Category: News

  • သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့  ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့ ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    ပင်လုံညီလာခံကျင်းပခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မြို့တစ်မြို့ဖြစ်ခဲ့ပြီး အခုတော့ အဲပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ ဝေဝေဆာဆာဖူးပွင့်လျက်ရှိနေပါတယ်။

    နေရာအတိအကျပြောရရင် ပင်လုံကနေ ဟိုပုံးမြို့အနီးကို တိုက်ရိုက်ပေါက်ရောက်တဲ့ ဖြတ်လမ်းပေါ်မှာတည်ရှိပြီး ကျောက်တန်းလို့ခေါ်တဲ့ ရွာကြီးကို ဖြတ်သန်းသွားလာရတဲ့အတွက် ကျောက်တန်းလမ်းလို့လည်း အများက ခေါ်ဝေါ်ကြပါတယ်။

    ကျောက်တန်းရွာနဲ့ပင်လုံမြို့ဟာ မိုင်အားဖြင့် ၄၄မိုင်ရှိပြီး အဲ၄၄မိုင်ထဲက မိုင်၂ဝလောက်ဟာ ပတ်ပတ်လည် ဘိန်းစိုက်ခင်းတွေနဲ့ ဝိုင်းရံထားပြီး ဘိန်းစိုက်ခင်းတွေဟာ မျက်စိတစ်ဆုံးထိ တွေ့မြင်ရလျက်ရှိနေပါတယ်။

    “အရင်ကတော့ ဘိန်းစိုက်ခင်းတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက် များတဲ့ ဘိန်းခြံမမြင်ဖူးဘူး။ ဘယ်နားရပ်ရပ် မျက်စိတစ်ဆုံးကို မြင်ရတယ်။ အနည်းဆုံး ဧက ၁သိန်းကျော်ရှိမယ်လို့ ခန့်မှန်းရတယ်”လို့ အဲလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ကားသမားတစ်ဦးက မှတ်ချက်ပြုပါတယ်။

    အဲဧက သိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတည်ရှိရာဟာ အကွာအဝေးအားဖြင့် တောင်ကြီးနဲ့ မိုင်၄ဝ၊ ဟိုပုံးနဲ့ ၇မိုင် သမိုင်းဝင်မြို့ကြီးဖြစ်တဲ့ ပင်လုံနဲ့ ၃မိုင်နဲ့သာ ကွာဝေးပါတယ်။

    ဘိန်းတွေစိုက်ပျိုးထားတဲ့ အဲကျောက်တန်းနဲ့ပင်လုံမြို့ကြားမှာ လက်နက်ကိုင်တွေရဲ့ ဂိတ်ပေါင်း ၅ခုရှိပြီး အဲထဲမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)ဂိတ်က ၂ခု၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဂိတ်က ၁ခု၊ စစ်ကောင်စီဂိတ် ၁ခုနဲ့ ပင်လုံမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့PNOပူးပေါင်းဂိတ် ၁ခုဆိုပြီး ရှိရာ ပင်လုံမြို့အဝင်ဂိတ်က စစ်ဆေးရေးဂိတ်မှာ အဓိကအားဖြင့် မူးယစ်ဆေးဝါးကို အဓိကထားစစ်ဆေးတယ်လို့ ဆိုထားပြန်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကတော့ ကျောက်တန်းနဲ့ပင်လုံအလယ်လောက်မှာ တည်ရှိကာ ဘိန်းစိုက်ခင်းတွေ ဝန်းရံထားတဲ့ တောင်ပေါ်ဘုရားမှာ တည်ရှိထားပြီး အဓိကကတော့ စစ်ကောင်စီရဲ့ ဗျူဟာက အထိုင်ချထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ဘိန်းခြစ်ရာသီရောက်ရှိလာတော့မှာဖြစ်ပြီး ဘိန်းစိုက်ခင်းတောင်သူတွေကို အခြားလက်နက်ကိုင်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ကပါ ကားနဲ့လာရောက်ပြီး လုံခြုံရေးယူပေးနေတာတွေ တွေ့မြင်ရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

