Category: News

  • စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော

    စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခု ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်ဖွင့်လှစ်မည်ဟု မင်းအောင်လှိုင် ထုတ်ပြော

    ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ လုံခြုံရေး စိုးရိမ်၍ ပြောင်းရွှေ့မည့်သတင်း ပိုမိုခိုင်မာလာ

    စိုက်ပျိုးရေးနှင့်မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းတွင် လာမည့် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည်ဟု အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာ၀တီတိုင်းအတွင်း ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် မကြာမီ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ကို ဧရာ၀တီတိုင်းဘက်သို့ ပြောင်းရွှေ့ပြီး ပြင်ဦးလွင်မှ စစ်တက္ကသိုလ်များကို လုံခြုံရေးစိုးရိမ်ချက်အရ နေပြည်တော်သို့ ပြောင်းရွှေ့ရောက်ရှိလာမည်ဆိုသော သတင်းများမှာ ပိုမိုခိုင်မာလာကြောင်း အဆိုပါတက္ကသိုလ်များနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ထို့ပြင် စစ်ကောင်စီက ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ နေပြည်တော်သို့ ပြောင်း ရွှေ့နိုင်ရေးအတွက် နယ်မြေများချဲ့ထွင်သည့်အနေဖြင့် ဇေယျာသီရိမြို့နယ်ရှိ စစ်ရေးပြကွင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အနီးရှိ ကျေးရွာများကို ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

    ရန်ကုန်- မန္တလေး လမ်းဟောင်းဘေးရှိ ဇေယျာသီရိမြို့နယ် ကျောက်ချက်ရွာမှ ခရေပင်လမ်းခွဲအထိ ကျေးရွာများအားလုံးကို စစ်ရေးပြကွင်းနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နယ်မြေဧရိယာတို့ကို တိုးချဲ့ရန်နှင့် လုံခြုံရေး အကြောင်းပြကာ စီမံချက်ဖြင့် ဖျက်သိမ်းခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဖျက်သိမ်းရမည့် ကျေးရွာများတွင် ရန်ကုန်-မန္တလေး လမ်းဟောင်း တလျှောက်ရှိ ကျောက်ချက်ရွာ၊ အိုင်စောက်ရွာ၊ သစ်တပ်ရွာ၊ စိမ်းစားပင်ရွာ၊ မအူတောရွာ၊ ရေဆင်းရွာ၊ ရွေကျရွာ၊ ရွေတွင်းကုန်းရွာ၊ ခေတ်အေးရွာနှင့် ခရေပင်လမ်းခွဲအထိ ကျေးရွာနှင့်ရပ်ကွက်များ ပါဝင်ကြောင်း သိရှိရသည်။

    အလားတူ ဇေယျာဉ်သီရိမြို့နယ်ရှိ သစ်တပ်ရွာ မျက်နှာစာတွင်ရှိနေသာ အဆောက် အဦး များကိုလည်း အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးအတွက် လမ်းမကြီးများဥပဒေနှင့် ငြိစွန်းသည်ဟုဆိုပြီး ဖျက်သိမ်းခိုင်းနေကြောင်း သိရှိရသည်။

  • ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး

    ပုဂံသို့ ဘုရားဖူးလာသည့် လူငယ်တချို့ ကို စစ်တပ်က စစ်မှုထမ်းတပ်သားများအဖြစ် ဖမ်းဆီး

    ဧည့်စာရင်းမတိုင်ဟု စစ်တပ်က အကြောင်းပြကာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံး စစ်တပ်ထဲ အပို့ခံရ

    မန္တလေးတိုင်း၊ ပုဂံမြို့ကို ဘုရားဖူးလာသည့် လူငယ်တချို့ကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က ပုဂံမြို့ပေါ်ရှိ နေအိမ်များ၊ ဟိုတယ်များနှင့် တည်းခိုခန်းများကို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဧည့်စာရင်းမတိုင်ဟုဆိုကာ စစ်တပ်က လူငယ်များကို အကြောင်းပြ ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးခံရသော လူငယ်များအားလုံးကို စစ်တပ်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က ပုဂံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ညပိုင်း ဧည့်စာရင်း အကြောင်းပြ၍ ဖမ်းဆီးမှုများ ဆက် တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ညပိုင်း သွားလာနေသော ဆိုင်ကယ်စီး လူငယ်တချို့ကိုလည်း မှောင်ရိပ်ခိုသည်ဟုဆိုကာ ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ပို့ဆောင်ကြောင်း သိရှိရသည်။

    “ပုဂံမြို့ခံကတော့ ညပိုင်း သိပ်မထွက်ကြဘူး။ ပုဂံကို လာလည်တဲ့တချိ့လူငယ်တွေကတော့ ည ၈ ခွဲ ဆိုင်ကယ်စီး အပြင်ထွက်ရင် မှောင်ရိပ်ခိုတယ်ဆိုပြီး အဖမ်းခံရတာ။ တပ်ထဲအပို့ခံရတယ်”ဟု ပုဂံဒေသမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

