Category: News

  • ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ

    ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ

    ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။

    ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ‌ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။

    “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား ၁၀၀ လောက်လာပြီး အထိုင်ချတယ်။ ပြီးတော့ NLD ပါတီဝင်တွေကိုလည်း မပြတ်စောင့်ကြည့်နေဖို့ တိုင်းအဆင့်ညွှန်ကြား ထားတာတွေလည်းရှိတယ်”ဟု သာပေါင်းဒေသခံတစ်ဦးက ပြောသည်။

    ကျားခေါင်းရွာရှိ စစ်ကောင်စီတပ်စခန်းအသိမ်းခံရပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုပါ အနန်းကုန်းကျေးရွာသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ဒေသခံများကိုလည်း ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရဟု နှုတ်မိန့်ဖြင့်ညွှန်ကြားထားကြောင်း သိရသည်။

    စစ်ကောင်စီက တိုက်ပွဲနှင့်နီးကပ်နေသည့် သစ်ဝမ်းပူ၊ သစ်ဆင်၊ သာပေါင်းလေး၊ သဲဖြူစသည့် ကျေးရွာများမှ ဒေသခံများကို နေအိမ်များသော့ခတ်ပိတ်ထားခြင်းများမပြုလုပ်ရန် မှာကြားထားပြီး သော့ခတ်ပိတ်ထားသည့် နေအိမ်များကို သော့ရိုက်ချိုးကာ အိမ်အတွင်းဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများယူဆောင်နေကြောင်း သိရသည်။

    ကျားခေါင်းရွာစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် သစ်ဝမ်းပူနှင့် သစ်ဆင်ဘက်သို့ ဆင်းလာကြပြီး ခြေကုပ်ယူထားကြောင်း သိရသည်။

    လက်ရှိတွင် ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေး၊ သစ်ဆင်၊ သဲဖြူစသည့် ကျေးရွာများမှ ဒေသခံများမှာ ဘောမိချောင်းတောင်ဘက်ခြမ်းရှိ ပြာတိုက်၊ အိုးလှုပ်၊ ကျွန်းလျားကြီး၊ ကန်ချောင်း၊ မရမ်းကျင်းနှင့် သစ်ထုတ်လုပ်ရေး သစ်ကွင်းဟောင်းနေရာဖြစ်သည့် ဂါယာကွင်းတို့တွင် ရှောင်တိမ်းနေထိုင်နေရကြောင်း သိရသည်။

  • သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    AA ၏ထိုးစစ်မှာ သာပေါင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီး ထိုးစစ်အရှိန်မြှင့်တင်လာသည့်အတွက် အင်အားလိုအပ်ချက်အရ သာပေါင်းစက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

    အခြေခံစစ်ပညာသင်တန်းကို စက္ကူစက်ရုံမှ ဝန်ထမ်းများဖြင့် ပြည်သူ့စစ်အရေးပေါ်ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ခလရ ၃၀၈ မှစစ်သင်တန်းလာရောက်ပေးနေကြောင်း သိရ သည်။

    “စက်ရုံကာကွယ်ရေးအတွက်ဆိုပြီး စစ်သင်တန်းလာပေးတာ မလုပ်တော့မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းဆိုတော့ သူတို့ခိုင်းတာလုပ်‌နေရတာပဲ။ တကယ်လာတိုက်ရင် ဝါရင့်စစ်သားတွေတောင်ပြေးနေကြတာ။ ကျုပ်တို့လည်း မဟန်ရင်တော့ အသေမခံဘူး လွတ်အောင်တော့ပြေးရမှာပဲ။ ခက်တာက စက်ရုံလုံခြုံရေးဆိုပြီး ရှေ့တန်းပို့မှာစိုးရိမ်နေကြတယ်”ဟု စက္ကူစက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၁၀၀ ခန့် အထိုင်ချနေရာ ယူနေကြောင်း သိရသည်။

