Category: News

  • ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    မဲပလီ စခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပမ်း ၂၇ဦးဖမ်းဆီးရရှိ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား​တော်လှန်​ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။

    ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီ၏ စစ်ရေးအရအချက်အချာကြသော မဲပလီ(မယ်ပရေးခီး) ဗျူဟာ စခန်းကို ဖေဖော်ဝါရီလ ၁ ရက် မနက်တွင် KLNA ဦးဆောင်သော တော်လှန်ရေး

    ပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲအကြာ နံနက် ၁၀ နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ဟုသိရသည်။

    မဲပလီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၄၀) ဦး ထက်မနည်း ​သေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၂၇) ဦး ဖမ်းဆီးနိုင်ခဲ့သည်။ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး၊ ပွိုင့်ဖိုက် နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

    “တပ်ရင်းမှူး ၊ ဗျူဟာမှူး အပါအဝင် ၂၀ကျော် ထွက်ပြေးနေလို့ လိုက်လံဖမ်းဆီး ရှင်းလင်းနေပါတယ်။”ဟုတပ်ရင်းမှူး စထွန်းဇော်ကပြောသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ (၅) ကြိမ်ပစ်ကူပေးပြီး၊ နတ်ကြီးစစ်စခန်းမှ လက်နက်ကြီးပစ်ကူ (၁၁) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်(၄) ဦး ကျဆုံးခဲ့ကြောင်းလည်း အသိပေးသည်။

    စစ်ရေးအရှိန်ပြင်းထန်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ဘေးနှင့် လွတ်ကင်းမည့်နေရာသို့ ရှောင်တိမ်းနေထိုင်ကြရန် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူးက မေတ္တာရပ်ခံသည်။

    ထို့ပြင် စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်ရန်လည်း ၎င်းကတိုက်တွန်းသည်။

    “CDM ဝင်ဖို့လည်း အမြဲကြိုဆိုနေပါတယ်”ဟုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နဂါးဖြူစစ်ကြောင်းတပ်ရင်းမှူးကဖိတ်ခေါ်သည်။

    မဲပလီစခန်းသိမ်းတိုက်ပွဲတွင်KNLA၊ PDF၊ BPLA၊ FFD တပ်များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း)

  • ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေး

    ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေး

    ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး တပ်လိုင်းခန်းအတွင်းအထိ KIA ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

    စကခ-၂၁ အတွင်းမှ ကွပ်ကဲရေးမှူးနှင့် အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ဌာနချုပ်ကို စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။

    “BEME ဘက်ကနေ KIA တပ်ဖွဲ့တွေကထိုးဖောက်ဝင်တာ အိမ်ထောင်သည်လိုင်းခန်းဘက်အထိ သိမ်းထားပြီးပြီ။ စကခ ကွပ်ကဲရေးမှူးက တပ်ဆုတ်သွားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    KIA တပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့်တင်၍ စစ်ကောင်စီ၏ လက်ကျန်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ အမတ ၃၆၆ အမြောက်တပ်ရင်းဌာနချုပ်နှင့် အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်တို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ကျန်ရှိနေသည့် စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို KIA က ဆက်လက်တိုက်ခိုက်ရာ စကခ ၂၁ အတွင်းရှိ အိမ် ထောင်သည်လိုင်းခန်းများအထိ ‌ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

    KIA သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အတွင်းရှိ စစ်ရေးအရ အရေးပါသည့်နေရာများနှင့် ဗန်းမော်လေဆိပ်တစ်ခုလုံးကိုပါ KIA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီက ဗန်းမော်မြို့တိုက်ပွဲဖြစ်ရာနေရာများ နှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းအချို့ကို လေကြောင်းမှပို့ဆောင်နေရကြောင်း သိရသည်။

    ပုံစာ- ဗန်းမော်လေတပ်ကို KIAတပ်များသိမ်းပိုက်ထားစဥ်

  • စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်

    စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်

    ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။

    လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း လာရောက် စစ်ဆေးမှုများ ရှိကြောင်း စစ်တွေမြို့ခံများက ဆိုသည်။

    “ရာထူးကြီးတွေ အပြောင်းအလဲကြောင့်ဆိုပြီး စစ်တွေမြို့ထဲ စစ်တပ်ကားတွေ၊ ရဲကားတွေ အများကြီးနဲ့ သွားလာနေတာကို ပိုတွေ့လာရတယ်။ ရဲမင်းကြီးအသစ်က စစ်တွေမြို့ကို လှည့်ပတ်ကြည့်ပုံရပါတယ်။ မြို့ရဲ့ အနေအထားနဲ့ သူတို့ရဲ့ လုံခြုံရေးယူထားတဲ့ အခြေအနေတွေကို ကြည့်ပုံရပါတယ်” ဟု ကျောင်းကြီးလမ်းရပ်ကွက်ဒေသခံတစ်ဦးက ဆိုသည်။