    ထို့ကြောင့် စစ်တပ်က ပုဂံကို ဘုရားဖူးလာသည့် မိသားစုများအနက်မှ လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးလာသဖြင့် သတိ ထားရန်လိုအပ်ကြောင်း၊ စစ်တပ်က အိမ်စီးကားများ အရပ်ဝတ်များဖြင့် ပုဂံရှိ ဘုရားများကို နေ့ည မပြတ် လှည့်ပတ်နေကြောင်း၊ ထို့ပြင် ပုဂံမြို့ပေါ်တွင် နေထိုင်သော လူငယ်တချို့မှာလည်း နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်မှုများရှိကြောင်း သိရှိရသည်။

    ” အခု ပုဂံမြို့ပေါ်မှာ စစ်တပ်က ညဘက်တွေ ဧည့်စာရင်းနဲ့ ဝင်ဝင်ဆွဲနေတာ လူမပြည့်လို့ဆိုပြီး ။ဘုရားဖူးတွေပါ ဆွဲနေတယ်။ စစ်ခွေးတွေက အရပ်ဝတ်တွေ အိမ်စီးကားတွေနဲ့ ဘုရားတွေဘက်ကို နေ့တိုင်းပတ်နေတယ်။ ပုဂံမြို့သစ်ဘက်မှာလည်း ၂ ရက်ရှိပြီ ဧည့်စာရင်းစစ်မယ်ဆိုပြီး လူငယ်တွေကို ဝင်ဖမ်းနေတာ။ လူငယ်တွေရှိရင် တစ်ခါတည်း ခေါ်ဆောင်ဖမ်းဆီးတယ်။ ဧည့် စာရင်းစစ်လို့ တံခါးမဖွင့်ပေးတဲ့ အိမ်ဆိုရင် ခဲလုံးနဲ့ထုတယ်။ တံခါးတွေ ရိုက်ချိုးတာတွေထိ လုပ်ပြီးဝင်ဆွဲနေတာ ညဘက်တွေဆို လူကငယ်တွေက ရှောင်တာများလို့ နေ့ဘက်တွေပါ လူပြတ်နေတဲ့ နေရာတွေမှာ ဖမ်းတာရှိတယ်။ အခုလူငယ်တွေ အိမ်မှာမနေရဲတော့ဘူး။ တိမ်းရှောင်နေရပြီ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်နှင့်ပုဂံဒေသတွင် စစ်မှုထမ်းအပတ်စဉ် ၇ မှစတင်၍ စစ်မှုထမ်း တပ်သားသစ် အရေအတွက် ပြည့်မီအောင် ပေးနိုင်ခြင်းမရှိ၍ စစ်ကောင်စီက နယ်မြေခံတပ်ရင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ဖိအားပေးမှုများရှိနေကြောင်း တပ်သတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၀ ခုနှစ်အတွင်း ပုဂံဘုရားများအတွင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

    Photo Credit- AFP

  • စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီး

    စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီး

    စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ

    ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို နေအိမ်အထိ စစ်မှု ထမ်းရန် လိုက်လံ ခေါ်ဆောင် ဖမ်းဆီးနေပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်နေသော လူငယ်များ မရှိလျှင် အိမ်တွင်ရှိသူများကို အစားထိုး ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ လူငယ်တချို့ကို စစ်တပ်က စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ဆောင် ဖမ်းဆီးရာတွင် စစ်မှုထမ်းရမည့်လူငယ် တိမ်းရှောင်သွား၍ နေအိမ်တွင် ရှိနေသူကို အစားထိုး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်အချိန် ရှမ်းစုရွာမှ ကိုဇေ ဆိုသူကို စစ်မှုထမ်းအစားထိုးတပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း၊ ကိုဇေ၏ အကိုဖြစ်သူမှာ စစ်မှုထမ်းရန် အလှည့်ကျသော်လည်း တိမ်းရှောင်သွားသဖြင့် ညီဖြစ်သူ ကိုဇေကို စစ်တပ်က နေအိမ်အထိ လာရောက် အစားထိုး ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့ပြင် အဆိုပါကျေးရွာမှ အခြားလူငယ်တစ်ဦးလည်း စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

