက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ အဖြစ် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြည်တိုင်၊ အင်းစိန် အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေး ကောက်ပွဲ အပိုင်း ၂ ယနေ့ ကျင်းပခဲ့သည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို လှည့်လည်၍ ကြည့်ရှုခဲ့ရာတွင် ၎င်းသွားရောက်မည့် မဲရုံများတွင် မဲပေးသူများကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကြို တင်စုဆောင်းပြီး လူများသယောင် လူစုပေးခဲ့ရကြောင်း လှိုင်မြို့နယ်မှ မဲပေးခဲ့ရသူ ပြည်သူတစ်ဦး က ပြောဆိုသည်။

    “ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲရုံမှာ မဲလာပေးဖို့ လိုက်ပြောတယ်။ မဲစာရင်းပါပြီး မဲမပေးဘူးဆိုရင် ခရီးသွားထောက်ခံစာ မပေးဘူး။ အိမ်မှာရှိတဲ့ ကလေးတွေ(လူငယ်)ကိုလည်း စစ်မှုထမ်း ခေါ်တာမျိုးဖြစ်နိုင်တယ်ဆိုတာမျိုး ပြောသွားတယ်။ ကိုယ့်တစ်အိမ်တည်းမဟုတ်ဘူး။ တစ်ရပ်ကွက်လုံး လမ်းတိုင်းကို လိုက်ပြောတာ။ အမှတ် ၃ မဲရုံမှာ မနက်ကတည်းက လူကြီးလာမယ်ဆိုပြီး မဲမပေးခိုင်းဘဲ လူစုထားတာ” ဟု လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ မိခင်တစ်ဦးက ပြောဆိုသည်။

    ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ အင်းစိန်မြို့နယ်တို့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲရုံများသို့ အားလုံး မဖြစ်မနေ မဲလာပေးကြရန်၊ မှတ်ပုံတင်မရှိပါက မဲစာရင်းနံပါတ်ကို ပြော၍ မဲပေးနိုင်ကြောင်း လော်စပီကာများဖြင့် လှည့်လည် အော်ဟစ် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “အင်းစိန်မှာတော့ ညနေ ၄ နာရီမဲရုံပိတ်မှာမို့ မဲစာရင်းမှာပါရင် ချက်ချင်း မဲလာပေးဖို့၊ မှတ်ပုံတင်မရှိရင်လည်း မဲစာရင်းနံပါတ်ပါတဲ့စာရွက်နဲ့ မဲလာပေးလို့ရတယ်ဆိုပြီး လိုက်အော်တယ်” ဟု အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲအပိုင်း ၁ တွင် မဲပေးသူများ များပြား၍ အားရသည်ဟု မီဒီယာများကို ထုတ်ဖော်ပြောဆိုပြီး ရွေးကောက်ပွဲ အပိုင်း ၂ တွင်လည်း မဲပေးသူများပြားလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲလာပေးသူများ ပြားစေရန် အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲမပေးလျှင် ဧည့်စာရင်းကိစ္စ၊ စစ်မှုထမ်းကိစ္စ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်၊ ခရီးသွားထောက်ခံစာများ လုပ်မပေးဟုဆိုကာ အကျပ်ကိုင် ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း မဲပေးသည့် ပြည်သူမှာ နည်းပါးခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင်း ပန်းဘဲတန်း၊ လသာမြို့နယ်ရှိ မဲရုံများတွင်လည်း မဲပေးသူ နည်းပါးခဲ့ပြီး နံနက် ၁၁ နာရီမှစတင်၍ မဲရုံများတွင် လူမရှိကြောင်း မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော ကင်းထောက်လူငယ်တစ်ဦးက ဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ရန်ကုန်သို့ လာရောက်၍ မြို့နယ်များရှိ မဲရုံများကို လိုက်လံ ကြည့်ရှုကာ မဲပေးသူများကို မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

  • နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော်၊ဧလာမြို့အနီးရှိ စစ်တပ်ဂိတ်ကို ပြည်သူတို့၏ တောင်းဆိုမှုအရ လျှပ်တစ်ပြက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၂ဦး ဒဏ်ရာရခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာ နန်းချိုးချောင်း ရေ ကျော်၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၁၁ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

    “ခန့်မှန်း ၁၀မိနစ် ကျော်ကျော်ပါ။ ပြောက်ကျား ဝင်ပစ်တာပါ။ သူတို့ဘက်ကပြန် ပစ်ပါတယ်။ ဒါပေ မဲ့၊ ကျနော်တို့ကကြိုပြီးစီစဉ်ခဲ့နိုင်ပါတယ်။ ၂ ဦးကို နေပြည်တော် ကုတင်၁၀၀၀ကို ပို့တယ်လို့ သိထားပါတယ်။ ကျနော်တို့ ပြန်ခွာထားတော့ သတင်းတော့ထပ်မရသေးဘူး”ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဓမ္မ ဆက်ကြေးကောက်နေသည့် ယင်းဂိတ်ကို ရှင်းလင်းပေးရန် ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုသဖြင့် ဝင်ပစ်ခြင်းဖြစ်ကြောင်း သိရသည်။

    “ပုံမှန် ၄၊၅ ယောက်ပါပဲ။ ဒေသခံတွေကို ဆက်ကြေးကောက်ဖို့ ကုက္ကိုလ်ပင်အောက်မှာ ဂိတ်ထိုင်နေ ကြတာပါ။အမြဲတမ်းရယ်လို့မဟုတ်ပါဘူး။ လုံခြုံရေး အကြောင်းပြပြီး ပိုက်ဆံလာ၊လာ ကောက်တာ ပါ‌။ သတ်မှတ်ချက်မရှိပါဘူး။ မူးရင် ပိုကောက်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့မှ ချေမှုန်းရေးတပ်ဖွဲ့ဝင်များ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

    အောင်ချမ်းသာကျေးရွာသည် ဧလာမြို့နှင့် ၄ မိုင်ခန့် ဝေးပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ မိုင်ခန့်ဝေးကာ လယ်ဝေးမြို့နှင့်မူ ၁၂ မိုင်ဝန်းကျင် ဝေးသည်။

    ပုံစာ – တိုက်ပွဲဝင် ဝရဇိန်တပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

  • ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာတည်ရှိတဲ့ ခရိုင် ၃ ခုက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

    ဒီနေ့ မနက် ၂ နာရီအချိန်မှာပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ အနီးသွားလာတာ မလုပ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားကြောင်း ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာဌာန ISOC ရဲ့ ‌ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “မကောင်းတဲ့အကြံအစည်ရှိတဲ့အဖွဲ့တွေက ဗုံးထောင်ပြီး တောင်ပိုင်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ပေါက်ကွဲမှုတွေဟာ ယာလာ၊ ပတ္တာနီနဲ့ နရသီဝပ်ခရိုင်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိုင်းရဲတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ထိုင်းမှာ မကြာခင်လုပ်ဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ဆက်စပ်သလားလို့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီထိုင်းကမေးမြန်းရာမှာတော့ “ဖြစ်နိုင်ခြေတွေအားလုံးကို ဆန်းစစ်နေတယ်” လို့ ဆိုပါတယ်။

    ယာလာနဲ့ နရသီဝပ် ခရိုင်တို့ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေးကို အမြင့်ဆုံးထားစောင့်ကြည့်နေပြီး ပတ္တနီမှာလည်း နယ်မြေအပြည့် စောင့်ကြည့်နိုင်အောင်လုပ်နေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်အထိ ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။