Category: News

  • ဗောဓိတထောင်အနီး စစ်ကောင်စီ၏တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

    ဗောဓိတထောင်အနီး စစ်ကောင်စီ၏တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

    စစ်ကောင်စီတပ် သေဆုံးမှုရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းရဟုဆို

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော တာဝါတိုင်းကုန်းရုပ်သံထပ်လွှင့်ရုံစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။

    မုံရွာမြို့နယ်၏ အရှေ့တောင်ဘက်ခြမ်းတွင်ရှိသော အဆိုပါတာဝါတိုင်စခန်းကုန်းအား ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဟု ဆိုသည်။

    “လက်နက်ခဲယမ်းတွေရတာလည်း ရှိသလို။စစ်ကောင်စီတပ်က အရာရှိအဆင့်အချို့အပါအဝင် ၁၀ဦးလောက် သေတာရှိတယ်။ထွက်ပြေးသွားကြတာလည်း ရှိတယ်။တချို့ ဖမ်းမိတာရှိတယ်လို့လည်း သိရတယ် “ဟု စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    အဆိုပါ စခန်းအားသိမ်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် အပါအဝင် စက်တပ်လေထီးဖြင့်ပါ တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    “ရဲဘော်တွေ အားလုံးဘေးကင်းတယ်။လောလောဆယ်ဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု မုံရွာခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

    လက်နက်၊ခဲယမ်းနှင့် စစ်သုံ့ပန်းရရှိမှုနှင့်ပတ်သက်၍ ၎င်းက ပြောဆိုခြင်း မရှိပေ။

    မုံရွာခရိုင်ကွပ်ကဲရေးက ဦးဆောင်၍ ဒေသခံ ဗျူဟာများ၊ စစ်ဒေသ တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် ပကဖများနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟုလည်း ၎င်းက အသိပေးသည်။

    “မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်က ထနောင်းတောရွာကနေ ခွဲထွက်တဲ့လမ်းပိုင်းရဲ့အဆုံးမှာ ဗောဓိတထောင် ရှိတာ။အဲဒီမှာက စခတွေအင်အား ၃၀ ထက်မနည်းဘူး ရှိတယ်။ဒီနေ့က မုံရွာထဲက နေ လက်နက်ကြီးနဲ့ပစ်တာ ၁၀လုံးထက်မနည်း တော်တော်နီးနီးကို ကြားရတာ”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် မုံရွာ-ဗောဓိလမ်းပိုင်း၊ ကျောက္ကာ- ဗောဓိ လမ်းပိုင်းတို့ကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ယာယီပိတ်ထားပြီး ပြန်လည်အသုံးပြုရမည့်အချိန်ကို ကြေညာပေးမည်ဟု ထုတ်ပြန်ထားသည်။

    မုံရွာ ဗောဓိတစ်ထောင် MRTV အသံ လွှင့် တာဝါတိုင်စခန်းကုန်း ကို သိမ်းပိုက်မှု ရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ ရရှိ

    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ MRTV အသံလွှင့် တာဝါတိုင် (ဗောဓိတစ်ထောင်) စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံရဲ ၁၁ ဦးသေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦးဖြင့် ထိန်းချုပ်ထားသော MRTV အသံ လွှင့် တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်) စခန်းကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၁၁ ဦး သေဆုံးခဲ့သည်။

    ထို့ပြင် စခန်းကုန်းအတွင်းမှ ရဲများကိုင်ဆောင်သောအသုံးပြုသော G-3 အမျိုးအစား သေနတ် ၅ လက်၊ Uzi အမျိုးအစား သေ နတ် ၃ လက်၊ M-79 အမျိုးအအစား သေနတ် ၂ လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ် ၆ ခုနှင့် TV ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ပွဲအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ Paramotor ၂ စီး၊ တံတားဦး လေ တပ်မှ Mi-35 ၁ စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “ဗောဓိတာကုန်းတာဝါတိုင်စခန်း သိမ်းခံရတာ၊ အောက်ကနေ ပစ်ကူလည်းပေးတယ်၊ အပေါ်ကနေ Mi35 နဲ့ လည်းလာကူတယ်။ ဗောဓိကုန်းနားမှာ ပတ်ဝဲနေတာ။ လက်နက်ကြီးတွေပစ်တာက မြို့ပေါ် ရပ်ကွက်ထဲအထိ ကျတယ်။ ထိခိုက်ပျက်စီးမှုကတော့ မသိရဘူး ၊တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက် ကတော့ ထိ ခိုက်မှုမရှိဘူးလို့ ပြောပါတယ်” ဟု မုံရွာမြို့စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ် ကဲရေးရုံးအဖွဲ့၊ မုံရွာ ခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြု စုဖွဲ့မှုစစ် ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (ဓာတ်ပုံ – ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် တပ်ရင်း(၃)မှ ရဲဘော်များပြန်လာကြစဉ်)

  • လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်

    လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက် ၊ အကြမ်းဖက်စစ်သား ၅ ဦးသေ

    ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ဂိတ်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီနေ့မနက် ၆ နာရီ ၅ မိနစ်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၅၀၂ စစ်တောင်းစစ်ကြောင်း ၊ ဖြူးမြို့နယ် ပကဖ က တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

    တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီ ၃၅ မိနစ် မှာလည်း ဖြူးမြို့နယ် ၊ ရန်ကုန် -မန္တလေး လမ်းဟောင်းပေါ်ရှိ ဂျေရမ်ပူရွာက အကြမ်းဖက်စစ်တပ်ဂိတ် ကို ဝင်ရောက်တိုက်ခိုက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို အာဠာဝက စစ်ကြောင်း (၇၈၀၃) ၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂) ၊ ရန်ကုန် ပကဖ နဲ့ ဖြူး ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

    တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က တစ်ဦးသေပြီး ၂ ဦးဒဏ်ရရှိခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

  • ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ကျောက်ဖြူတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကြည်း၊ ​ရေ၊ ​လေမှ ခုခံ​နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။

    ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် လေးမိုင်အကွာ ဦးကင်းကျေးရွာတွင် AAနှင့် စစ်ကောင်စီတို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ စစ်တပ်က ရေတပ်ဝန်းကျင်ကရွာတွေနဲ့ တောင်တန်းတွေဘက်ကို နေ့တိုင်းပစ်တယ်။ သစ်ပုတ်တောင်ကို ပိတ်ဆို့ထားတာ ဒီနေ့တော့ ရွာသားအချို့ ထွက်ပြေးခွင့်ရတယ်ကြားပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်း၊ စည်မော်၊ ကြတ္တိန်ကျေးရွာအနီးကို AAက ထိန်းချုပ်ပိတ်ဆို့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က စစ်ကောင်စီတပ်များကို စတင်
    တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ရက်နေ့ နေ့လယ် နှစ်နာရီဝန်းကျင်ခန့်ကလည်း ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဦးကင်းကျေးရွာမှ ဒေသခံလေးဦးသေဆုံးခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညနေပိုင်းမှစတင်ကာ AAက ဓညဝတီရေတပ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် ခုခံနေခဲ့ခြင်းဖြစ်သည်။

    ဓညဝတီရေတပ်ဌာနချုပ်အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ကင်းပုန်းများဝပ်ကာ ဖြတ်သန်းသွားလာမှုများကို တားမြစ်ထားပြီး ရေတပ်ဌာနချုပ်အနီး ပင်
    လည်ပြင်တွင်လည်း တိုက်သဘ်ော ၁၀ စီးခန့်ဖြင့် ကင်းလှည့်ကာ တိုက်ပွဲဖြစ်ပွါးသည့်နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

  • မုံရွာ နမခကို ရော့ကတ် ဒုံးကျည်နဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်လို့ဆို

    စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ပစ်မှတ်ထားတဲ့ရော့ကတ် ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၇ တပ်ရင်းရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁၃ ရက်က နမခ ထဲကို ရော့ကတ် ဒုံးကျည်အလုံး ၇၀ နဲ့ စစ်တပ်ရဲ့ အမှတ် ၅၀၈ အမြောက် တပ်ထဲကို ဒုံးကျည်အလုံး ၃၀ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူက ဆိုပါတယ်။

    “အမတ ၅၀၈ ထဲက အ‌ဆောက်အဦ ၁ လုံး မီးလောင် ပျက်စီးတယ်။ ည ၁၀ နာရီမှ မီးငြိမ်းသွားတာ”လို့ သူက ရှင်းပြပါတယ်။

