Category: News

  • က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    က.ည.န ကထုတ်ပေးတဲ့ ဘားကုတ် လွဲချော်မှုတွေကြောင့် ဆီဆိုင်နဲ့ ကားပိုင်ရှင်တွေကြားမှာ အခက်အခဲရှိနေ

    စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲဖို့အတွက် QR ကုတ်စနစ်နဲ့သာ စက်သုံးဆီကို ဝယ်ယူဖို့ ထုတ်ပြန်ပြီးတဲ့နောက် ကားလိုင်စင်သက်သေခံကဒ်ပြား(ဝှီးတက်) မှာ ပါတဲ့ ဘားကုတ်တွေမှာ တချို့ လွဲချော်မှုတွေရှိနေလို့ စက်သုံးဆီ ဝယ်ယူလို့မရတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။

    ” QR Code ဖတ်လိုက်တဲ့အခါ တချို့ က က.ည.န မှာ စာရင်းမရှိဆိုတဲ့ဟာတွေရှိတယ်၊ နောက်ဆုံးစီးရီးတွေဆိုရင် software ထဲမှာ မဝင်တာတွေရှိတယ်၊ ဆိုင်ကယ်တွေကလည်း လိုင်စင်မပါတဲ့ဟာတွေများတယ်၊ ဒီတခေါက်က အခုမှ စလုပ်တာဆိုတော့ နား လည်မှုနဲ့ ပြဿနာ မတက်အောင်တော့ လုပ်ပေးရတာပေါ့၊ အဓိက အဲ့လိုရောင်းရမယ်ဆိုရင် ဒါတွေကို Update လုပ်သင့်တာပေါ့၊ ဆိုင်ကယ်တွေဆိုရင် နောက်ဆုံးထွက်တဲ့ နံပါတ်တွေဆိုရင် ဒီထဲ မဝင်သေးဘူး၊ သူတို့က လိုင်စင်လည်းပါနေတော့ သူတို့က ပြဿနာရှာမှာဆိုးတော့ မရောင်းလို့လည်း မရဘူးလေ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာတဦးက သူတို့ရဲ့ အတွေ့အကြုံနဲ့ အခက် အခဲတွေကို ပြောပါတယ်။

    မော်တော်ကားဆိုရင် ဝှီးတက်ရဲ့ နောက်ကျောက ဘားကုဒ်နဲ့ဖတ်ပြီး ဆိုင်ကယ်နဲ့ အိုးဝေတွေကို စက်သုံးဆီရောင်းချတဲ့ဆိုင်တွေက QR Code လုပ်ပေးကာ အဲ့ဒီ QR Code ကို scan ဖတ်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

    650252624 952274217159023 3084211347150109664 N

    ” စောစောက လေးလေးဆိုရင် ဘားကုဒ်ဖတ်လိုက်တယ်၊ ဘားကုဒ်မှာ သူ့ကားနံပါတ်မဟုတ်ဘူး၊ ဒါပေမယ့် သူက 7 ကြီး ဘာကုဒ်မှာ ဖတ်လိုက်တော့ 8 နဲ့ပေါ်တာ အဲ့ဒါဆို ဒီနေ့ ဆီထည့်လို့မရဘူးလို့ပေါ်နေတာ တကယ်တန်း အုံနာဘုတ်မှာရော သူ့ရဲ့ ဝှီးတက်မှာရောက သူ့ရဲ့ 7G နဲ့ပါနေတာ ကျနော်တို့ဆိုင် တဆိုင်တည်းမဟုတ်ဘူး တခြားဆိုင်လည်း ဖတ်ခဲ့ပြီးသားရယ်၊ က.ည.န Error ပေါ်နေတာပေါ့ ” လို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်က မန်နေဂျာက ပြောပါတယ်။

    ကားပိုင်ရှင်တဦးက ” ဆီဆိုင်က က.ည.န ကိုလွှတ်တော့ က.ည.န မှာလည်း လိုင်စင်သက်တမ်းတိုးတဲ့ကားတွေနဲ့ ပြည့်နေတယ်၊ ဘွတ်ကင် လည်းယူရမယ်တဲ့ အချိန်တွေပေးရမယ် ဆီကလည်း မရဆိုတော့ က.ည.န ကမှားတဲ့ အမှားက ပြည်သူကို ဒုက္ခရောက်စေတယ်” လို့ ပြောပါတယ်။