    ပင်လုံ-ကျောက်တန်းလမ်းဟာ မူလကတည်းက အေးချမ်းသာယာခဲ့ပြီး အခုလည်း အဲဒီလမ်းဟာ ဝေဝေဆာဆာဖူးပွင့်နေတဲ့ ဘိန်းစိုက်ခင်းတွေနဲ့အတူ ခရီးသွားတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်(TikTok)မှာ အများအပြား ပြန်လည်ဝေမျှနေကြတာကို တွေ့မြင်နေရပြီး သွားရောက်လိုသူတွေလည်း များပြားနေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ခရီးသွားအများစုဟာ အဲလမ်းကို သိကြခြင်းမရှိဘဲ လဲချား-တောင်ကြီး ခရီးလမ်းကို လဲချား-ပင်လုံ-လွိုင်လင်-ဟိုပုံး-တောင်ကြီး အဲပုံမှန်ခရီးလမ်းကိုသာ သွားကြပြီး အနည်းစုကသာ ပင်လုံကနေ ဟိုပုံးအနီးကို တိုက်ရိုက်ရောက်မယ့် ကျောက်တန်းလမ်းကို သွားလာနေကြတာ ဖြစ်ပါတယ်။

    အချို့ကတော့ အဲလမ်းခရီးဟာ အတက်အဆင်းကြမ်းတာကြောင့် မသွားကြတာလို့ ဆိုပါတယ်။

    အဲဒီလမ်းဟာ လမ်းမကြီးဖြစ်ပြီး ထူးဆန်းနေတာက Google Map မှာ ရှာဖွေလို့ မရတာဘဲ ဖြစ်ပါတယ်။ ဒီလမ်းပိုင်းကို အစပိုင်းမှာတော့ ဒေသခံတွေသာ ဖြတ်သန်းသွားလာကြပြီး လွိုင်လင်မြို့မှာ ရေးကြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၂ဝ၂၄ခုနှစ် စက်တင်ဘာလမှသာ ခရီးသွားတွေက ဖြတ်လမ်းအဖြစ် စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

    လဲချားရှိဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ အဲဒီဘိန်းစိုက်ခင်းတွေဟာ လွန်ခဲ့တဲ့ ၂နှစ်က စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ ဆိုထားတာကြောင့် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ပေါ်ထွက်လာတဲ့ ဘိန်းစိုက်ခင်းတွေယူဆနိုင်ပါတယ်။

    ဒါပေမယ့် အခုလို အချိန်တိုအတွင်း ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ အလျင်အမြန်ပေါ်ထွက်လာတာဟာ အံသြဖို့ကောင်းသလို အခုဘိန်းစိုက်ခင်းတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်လို့ စစ်ကောင်စီတပ်ကိုယ်တိုင် မပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ သွားလာနေကြတဲ့ ကားသမားတွေက ပြောပါတယ်။

    ၂ဝ၂၃ခုနှစ်ကနေစတင်ပြီး အဖဂန်နစ္စတန်ကို ကျော်ဖြတ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ ၂ဝ၂၅ခုနှစ်မှာလည်း ၈၈ရာခိုင်နှုန်းနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)က ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လှပတဲ့ ဘိန်းစိုက်ခင်းတွေဟာ လည်ပတ်သွားစရာနေရာတစ်ခုလိုဖြစ်နေပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီတပ်ကပင် အဲလုပ်ငန်းမှာ ပါဝင်ပတ်သတ်နေကြောင်းပါခင်ဗျား…။



    ဓာတ်ပုံ – CJ ၊ TikTok

    မိုင်းအနိုင် စုံစမ်းရေးသားသည်။

  • ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး

    ပြည်သူ့ စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး

    ခေါင်လန်ဖူးမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ကာ ၁၀ ဦး သေဆုံး

    တော်လှန်ရေးတပ်များက အလောင်းများကို မြေမြှုပ်သဂြိုလ်ပေးရ

    ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ လာဟီဆင်ဒေသသို့ ထိုးစစ်ဆင်လာသော စစ်တပ်လက် အောက် ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အစာအဆိပ်သင့်ပြီး တပ်သား ၁၀ ဦး သေဆုံးသွားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    အောက်တိုဘာလ ၂၄ ရက်နေ့က ခေါင်လန်ဖူးမြို့နယ်နှင့် ဆော့လော်မြို့နယ်အစပ်ရှိ လာဟီဆင် စစ်တပ် စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယင်းစခန်းကို ပြန် လည်ရရှိရေးအတွက် ဒီဇင်ဘာလဆန်းပိုင်းတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခေါင်လန်ဖူးပြည် သူ့စစ်တပ်ဖွဲ့မှ အင်အား ၃၀ ကျော်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

    ထိုသို့ ချီတက်လာသော စစ်ကြောင်းအနက် တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ပါ ရှေ့ ပြေးပွိုင့်တပ်စိပ်တစ်စိပ် သည် တောတွင်း တနေရာ၌ စုပြုံသေဆုံးနေကြခြင်းဖြစ်ပြီး KIA၊ KPDF တပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ၎င်းတို့ကို သေဆုံးနေသည့် နေရာအနီး၌ မြေကျင်းတူးကာ သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။

    ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ် သက်၍ ဒေသတွင်း၌ အချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်း သို့မဟုတ် KIA၊ KPDF တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ခံရမှု ကြောင့် ထွက်ပေါက်ပိတ်ကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြသည်ဟု သတင်းထွက်ပေါ်ခဲ့သော် လည်း အမှန်တကယ်မှာ ငါးဟင်းချက်စားရာမှ အစာအဆိပ်သင့်ကာ သေဆုံးသွားခြင်းဖြစ် ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

    “ခေါင်လန်ဖူးဘက်ကနေ တက်လာတာ။ လာတာက ၃၀ ကျော်တယ်။ ရှေ့ပြေးပွိုင့်တပ်စိပ်တစ်ခုလုံး သေတာ၊ မှန်ပါတယ်။ ငါးဖမ်းပြီး စားကြရင်းသေတာဖြစ်နိုင်တယ်။ အဲဒီဘက်က တချို့ငါးတွေက အဆိပ်ရှိတယ်။ စားလို့မရဘူး။ ငါးဖမ်းပြီးစားရင် သေမှာပဲ။ အရင်က ဌာနပြောင်း ရဲတွေလည်း သေကြတာပဲ။ တွေ့ရာ ငါးဖမ်းစားကြတာ၊ သေတာပဲ၊ တချို့ရဲတွေက သိတယ်။ ငါးဖမ်းစားလို့ သေကြတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    သေဆုံးသွားသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခေါင်လန်ဖူးပြည်သူ့စစ် စစ်ကြောင်းသည် ခေါင်လန်ဖူးမြို့နှင့် လာဟီဆင်တောင်ကုန်းကြား၌ စစ်ကြောင်းထိုးနေသည်မှာ ၁ လကျော်ကြာမြင့် နေပြီဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံ- ခေါင်လန်ဖူး ပြည်သူ့စစ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်

    KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်

    KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင် ရွေးကောက်ပွဲကျင်းပခွင့်မပြုဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်တပ်၏ရွေး ကောက်ပွဲကို အသိ အမှတ် ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင်လည်း ရွေးကောက်ပွဲများကို ပြု လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေး ကောက်ပွဲကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလအထိ ရွေးကောက်ပွဲကို ၃ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။

    “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ KIO/KIA အနေနဲ့ မထောက်ခံဘူး။ အသိအမှတ်မပြုဘူး။ KIA/KIA ထိန်းချုပ်ဒေသတွေမှာ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    လက်ရှိတွင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်ကလည်း ထိုးစစ်ဆင်များ ဆင်နေဆဲဖြစ်ကြောင်း၊ နေ့စဉ် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း၊ မြေပြင်မှ အဆက်မပြတ် တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    “ကချင်ပြည်နယ်အတွင်းမှာကတော့ တိုက်ပွဲတွေကတော့ တောက်လျှောက်ဖြစ်နေပါတယ်။ ဗန်းမော်မှာဆိုရင် နေ့စဉ် တိုက်ပွဲတွေဖြစ်နေတယ်။ စစ်တပ်က သူတို့ လက်လွှတ် ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်ရဖို့ မြေပြင်မှာ ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်။ ခေါင် လန်ဖူးဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျနော်တို့ကတော့ ခုခံစစ်တိုက်ပွဲအဓိကလို့ ပြော ရမှာပေါ့။ ကချင်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲ တွေဖြစ်နေပေမယ့် အသေးစိတ် သိရဖို့ကတော့ အလှမ်းဝေးတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    KIO/KIAအနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ဦးတည်ချက်ဖြင့် တိုက်ပွဲများ ဆက်လက် တိုက်ခိုက် ထိုးစစ်နေဆဲဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောဆိုသွားသည်။

  • MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်း

    MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်း

    စစ်တပ်နှင့် အပစ်ရပ်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အောက်ခံ အနီ၊ အပြာနှင့် ကြယ်ဖြူ ၃ လုံး အလံကို တရားဝင် အထူးဒေသ အလံတော်အဖြစ် စတင်သုံးစွဲ

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများစုကို သိမ်းပိုက်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး တရားဝင်လံကို စတင်သုံးစွဲမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။

    ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသော အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီအစည်းအဝေးက “ပြည်ထောင်စု မြန် မာနိုင်ငံ အထူးဒေသ ၁ ဒေသအလံတော်ဥပဒေ” အတည်ပြုခဲ့ပြီး တရားဝင်အလံတော်ကို စတင်သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ ၁ ၏ ဒေသအလံတော်ဥပဒေ ပြဋ္ဌာန်းချက်တွင် အထူးဒေသ ၁ ၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်၊ အထူးဒေသအလံ၏အသုံးပြုမှုကိုစနစ်တကျဖြစ်စေရန်၊ အထူးဒေသအပေါ် နိုင်ငံသားများ၏ ပြည်သူ့အသိ၊ ပြည်သူ့စိတ် ဓာတ် ပိုမိုမြှင့်တင်ရန်၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုစသည့် အဓိကတန်ဖိုးများကို ဖြည့်ဆည်းရန်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံအထူးဒေသ ၁ ၏ အခြေခံဥပဒေအရ ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

    အထူးဒေသအလံတွင် အောက်ခံအရောင်သည် အနီနှင့် အပြာဖြစ်ပြီး၊ အနီရောင်သည် သတ္တိ၊ တော်လှန် ရေးနှင့် ကြိုးပမ်းအား ထုတ်မှုကို ကိုယ်စားပြုကြောင်း၊ အပြာရောင်သည် လွတ်လပ်စွာ စဉ်းစားတွေး ခေါ်ခွင့်၊ အနာဂတ်အိပ်မက်များနှင့် အတူတကွလက်တွဲလုပ်ကိုင်ရန် စိတ်ဓာတ်ကို ကိုယ်စားပြုကြောင်း၊ အလံတော်၏ အလယ်ဗဟိုတွင် ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့ကို ကိုယ်စားပြုသည့် အဖြူရောင် ကြယ်ပွင့်သုံးပွင့် ရှိကြောင်း ကြေညာထားသည်။

    အထူးဒေသအလံ၏ လက်ရှိအဓိပ္ပါယ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ ၁ သည် တရားဥပဒေစိုးမိုးမှုကို အခြေခံပြီး၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို အဓိကတန်ဖိုးထားသည့် လူ့ အဖွဲ့အစည်းကို တည်ဆောက်မည်ဖြစ်ကြောင်္ငး၊ သတ္တိရှိသော တိုင်းရင်းသားလူမျိုးများနှင့် ပူးပေါင်း၍၊ အပြန်အလှန်နားလည်လက်ခံမှုဖြင့်၊ အတူတကွကြိုးပမ်းကာ အထူးဒေသသစ်ကို တည်ဆောက်ပြီး အနာဂတ်ကောင်းများကို ဖန်တီးကြမည်ဖြစ်ကြောင်း ကြေညာသည်။

    အထူးဒေသတွင်းရှိ ပြည်သူတိုင်းနှင့် အဖွဲ့အစည်းတိုင်းသည် အထူးဒေသအလံကို လေးစားကာကွယ်ရမည်ဖြစ်ကြောင်း၊ အထူးဒေသအလံကို အဖွဲ့အစည်းများ၏ ဌာနချုပ်ရုံးများတွင် နေ့စဉ် အထူးဒေသအလံကို လွှင့်ထူရမည်ဖြစ်ပြီး အထူးဒေသအုပ်ချုပ်ရေးကော်မတီ၊ လက်အောက်ခံအဆင့်ဆင့်ရှိ အုပ်ချုပ်ရေးကော်မတီအဖွဲ့အစည်းများနှင့် ရုံးများ၊ အထူးဒေသတရားရုံး၊ အထူးဒေသရှေ့နေချုပ်ရုံး၊ နယ်စပ်ဝင်ထွက်ဂိတ်များ၊ နယ်စပ်စောင့်ရှောက်ရေးစခန်းများ၊အထူးဒေသရှိ ကျောင်းများသည် ဆောင်းရာသီအားလပ်ရက်၊ နွေရာ သီအားလပ်ရက်နှင့် တနင်္ဂနွေနေ့မျာမှအပ နေ့စဉ် အထူးဒေသအလံကို လွှင့်ထူရမည်ဖြစ်ကြောင်း သိရှိရသည်။

    အထူးဒေသ၏ အရေးပါသော ပွဲတော်နေ့များနှင့် အရေးပါသောလှုပ်ရှားမှုများ ကျင်းပသည့်အခါ အဆင့်ဆင့်သော အာဏာပိုင် အဖွဲ့အစည်းများ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် အများပြည်သူသုံး လှုပ်ရှားမှုနေရာများဖြစ်သော စည်ကားသောရင်ပြင်၊ ပန်းခြံများတွင် အထူးဒေသအလံ လွှင့်ထူရမမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများသည် ဖြစ်နိုင်လျှင် အထူးဒေသအလံတော်ကို လွှင့်ထူသင့်ကြောင်း ဥပဒေပြဋ္ဌာန်းထားသည်။

