KIO က စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင် ရွေးကောက်ပွဲကျင်းပခွင့်မပြုဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို
ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်တပ်၏ရွေး ကောက်ပွဲကို အသိ အမှတ် ပြုမည်မဟုတ်ဘဲ KIA ထိန်းချုပ်ဒေသများတွင်လည်း ရွေးကောက်ပွဲများကို ပြု လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုလိုက်သည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေး ကောက်ပွဲကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီလအထိ ရွေးကောက်ပွဲကို ၃ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ KIO/KIA အနေနဲ့ မထောက်ခံဘူး။ အသိအမှတ်မပြုဘူး။ KIA/KIA ထိန်းချုပ်ဒေသတွေမှာ ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
လက်ရှိတွင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်ကလည်း ထိုးစစ်ဆင်များ ဆင်နေဆဲဖြစ်ကြောင်း၊ နေ့စဉ် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း၊ မြေပြင်မှ အဆက်မပြတ် တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
“ကချင်ပြည်နယ်အတွင်းမှာကတော့ တိုက်ပွဲတွေကတော့ တောက်လျှောက်ဖြစ်နေပါတယ်။ ဗန်းမော်မှာဆိုရင် နေ့စဉ် တိုက်ပွဲတွေဖြစ်နေတယ်။ စစ်တပ်က သူတို့ လက်လွှတ် ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်ရဖို့ မြေပြင်မှာ ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်။ ခေါင် လန်ဖူးဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျနော်တို့ကတော့ ခုခံစစ်တိုက်ပွဲအဓိကလို့ ပြော ရမှာပေါ့။ ကချင်တစ်ပြည်နယ်လုံးမှာ တိုက်ပွဲ တွေဖြစ်နေပေမယ့် အသေးစိတ် သိရဖို့ကတော့ အလှမ်းဝေးတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
KIO/KIAအနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ဦးတည်ချက်ဖြင့် တိုက်ပွဲများ ဆက်လက် တိုက်ခိုက် ထိုးစစ်နေဆဲဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောဆိုသွားသည်။


Leave a Reply