    အစိုးရ က ဆိုင်ကယ်တွေကို ၂ လီတာ၊ သုံးဘီး နဲ့ အိုးဝေတွေကို ၄ လီတာ၊ အိမ်စီးကား 92 95 က ၁၂ လီတာ၊ ဒီဇယ်က အိမ်စီးကားနဲ့ လိုက်ထရပ်တွေကို လီတာ ၂၀ ရောင်းချဖို့ စက်သုံးဆီရောင်းချပေးနေတဲ့ ဆိုင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

    QR Code စနစ်ကတော့ ကားဝှီးတက်မှာပါတဲ့ ဘားကုတ်ကို QR စနစ်ထဲ ရိုက်ထည့်ပြီး တနေ့ကို တကြိမ်သာဆီထည့်ခွင့်ရှိမှာဖြစ်ပြီး ဆိုင်ကယ်တွေအနေနဲ့ကတော့ ဝှီးတက်မှာပါတဲ့ အချက်အလက်တွေအပေါ် ဆိုင်က QR Code ထုတ်ပေးတာတွေ Application နဲ့ အလိုအလျှောက် စစ်ဆေးတဲ့နည်းလမ်းကိုအသုံးပြုသွားမယ်လို့သိရပြီး မတ်လ ၁၂ ရက်နေ့ကစတင်ပြီး နေပြည်တော် ရန်ကုန် မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ကျူအာကုတ် အသုံးပြုတဲ့စနစ်ကို စတင်အသုံးပြုသွားမယ်လို့ သိရပါတယ်။

  • ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ကျောက်တော်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်ဗုံးကြဲ

    ရခိုင်ပြည် ကျောက်တော်မြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ယနေ့ ည ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစ်စီးနဲ့ပေါင် ၅၀၀ ဗုံး နှစ်ကြိမ်တိုင်တိုင် ကျောက်တော်တံတားဘေးကို ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “တံတားတောင်ထိသွားတယ်လို့ကြားပါတယ်။ မြို့တစ်ဖက်ခြမ်း တံတားထိပ်ပစ်ခဲ့တာပါ။ ဂျက်ကဝဲနေတုန်းပါ” လို့ သူကပြောဆိုပါတယ်။

    အခုလို အကြမ်းဖက် စစ်ကော်မရှင်က အများပြည်သူသွားလာနေတဲ့ ကျောက်တော် ဂစ္ဆပနဒီတံတားကို ဉီးတည်ပြီးတိုက်ခိုက်ခဲ့မူကြောင့် တံတားပျက်စီးမူ ရှိနိုင်တယ်လို့သူက ဆက်ပြောခဲ့ပါတယ်။

    အထိအခိုက် အပျက်အစီးကို လောလောဆယ် မသိရသေးပါ။ ဆက်လက် စုံစမ်း မေးမြန်းနေတုန်းဖြစ်ပါတယ်။

  • ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ကပစ (၁၆)ကိုထွက်ကာသော စစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေ

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊ မသုန်ကျေးရွာအနီးတွင်တည်ရှိသည့် ကပစ(၁၆)ကို အာရက္ခတပ်တော် ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ရှေ့ကို ထွက်ကာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) ဦးဆောင်သော ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

    အာရက္ခတပ်တော်ထိန်းချုပ်ထားသော ပွိုင့် ၆၆၆ နဲ့ ကပစ (၁၆) ကြားပတ်ဝန်းကျင်နေရာများကို စစ်ကော်မရှင်ကစစ်ကြောင်း ၃ ကြောင်းထိုးကာစစ်ရေးလှုပ်ရှားနေမှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့က အဓိက ကပစ ၁၆ ကို ကာနေတဲ့သဘောပါ။ ကပစ (၁၆) အနီးက ကာကင်းနဲ့မနီးမဝေးနေရာတွေကို စစ်ကြောင်း ၃ ကြောင်းထိုးပြီးလှုပ်ရှားနေတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြတယ်”ဟု ပြောသည်။.