    အရေးကြီး ခမ်းနားသော ဂုဏ်ပြုပွဲများ၊ အထိမ်းအမှတ်ပွဲများ၊ အရေးကြီးခမ်းနားသော ယဉ်ကျေးမှုနှင့် အားကစားပွဲများ၊ ခမ်းနားသော ပြပွဲများ ကျင်းပသည့်အခါ အထူးဒေသအလံကို လွှင့်ထူနိုင်ပြီး စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ တပ်စခန်းများ၊ စစ်ဘက်ယာဉ်များတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် စစ်ဦးစီးဌာနချုပ်၏ သက်ဆိုင်ရာ စည်းမျဉ်းများနှင့်အညီ အထူးဒေသအလံကို လွှင့်ထူရမည်ဖြစ်သည်ဟု သိရှိရသည်။

    အထူးဒေသအလံ လွှင့်ထူရာတွင် အလံတင်သည့် အခမ်းအနားကျင်းပနိုင်ပြီး အလံတင်သည့်အခမ်း အနား ကျင်းပသည့်အခါ အထူးဒေသအလံတော် မြင့်တက်နေစဉ် ပါဝင်သူများသည် အလံဘက်သို့ မျက် နှာမူကာ ရပ်တည်ပြီး အလေးအနက်ထားရမည် သို့မဟုတ် သတ်မှတ်ထားသည့်အတိုင်း အလေး ပြု ခြင်းပြုရမည်ဖြစ်ကြောင်း၊ အထူးဒေသသီချင်းကို တီးမှုတ်သီဆိုရမည်ဖြစ်ကြောင်း၊ ကျောင်းများ သည် အားလပ်ရက်များမှအပ သီတင်းတစ်ပတ်လျှင် တစ်ကြိမ် အလံတင်သည့်အခမ်း အနား ကျင်းပရမည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းအပြင် အထူးဒေသ၏ ဝမ်းနည်းခြင်းအထိမ်းအမှတ်များတွင်လည်း အလံတော်ကို တစ်ဝက်လွှင့်ထူရမည်ဖြစ်ကြောင်း သိရှိရသည်။

    ကိုးကန့် MNDAA မှာ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် အကြမ်းဖက် စစ်တပ်နှင့် အပစ်ရပ်ထားသော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

  • စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့  တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    AA ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ်ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေဟု အပစ်ရပ် TNLA နှင့် MNDAA က ကြေညာ

    ရခိုင်ပြည်တွင် AA က ထိန်းချုပ်ထားသော မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး စစ်အုပ်စု၏ လုပ် ရပ်က မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေကြောင်း စစ်တပ်နှင့် ယာယီ အပစ်ရပ်ထားသည့် တအာင်း TNLA နှင့် ကိုးကန့် MNDAA က ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရက္ခိုင်ပြည်တစ်ဝန်းလုံးအား အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုလုပ်ရပ်အပေါ် ကန့် ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ရာတွင် TNLA နှင့် MNDAA တို့က စစ်တပ်၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လာခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့ကိုပါ မချန်လှပ်ထားနိုင်ဘဲ ရက္ခိုင်ပြည်အတွင်းရှိ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးအား ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက် ခိုက်ခဲ့သောကြောင့် ပြည်သူ့ဆေးရုံကြီးတစ်ခုလုံးနီးပါး နှင့် ဆေးရုံအနီးပတ်ဝန်းကျင်ရှိ လူနေအိမ် အချို့ပါ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသော ကလေးသူငယ်၊ ကိုယ် ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း စစ်ကော်မရှင်က စစ်ရှောင်ပြည်သူများ နေထိုင်ရာ ကျောက် ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာကို ဗုံးကြဲခဲ့သဖြင့် စစ်ရှောင်များအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် မင်းရပ်ကျေးရွာ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုကဲ့သို့ ပြည်သူလူထုအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး စေသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များသည် မြန် မာပြည်ကို ကျရှုံးနိုင်ငံအဖြစ်သို့ အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း၊ MNDAA နှင့် TNLA တို့က ပြောဆိုထားသည်။

    စစ်ကော်မရှင်က စစ်ဘက်ပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ စုဝေးနေထိုင်ရာ နေရာများ ကို ဦးတည်ပစ်မှတ်ထားကာ ရက္ခိုင်ပြည်တစ်ဝန်းလုံးအပါအဝင် မြန်မာပြည်အနှံ့အပြားအား နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး မြန်မာစစ်ကော်မ ရှင်၏ လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့် ရေးအတွက် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတို့က ကူညီဆောင်ရွက်ပေးကြပါရန် TNLA နှင့် MNDAA တို့က မေတ္တာရပ်ခံထား သည်။