    သာပေါင်းမြို့နယ်အတွင်း AA နှင့်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်လာခြင်းမရှိစေရေးအတွက် ဘုရားကုန်းရှိ ရဲများမှ လက်ခုပ်၊ ခေနန်၊ သရက်ကုန်းနှင့် မရမ်းချိုကျေးရွာ အုပ်စုများဘက်သို့ ဆိုင်ကယ်များဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

    သာပေါင်းမြို့နယ်အတွင်းရှိ ကျားခေါင်းစခန်းသိမ်းခံရပြီးနောက် သဲဖြူကျေးရွာသို့ စစ်ကောင်စီတပ်အားလုံးတပ်ဆုတ်ပြီး ခံစစ်ပြင်နေရကြောင်း သိရသည်။

    လက်ရှိတွင် သဲဖြူရှေ့ သုံးဖာလုံခန့်အကွာ ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

  • စစ်တွေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းအချို့ကို AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်

    ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဟိုက်ဝေးလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို အာရက္ခတပ်တော် AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်တွေမြို့ခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    အာရက္ခတပ်တော် AA မှ စစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ရှိလာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

    “စစ်တွေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေက ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ် ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိတယ်။ အဓိက ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က အဓိက တိုက်ခိုက်နေတယ်” ဟု ပြောသည်။

    အာရက္ခတပ်တော် AA က စနိုက်ပါပစ်ခတ် တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ ရေတပ်သင်္ဘော (စစ်သင်္ဘော) များကို ပစ်ခတ်တိုက်ခိုက်မှုရှိကြောင်း ယင်း ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေအား မသိရပေ။

    အာရက္ခတပ်တော် AA သည် စစ်တွေမြို့အား အင်အားအလုံးအရင်းအဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဖြေးဖြေးရှင်းတိုး၍ တိုက်ခိုက်နေကြောင်း စစ်ရေးသုံးသပ်သူများက ပြောသည်။

    စစ်ကောင်စီ တပ်ရင်းများကလည်း အာရက္ခတပ်တော် AA ၏ စနိုက်ပါပစ်ခတ်ခြင်းကို စနိုက်ပါဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြာင်းနှင့် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေသည်။

    စစ်ရေး သုံးသပ်သူတစ်ဦးက “စစ်ကောင်စီဟာ အဓိက ကုလားတန်မြစ်ဝ၊ ရွှေမင်းဂံရေတပ်စခန်း၊ ရေချမ်းပြင်၊ ပါဒလိတ်၊ အမြင့်ကျွန်း စတဲ့ မြစ်ဝတွေကနေ စစ်တွေမြို့အား ရေကြောင်းကနေ ကာရံထားတယ်။ ဒါ့ကြောင့် AA ဟာ အင်အားလုံး အရင်းနဲ့ ဝင်လာဖို့ မလွယ်ကူတဲ့ သဘောပါ။ အဲဒါ ဖြေးဖြေးရှင်းတိုက်နေတယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

    စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်ရင်းများမှ ပစ်ခတ်သော လက်နက်ကြီးသည် အာရက္ခတပ်တော် AA ရှိရာသို့ ကျရောက်ခြင်းမဟုတ်ဘဲ အရပ်သားများနေထိုင်ရာ မြို့ရွာများသို့ ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူများမှာ ထိခိုက်သေဆုံးလျက်ရှိနေကြရသည်။

    ယခု ၂၀၂၅ ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောတို့တွင် ၅ ဦးထက်မနည်း သေဆုံးမှုရှိကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ တစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၉၆ ဦးထက်မနည်းရှိကြောင်း မှတ်တမ်းစုစည်းချက်အရ သိရသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့ကစ၍ ရခိုင်ပြည်မှ မြို့နယ်များမှာ ဗုံးဆက်တိုက်ကြဲခံရပြီး တစ်လအတွင်းမှာ ၁၀၀ နီးပါးအထိကို သေဆုံးခဲ့ရခြင်းဖြစ်သည်။

  • လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်တည်ဆောက် အသုံးပြုခဲ့ရာ လာမည့် ၁ နှစ်ခွဲအတွင်း အရင်းကျေကာလပြည့်မြောက်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ်များရှိ စက်မှုဇုန် မြေလွတ်နေရာများနှင့် အခြားမြေလွတ်နေရာများတွင် ဆိုလာစနစ် ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်စေလိုကြောင်း စိုးဝင်းက ဆိုသည်။

    လက်ရရှိနေသော လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေခြင်းဖြစ်သည့် အတွက် အချိုးအစားအလိုက်ဓာတ်အား ရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များ အလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါ လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း စိုးဝင်းက ပြောဆိုသည်။

    UMFCCI အဖွဲ့ဝင်ဖြစ်သော အသေးစားလုပ်ငန်းရှင်တစ်ဦးကမူ ဆိုလာစနစ်အ တွက် စိုက်ထုတ်ရသော အရင်းအနှီးမှာ လုပ်ငန်းစတင်တည်ထောင်သကဲ့သို့ပင် အရင်းအနှီး အလွန်ကြီးမားကြောင်း၊ ထို့ကြောင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်ယူ သုံးစွဲရန် စရိတ် မတတ်နိုင်ပါကြောင်း ပြောဆိုသည်။

    မြန်မာနိုင်ငံအတွင်းသို့ ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင် လှိုင်သား အောင်ပြည့်စုံ နှင့်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထားပြီး စျေးနှုန်းမှာလည်း လက်ဝါးကြီးအုပ်ထားသဖြင့် ၎င်းတို့သတ်မှတ်သော စျေးနှုန်းအတိုင်းသာ လုပ်ငန်းရှင်နှင့် ပြည်သူများက ဝယ်ယူရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြော ဆိုသည်။

  • ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့်  DKBA က  ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ပြော ကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက် ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနှင့်အတူ ပူး ပေါင်းတိုက်ဖျက်သွားမည်ဖြစ်ဖြစ်ပြီး မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာ နိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    ထို့အပြင် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမည် ဖြစ်ပြီး ဒေသခံပြည်သူ လူထု စားဝတ်နေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အကောင် အ ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်က်ပြောဆိုသည်။

    “ရည်ရွယ်ချက်ကတော့ ထုတ်ပြန်ချက်ထားတဲ့အချက် ၄ ချက်ပေါ့၊ လူကုန်ကူးမှုနဲ့ ပတ်သက်တာ တော့လုံးဝ၊ လုံးဝ တိုက်ဖျက်သွားမှာပေါ့။ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ၊ အချက် ၄ ချက်အပေါ်မှာ ဆုံးဖြတ်ထားတာပေါ့၊ ပြောရရင် ထိုင်းကလည်း ကျနော်တို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဆီတို့၊ မီးတို့အင်တာနက်တို့ အကုန်ဖြတ်ချတာကိုး၊ ဒါတွေကလည်း DKBA နယ်မြေထဲမှာလည်း တချို့ရှိ သလို လူမိုက်လူဆိုး တွေသန့်ရှင်းရေးလုပ်ဖို့အတွက် တပ်ဗိုလ်တပ်မှူးတွေ ပူးပေါင်း တိုက် ဖျက်သွားဖို့ ဆုံးဖြတ်ချက်ချတာပေါ့။” ဟု DKBA တပ်မဟာ ၁ တပ်မမှူးက ပြောကြားသည်။

    အလားတူ ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန် သည်။

    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အနေနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး ပါဝင် ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှား ရမ်းသည့် မြေရှင်သာဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင် အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့် အတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိကြောင်း၊ လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကိုလည်း ဖော်ထုတ်အရေးယူ၍ မသမာလုပ်ငန်းများကို ပိတ်သိမ်းစေကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်းသည်ဟု BGF က ဆိုသည်။

    လူကုန်ကူးခံရသည့်ဖြစ်စဉ်များတွင် ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံက ယမန်နေ့မှစတင်၍ မြ၀တီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် လောင်စာတင်ပို့မှုများကို စတင်ဖြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။