    စစ်ကော်မရှင် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ၃ ကြောင်းသည်ကပစ (၁၆)အနီးရှိ စခန်းများတဆင့် ၂ မိုင်ခန့်အကွာ အဝေးကို စစ်ကြောင်းထိုးလာသဖြင့် AA ပူးပေါင်းတော်လှန်ရေးတပ်များနှင့် မြေပြင်တွင်ထိတွေ့ တိုက်ပွဲဖြစ်နေခြင်းဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါနှစ်ဖက်တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ်လေထီး၊ဒရုန်း၊အတွဲလိုက်ပစ်လက်နက်၊ဂျက်စသည်တို့ဖြင့်ပစ်ကူပေးနေတယ်သည်ဟုဆိုသည်။

    ကပစ (၁၆)နှင့် ၂ မိုင်ဝန်းကျင် အကွာဝေးကို တိုက်ပွဲရောက်ရှိလာရုံသာမက ကပစ (၁၆) အထဲသို့ပါ လက်နက်ကြီး ရှော့တိုက်ဒုံးပါ တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်သည် ကပစ (၁၆) မှ ဝန်းထမ်း စစ်မေ၊တပ်ဖွဲ့ဝင်မိသားစုများကို တခြားတပ်နယ်ဖက်သို့ ရွှေ့ပြောင်းထားရပြီး ကပစ (၁၆) ထဲတွင်လည်းတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ဖြည့်တင်းထားသည်ဟုစစ်ရေးနီးစပ်သူများထံမှ သိရသည်။

    ၎င်းပြင်စစ်ကော်မရှင်တပ်သည်ညောင်ကျိုးကျေးရွာဖက်သို့ လေ​လာတောင်ဖက်မှတဆင့် ထိုးစစ်ဆင်နေမှုကြောင့် မတ်လ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေသည်ဟုလည်းဒေသခံစစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

    “လေလာတောင်ဖက်မှာရှိတဲ့ စကမတွေက ညောင်ကျိုးဖက်ထိုးတာပါ။အဲဒါကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်”ဟုပြောသည်။

    ဆင်လန်ကျေးရွာစခန်းမှတဆင့် လေ​လာတောင်စခန်းသော စစ်အင်အား ၁၀၀ ကျော်ဖြည့်တင်းပြီးနောက် ယခုလို နောက်ထပ်တဖန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

    စစ်ကော်မရှင်သည် လေလာတောင်ရှေ့တန်းစခန်းများက AA ထိန်းချုပ်ထားသော ညောင်ကျိုးကျေးရွာဖက်ကို မကြာခဏ ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲလည်းမကြာခဏ ဖြစ်နေသည်ဟုသိရသည်။

  • ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    ကြံ့ဖွတ်ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

    စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ဖွတ်ပါတီရဲ့ပွဲ တတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

    “ဒီနေ့(မတ်၁၂) မင်းသား၊ မင်းသမီး အားလုံးနီးပါးကို မည်သည့် ရိုက်ကူးရေးပဲရှိပါစေ အားလုံးကို ဖျက်ပြီး နေပြည်‌တော်ကို အရောက်လာရမယ်ဆိုပြီး ဖိအားပေးပြောဆို အကြောင်းကြားတယ်။အခု အားလုံးနီးပါး နေပြည်တော်ကိုသွားနေကြရပါတယ်။အကြောင်းရင်းက ကြံ့ဖွတ်ပါတီ ပွဲတက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်”လို့ အနုပညာလောကသားတစ်ဦးက အတည်ပြုပါတယ်။

    နေပြည်တော်ကို ခေါ်ယူတဲ့အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် ကြံ့ဖွတ်ပါတီက အမတ်တွေရဲ့ တွေ့ဆုံပွဲရှိတာ‌ကြောင့် ရိုက်ကွင်း‌ တွေအားလုံးဖျက်ထားရတယ်လို့ ဆိုပါတယ်။

    “အဲဒီပွဲမှာ သိရသလောက် ဖျော်ဖြေရေးလည်း လုပ်ရမှာ ဖြစ်တယ် အဲဒီမှာ မင်းသားနေတိုး က လတ်တလောမှာ သူ့အပေါ် ဝေဖန်မှုတွေ များနေတဲ့အတွက် ဒီတစ်ကြိမ် ဖျော်ဖြေရေး မလုပ်ပါရစေနဲ့ ။သူ့ကို ပွဲအတက်အနေနဲ့ပဲ လာပါရစေလို့ ပြောထားတာလည်း ကြားလို့ အခု သူလည်း ပွဲတက်အနေနဲ့ လာမယ်လို့ သိထားရပါတယ်”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေကြတဲ့ ရုပ်ရှင် ၊သဘင်၊ ဂီတအနုပညာရှင်တွေက စစ်ကောင်စီကပြုလုပ်တဲ့ ပွဲတွေတိုင်းမှာ တတ်ရောက်ပေးရတာတွေ အမြဲလိုလိုတွေ့ရပါတယ်။