    အာဏာသိမ်း စစ်ကောင်စီသည် အာဏာသိမ်း ၄ နှစ်ပြည့်ပြီးနောက် စစ်အုပ်ချုပ်ရေးကာလကို ထပ်မံ ၆ လအထိ ထပ်မံတိုးထားပြီး စစ်ကောင်စီအဖွဲ့ကိုလည်း အပြောင်းအလဲလုပ်ထားသလို ဝန်ကြီးအချို့ကိုလည်း အပြောင်းအလဲထားကြောင်း သိရသည်။

    စစ်တွေမြို့သည် အာရက္ခတပ်တော် AA နှင့် စစ်ရေးတင်းမာနေသော မြို့ဖြစ်ပြီး နေ့တိုင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း AA က ဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း စစ်တွေမြို့ထဲရှိ စစ်ကောင်စီ တပ်ရင်းအချို့က အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းနှင့် ပေါက်တောဒေသများသို့ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း မြို့ခံနောက်တစ်ဦးက ဆိုသည်။

    “လက်နက်ကြီးပစ်ခတ်ခံ ဒီနေ့ မနက်ပိုင်း ထပ်ပြီးကြားရပါတယ်။ မကြားရတာ ရက်တော်တော် ကြာပါပြီ။ ဒီနေ့ ပြန်ကြားရပါတယ်။ တိုက်ပွဲဖြစ်နေလို့ ပစ်ခတ်တာလား၊ မဖြစ်ဘဲ ရမ်းသန်း ပစ်ခတ်တာမျိုးလားတော့ မသိဘူး။ ပြည်သူတွေကတော့ ထိလန့်နေကြတာပေါ့” ဟု ပြောသည်။

    စစ်တွေမြို့ထဲက ပြည်သူများမှာ စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲများကြောင့် ယခင်ကကဲ့သို့ အဖမ်းအဆီး ကြမ်းများကို စိုးရိမ်နေကြခြင်းဖြစ်သည်။

  • ရာအိမ်မှုး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံး

    အောင်လံမြို့၊ လောင်းကစား၀ိုင်းတွင် ရွာထောင်ရပ်ကွက် ရာအိမ်မှုး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံး

    မကွေးတိုင်း၊ အောင်လံမြို့တွင် လောင်းကစားဝိုင်းအတွင်း ဝင်ရောက် ဆဲဆိုရိုက်နှက်သည့် ရွာထောင်ရပ်ကွက် ရာအိမ်မှူး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရွာထောင်ရပ်ကွက် ဆာပါရပ် ရာအိမ်မှူး အောင်ကျော်မြင့်သည် ပုံတူလောင်း ကစားဝိုင်းကို သွားရောက်ပြီး တစ်ရပ်ကွက်ထဲနေထိုင်သူ ကိုစနေဆိုသူကို ပါးရိုက်ပြီး ဆဲဆို ခြိမ်းခြောက်ရာမှ စကားများ ရန်ဖြစ်ကြကြောင်း၊ ယင်းနောက် ဓားဖြင့် အထိုးခံရကြောင်း၊ ရာအိမ်မှူး အောင်ကျော်မြင့်၏ လည်းပင်းနှင့် ခန္ဓာကိုယ် အနှံ့ ထိုးဓားထိုးခံခဲ့ရကာ ရရှိဒဏ်ရာမျးဖြင့် ဆေးရုံတွင် ညသန်းခေါင်ယံအချိန် သေဆုံးခဲ့ကြောင်း သိရသည်။

    ” ရွာထောင်ရပ်ကွက် ရာအိမ်မှုး အောင်ကျော်မြင့်က ပုံတူလောင်းကစားဝိုင်းကိုလာပြီး တစ်ရပ်ကွက်ထဲနေတဲ့ ကိုစနေ ဆိုတဲ့သူကို ပါးရိုက် ဆဲဆို ခြိမ်းခြောက်ရာကနေ စကားများ ရန်ဖြစ်တာလို့ သိရတယ်။ ကိုစနေက သူ့မှာပါလာတဲ့ ဓားနဲ့ လည်ပင်းနဲ့ ခန္ဓာကိုယ်တွေကို ထိုးသွင်းလိုက်တာ ဆေးရုံရောက်ပြီးတော့ သေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

    သေဆုံးသွားသော ရာအိမ်မှူး အောင်ကျော်မြင့်သည် ရပ်ကွက်နေ ပြည်သူများအပေါ် ရိုင်းစိုင်းမောက်မာခြင်း၊ စစ်မှုထမ်း စာရင်းကို တက်တက်ကြွကြွ ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ပြီး ၎င်းသတင်းပေး တိုင်ကြားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိကြောင်း သိရသည်။

  • မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူဟု စစ်ကောင် စီသံရုံး ကြေညာ

    မြန်မာနိုင်ငံသား ၂၇၈ ဦး စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူဟု စစ်ကောင် စီသံရုံး ကြေညာ

    စစ်အာဏာသိမ်းပြီးနောက် စင်ကာပူရောက် ပညာ တတ် မြန်မာနိုင်ငံသားအများစု စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလျှောက်ထားမှု များပြား

    မြန်မာနိုင်ငံသား ၂၇၈ ဦးသည် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသား အဖြစ် ပြောင်းလဲခံယူလိုက်ကြောင်း စင်ကာပူရှိ စစ်ကောင်စီသံရုံးက ယနေ့ ကြေညာသည်။

    စင်ကာပူရှိ စစ်ကောင်စီသံရုံး၏ ကြေညာချက်တွင် မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ်သို့ မိမိတို့၏ သဘော ဆန္ဒ အလျောက် ပြောင်းလဲခံယူခဲ့ပြီးသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို လာရောက်အပ်နှံခဲ့ကြကြောင်း၊ အဆိုပါပုဂ္ဂိုလ်များအနေဖြင့် သံရုံးထောက်ခံစာကို လာရောက်ယူနိုင်ပြီး နိုင်ငံကူးလက်မှတ်မူရင်းနှင့် Processing Letter မူရင်းတို့ကိုပါ တစ်ပါတည်း ပြန်လည် အပ်နှံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

    အဆိုပါ မြန်မာနိုင်ငံသား ၂၇၈ ဦးသည် စင်ကာပူနိုင်ငံသားအဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ကူးပြောင်းသွားခြင်းဖြစ်ပြီး နိုင်ငံသားကူးပြောင်းသွားသူအများစုမှာ စင်ကာပူ PR အမြဲတမ်းနေထိုင်ခွင့်ရရှိထားသော ပညာတတ်လူတန်းစားအများစုဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ပြောဆိုသည်။

    “မြန်မာသံရုံးက ကြေညာတဲ့အထဲမှာ မိတ်ဆွေတွေရဲ့ နာမည်တွေလည်းတွေ့တယ်။ PR ရထားပြီး သတ်မှတ်သက်တမ်းရှိမှ စင်ကာပူနိုင်ငံသားလျှောက်ထားခွင့်ရှိတယ်။ စင်ကာပူမှာ PR ရထားတယ်ဆိုတာကလည်း ပညာတတ်အလွှာနဲ့ အခြေခိုင်မှ သူတို့ကလည်း PR ပေးတာ။ အခုပြောင်းသွားတဲ့သူတွေက အခုလတ်တလော ပြောင်းထားတာမျိုး မဟုတ်ဘူး။ အနည်းလေး ၈ လကနေ ၂ နှစ်လောက်ကြာတယ်။ ဒါက အာဏာသိမ်းပြီးမှ လျှောက်ကြတဲ့သူတွေများတယ်” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုသည်။

    ယခင်ကလည်း မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲလျှောက်ထားကြသူများရှိကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အရေအတွက်မများကြောင်း၊ ယခုအခါတွင်မူ စစ်အာဏာသိမ်းထားမှုကြောင့် စင်ကာပူနိုင်ငံ သားအဖြစ် ပြောင်းလဲ လျှောက်ထားသည့် မြန်မာအရေအတွက်များပြားလာကြောင်း၊ စင်ကာပူတွင် PR ရရှိထားသော မြန်မာများမှာ ပညာတတ်အလွှာ အများစုဖြစ်၍ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲသွားသည့်အတွက် မြန်မာ နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးပြီး Brain Drain ဟုဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။

    “အရင်ကလဲ စင်ကာပူနိုင်ငံသား ပြောင်းကြပေမယ့် အခုလောက်တော့ မများဘူး။ အခုကတော့ ပိုများလာတာပေါ့။ စင်ကာပူမှာ PR နဲ့ နိုင်ငံသားဆိုတာက အခြေ မခိုင်သူကို မပေးဘူး။ စင်ကာပူက အများကြီးစိစစ်တယ်” ဟု စင်ကာပူရောက် မြန်မာက ဆက်လက်ရှင်းပြသည်။

    စင်ကာပူသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၆ သန်းဝန်းကျင်ရှိကာ စီးပွားရေးအရ တိုင်းပြည် GDP အမေရိကန်ဒေါ်လာ ၄၆၇ ဘီလီယံရှိကာ အာဆီယံတွင် ထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်။

    ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ၂၀၀၈ အခြေခံဥပဒေဖြင့် သတ်မှတ်ထားသော နိုင်ငံအလံကို မီးရှို့ ဆန္ဒပြမှု တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)