    နမခ ဌာနချုပ်ကို ပစ်မှတ်ထားတဲ့ဒီပစ်ခတ်မှုက ထိရောက်တဲ့ခြိမ်းခြောက်မှုလို့ သူက မှတ်ချက်ပြုပါတယ်။

    ဒုံးကျည်နဲ့ ပစ်ခတ်တဲ့စစ်ဆင်ရေးကို တခြားတော်လှန်‌ရေးမဟာမိတ် ၉ ဖွဲ့နဲ့အတူ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ၆ လ ဝန်းကျင် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

    အဲဒီပစ်ခတ်မှုပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ နမခက ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ပစ်ခတ်သလို အမတ ၅၀၈ ကနေလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ လည်းဆိုပါတယ်။

    ဒါ့အပြင် တိုက်လေယာဉ်နဲ့ နမခ အနီးက နေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်တပ်လေထီးတွေနဲ့ ကင်းထောက်လှည့်လည်ခဲ့တယ်လို့ သိရပါတယ်။

    နမခနဲ့ အမတ ၅၀၈ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  • နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိ

    AA ထိုးစစ်ဆင်နေသည့်နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိဟု CDF အရှို အသိပေး

    မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က အသိပေးသည်။

    အာရက္ခတပ်တော်(AA)က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ နယ်မြေရှင်းလင်း ဖမ်းဆီးလျက်ရှိရာ ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ဦး ဖမ်းမိခဲ့ဟု အသိပေးသည်။

    ထိုသို့ ဖမ်းမိသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဟုမရှိ CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

    “ကျနော်တို့ကို ကြောက်ပြီးတော့ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။ ကျနော်တို့ဘက်က အသံပေးပြီးတော့ အလင်းဝင်ဖို့ ပြောတဲ့အချိန်မှာ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။”ဟု ၎င်းက ပြောပြသည်။

    အဆိုပါ စစ်ကောင်စီတပ်သားများကို နတ်ရေကန်ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ( ၂၀၀၀ )ခန့်အကွာ တောတွင်းနေရာအသီးသီး၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA – 1 ( ၁၃ )လက်၊ MA – 2 ( ၁ )လက်၊ MA- 3 ( ၃ )လက်၊ MA-11 ( ၂ )လက်၊ MA – 5 ( ၁ )လက် စုစုပေါင်း လက်နက် ငယ်( ၂၀ )လက် နှင့် မိုင်းများ၊ ကျည်များ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု ထုတ်ပြန်သည်။

    နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်း ကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။

    “ အလင်းဝင်သင့်တယ်ဆိုတဲ့နေရာမှာ အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီးကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့အနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ သတ္တိမရှိဘူးလို့ ပဲ ယူဆရပါတယ်။တပ်ဆုတ်ခွာတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်နက်ခဲယမ်းတွေ ရွှေ့ပြောင်းပြီးတော့ ဆုတ်ခွာမှုတွေ သူတို့ လုပ်နေကြတာဆိုတော့ ဗိုလ်မှူးအဆင့်တွေ အကြီးပိုင်းတွေက လွတ်ရာလွတ်ကြောင်းပြေးတာမျိုး၊ ကိုယ်လွတ်ရုန်းပြေးတာမျိုး လုပ်နိုင်တာဖြစ်တဲ့အတွက် အောက်လက်ငယ်သား တပ်သားတွေအနေနဲ့ ဖြစ်ပါစေ တော်လှန်ရေးတပ်တွေကို ဆက်သွယ်ပြီးတော့ ကိုယ့်ဘ၀ လွတ်ရာလွတ်ကြောင်း ကိုယ်သည် ပြည်သူရဲ့ ငြိုငြင်မှုကို မခံရဘဲ ကောင်းမွန်စွာ နေထိုင်စားသောက်လို့ရအောင် အလင်းဝင်ပါလို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

    CDF အရှိုသည် AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သောရက္ခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဒီဇင်ဘာလ ကုန်ပိုင်းမှစ၍ မကြာခဏ ဖမ်းမိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်းသိမ်းပိုက်ရရှိခဲ့သည်။

    (နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးအား လက်နက်များနှင့် ဖမ်းမိထားစဉ်။ ဓာတ်ပုံ – ချင်းကာကွယ်ရေးတပ် – အရှို)