    တရားမဝင်ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကြံ့ဖွတ်ပါတီဥက္ကဌက အနုပညာရှင်တွေကို ခေါ်ယူတွေ့ဆုံတာမျိုးရှိသလို ရွေးကောက်ပွဲအတွက်လည်း ဝါဒဖြန့် ဇာတ်ကားရိုက်ကူးတာတွေကို ဖိအားပေးလုပ်ဆောင်စေခဲ့တာတွေရှိပါတယ်။

    မတ် ၁၃ ရက်မှာလည်း စစ်ကောင်စီက တပ်မတော် အထိမ်းအမှတ် ရိုက်ကူးထားတဲ့ ဝါဒဖြန့် ဇာတ်ကား တိမ်ပင်လယ်ခရီးကြမ်း ကို ရုပ်ရှင်ရုံတွေအားလုံးမှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

    လက်ရှိကာလမှာ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ပြသနေရတာဖြစ်ပေမယ့် စစ်ကောင်စီက သူတို့ရိုက်ကူးတဲ့ ဝါဒဖြန့်ဇာတ်ကားတွေကိုတော့ ရုပ်ရှင်ရုံတိုင်းမှာ တင်ဖို့ ဖိအားပေး လုပ်ဆောင်နေတာပါ။

    “ရုပ်ရှင်လုပ်ငန်းအတွက် ဥပဒေတွေ၊ ကန့်သတ်ချက်တွေ အမျိုးမျိုး ထုတ်ထားပေမယ့် သူတို့လိုချင်တဲ့ ကားတွေကျတော့ စိတ်ကြိုက် ပြသခွင့်ရနေတဲ့ပုံစံ ဖြစ်နေတယ်” လို့ ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

    အဲဒီ့ရုပ်ရှင်က တောင်းခမ်း ဒေသတိုက်ပွဲကို ရိုက်ကူးထားတာဖြစ်ပြီး မြေပြင်အခြေအနေတွေကို ပြသတာထက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကိုပုံဖျက်ဖို့ ဝါဒဖြန့် ရိုက်ကူးထားတာလို့ ဇာတ်ကားနမူနာကို ကြည့်ရှူသူတစ်ဦး‌ကပြောပါတယ်။

    (ကြံ့ဖွတ်ပါတီဥက္ကဌဦးခင်ရီနဲ့ ပါတီထောက်ခံတဲ့ အနုပညာရှင်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – ကြံ့ဖွတ်ပါတီ)

  • AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    AA ပေးသော အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ

    နွေဦးတော်လှန်ရေး မဟာမိတ်တပ်‌ပေါင်းစု Spring Revolution Alliance-SRA အဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲတစ်ရပ်ကို တော်လှန်ရေး နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု SRA ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

    အဆိုပါ အခြေခံ စစ်ပညာကို အာရက္ခတပ်တော် AA မှ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာတို့ သင်ကြား ပို့ချခဲ့သည်။

    ထို့အပြင် အဆိုပါအခြေခံ စစ်ပညာသင်တန်းကာလအတွင်း စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း SRA က ထုတ်ပြန်သည်။

    အဆိုပါ သင်တန်းကို ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA၊ ယောတပ်တော် YA၊ မကွေးပြည်သူ့ ကာကွယ်ရေးတပ်မတော် Magway – PDF နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တို့မှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    သင်တန်းဆင်းပွဲအခမ်းအနားတွင် SRA တပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များမှ တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများ နှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးနှင့် ပြည်သူလူထု လွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားမည် SRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    649233563 122123153013165524 5021328391942115612 N

    649687775 122123152965165524 7107524124467871453 N

    650038457 122123152941165524 846779070876162172 N

    650043903 122123153001165524 5968283829621982066 N

    650123103 122123152917165524 7068338116293332685 N

    650335894 122123152845165524 1329207567730801647 N

    650659231 122123152953165524 4326803137156308050 N

    650996239 122123153073165524 2593339153947857732 N

    651180806 122123152893165524 8527121091372988816 N

    651300215 122123152827165524 5048889351044968021 N