    “ည ၈ နာရီလောက်မှာ စစ်တပ်က မု့န်ပို့တဲ့ ဘောက်ကားအလုံ ပိတ်တွေနဲ့ ရွာထဲကို အရပ်ဝတ်နဲ့ ဝင်လာပြီး ရွာသား ၂ ဦးလုံးကို ဖမ်းဆီးသွားတာ။ ကိုဖိုးရှမ်းနဲ့ ကိုဇေ ၂ ဦး ပါသွားတာ။ ကိုဇေကတော့ အစားထိုး အဖမ်းခံရတာပါ။ သူ့အကို မရှိတော့လို့ သူ့ညီကို ခေါ်သွားတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က ကိုဖိုးရှမ်းနှင့် ကိုဇေ လူငယ် ၂ ဦးကို လာရောက် ခေါ်ဆောင် ဖမ်းဆီးခဲ့ရာတွင် နေရပ်လိပ်စာ အတိ အကျဖြင့် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုဟိန်းက စစ်တပ်နှင့်အတူ ဖမ်းဆီးရာတွင်ပါဝင်ခဲ့ကြောင်း၊ လတ်တလော ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ မိသားစုဝင်များက အုတ်တွင်း စခန်းနှင့် ကျွဲပွဲ စခန်းများကို လိုက်စုံစမ်းနေခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ သတင်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။

    ထို့အတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် မင်းလှလမ်းရှိ အဆောင်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် ဆံပင်ညှပ်ဆရာ ကိုကျော်ကျော်မှာ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရပြီး စစ်မှုထမ်း တပ်သားအဖြစ် ခေါ်ဆောင်ရန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကိုကျော်ကျော်သည် သူငယ်ချင်း ဖြစ်သူများနှင့် ဆံပင်ညှပ်ဆိုင် ဖွင့်လှစ်ထားသူများဖြစ်ပြီး လက်ရှိချိန်တွင် ၎င်းသူငယ်ချာင်း ဖြစ်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။။

    “လှိုင်သာယာ ၉ ရပ်ကွက် မင်းလှလမ်း အဆောင်မှာ နေထိုင်တဲ့ ကိုကျော်ကျော်ကို စစ်ခွေးတွေက နေအိမ်အထိ လာရောက် ဖမ်းဆီးသွားတယ်။ ကိုကျော်ကျော်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ သူက ၉ ရပ်ကွက် ဘားအံလမ်းက ချောင်းသာ လက် ဖက်ရည်ဆိုင်ဘေးမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ပြီး အလုပ်လုပ်တာ အခု သူ့သူငယ်ချင်းတွေလည်း ရှောင်နေရတယ်။ အဲဆိုင်က သူတို့ သူငယ်ချင်းတွေ အတူတူ ဖွင့်ထားတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က လူငယ် ၃ ဦးကို နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မြင့်ခိုင်နှင့် နယ်မြေရဲများက သမိုင်းကျေးရွာတွင် နေထိုင်သော မောင်ထက်ပိုင်ကို နေအိမ်ထိ ဝင်ရောက် ဖမ်းဆီးကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

    အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း တလုပ်ထော်မြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး မောင်စိုးနှင့် ရဲများက မြစ်ကိုင်းကျေးရွာတွင် နေထိုင်သော ကိုမင်းလွင်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊၊ ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင် တလုပ်ထော်မြို့ ဥယာဥ်ကျေးရွာမှ မောင်ငပြဲ ကိုလည်း အုပ်ချုပ်ရေးမူး သောင်စိုးနှင့် ရဲများက ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။

    ထို့အတူ တလုပ်ထော်မြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမူး မျိုးအောင်နှင့် ရဲများ ကလည်း ကျွန်းတော့ကုန်းကျေးရွားမှ လူငယ်များကိုလည်း လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်များ ထွက်ပြေးနေကြောင်း၊ အမှတ် ၅ ရပ်ကွက်အပိုင်နယ်မြေများတွင်လည်း အုပ်ချုပ်ရေးမှူးများ နှင့် ရဲများ လူငယ်များကို လိုက်လံ ဖမ်းဆီးနေ၍ ထွက်ပြေးနေသူများ လည်းရှိကြောင်း သိရသည်။

    ထို့ပြင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးနေသဖြင့် စစ်မှုထမ်းတပ်သားများ စုဆောင်းရာ စစ်တပ်များတွင် သွားရောက်စုံစမ်းရာတွင် စစ်တပ်က ယင်းကဲ့သို့ လူပျောက်စုံစမ်းမှုများကို လက်ခံမည်မဟုတ်ဟု လာရောက်စုံစမ်းသူများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်တွင် နေထိုင်သော လူငယ် ၂ ဦးသည် နေအိမ်မှ ကျောင်းသို့သွားရောက်စဉ် ပျောက်ဆုံးသွားကြောင်း၊ မိသားစုဝင်များက ကျောင်းနှင့် ကျူရှင်များတွင် လိုက်လံစုံစမ်းနေသော်လည်း လက်ရှိချိန်ထိ ပြန်လည်တွေ့ခြင်းမရှိသေးကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦးသည် နေအိမ်ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

    ထို့အတူ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်သာယာမြို့နယ် အောက်ထိပ်၌ နေထိုင်သော ကိုအေးနိုင်ဝင်းသည် သူငယ်ချင်းဖြစ်သူနှင့် နေအိမ်မှ သွားပြီးနောက် ဖုန်းအဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ။

  • ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    မဲပလီ စခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူးနှင့် တပ်ရင်းမှူးပါ စစ်သားအားလိုက်လံ ရှင်းလင်းနေဟု နဂါးဖြူ စစ်ကြောင်းပြော

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပမ်း ၂၇ဦးဖမ်းဆီးရရှိ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား​တော်လှန်​ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။

    ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက်စစ်ကောင်စီ၏ စစ်ရေးအရအချက်အချာကြသော မဲပလီ(မယ်ပရေးခီး) ဗျူဟာ စခန်းကို ဖေဖော်ဝါရီလ ၁ ရက် မနက်တွင် KLNA ဦးဆောင်သော တော်လှန်ရေး

    ပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၉ နာရီတွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲအကြာ နံနက် ၁၀ နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ဟုသိရသည်။

    မဲပလီစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၄၀) ဦး ထက်မနည်း ​သေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၂၇) ဦး ဖမ်းဆီးနိုင်ခဲ့သည်။ ၁၂၀ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး၊ ပွိုင့်ဖိုက် နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

    “တပ်ရင်းမှူး ၊ ဗျူဟာမှူး အပါအဝင် ၂၀ကျော် ထွက်ပြေးနေလို့ လိုက်လံဖမ်းဆီး ရှင်းလင်းနေပါတယ်။”ဟုတပ်ရင်းမှူး စထွန်းဇော်ကပြောသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ (၅) ကြိမ်ပစ်ကူပေးပြီး၊ နတ်ကြီးစစ်စခန်းမှ လက်နက်ကြီးပစ်ကူ (၁၁) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်(၄) ဦး ကျဆုံးခဲ့ကြောင်းလည်း အသိပေးသည်။

    စစ်ရေးအရှိန်ပြင်းထန်ရန်ရှိ၍ ပြည်သူများအနေဖြင့် စစ်ဘေးနှင့် လွတ်ကင်းမည့်နေရာသို့ ရှောင်တိမ်းနေထိုင်ကြရန် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူးက မေတ္တာရပ်ခံသည်။

    ထို့ပြင် စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်ရန်လည်း ၎င်းကတိုက်တွန်းသည်။

    “CDM ဝင်ဖို့လည်း အမြဲကြိုဆိုနေပါတယ်”ဟုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နဂါးဖြူစစ်ကြောင်းတပ်ရင်းမှူးကဖိတ်ခေါ်သည်။

    မဲပလီစခန်းသိမ်းတိုက်ပွဲတွင်KNLA၊ PDF၊ BPLA၊ FFD တပ်များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (မဲပလီစခန်းသိမ်းတိုက်ပွဲ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊စစ်သုံ့ပန်းများ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ကျားဖြူစစ်​ကြောင်း)

  • ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေး

    ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေး

    ဗန်းမော် စကခ ၂၁ ကွပ်ကဲရေးမှူးနှင့်အဖွဲ့ ထွက်ပြေးသွားပြီး တပ်လိုင်းခန်းအတွင်းအထိ KIA ထိုးဖောက်ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

    စကခ-၂၁ အတွင်းမှ ကွပ်ကဲရေးမှူးနှင့် အဖွဲ့သည် ယနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ဌာနချုပ်ကို စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။

    “BEME ဘက်ကနေ KIA တပ်ဖွဲ့တွေကထိုးဖောက်ဝင်တာ အိမ်ထောင်သည်လိုင်းခန်းဘက်အထိ သိမ်းထားပြီးပြီ။ စကခ ကွပ်ကဲရေးမှူးက တပ်ဆုတ်သွားပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    KIA တပ်ဖွဲ့များသည် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့်တင်၍ စစ်ကောင်စီ၏ လက်ကျန်တပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ အမတ ၃၆၆ အမြောက်တပ်ရင်းဌာနချုပ်နှင့် အမှတ် (၂) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်တို့ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ကျန်ရှိနေသည့် စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို KIA က ဆက်လက်တိုက်ခိုက်ရာ စကခ ၂၁ အတွင်းရှိ အိမ် ထောင်သည်လိုင်းခန်းများအထိ ‌ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

    KIA သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့အတွင်းရှိ စစ်ရေးအရ အရေးပါသည့်နေရာများနှင့် ဗန်းမော်လေဆိပ်တစ်ခုလုံးကိုပါ KIA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီက ဗန်းမော်မြို့တိုက်ပွဲဖြစ်ရာနေရာများ နှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းအချို့ကို လေကြောင်းမှပို့ဆောင်နေရကြောင်း သိရသည်။

    ပုံစာ- ဗန်းမော်လေတပ်ကို KIAတပ်များသိမ်းပိုက်ထားစဥ်