Category: News

  • ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

    ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

    နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ

    မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။

    ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

    လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU က PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA က PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင်ပြည်နယ်အစပ်ဒေသများတွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

    ထို့ပြင် ချင်းပြည်နယ်တွင် CNF က PDF များနှင့်ပေါင်း၍ မင်းတပ်၊ ကန်ပက်လက်နှင့် ဖမ်းမြို့တို့ကို တိုက်ခိုက်မှုများ လုပ် ဆောင် ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များအနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည်ဟု ကြွေးကြော်ထားသော ရွေးကောက်ပွဲရန် ဖြစ်မြောက်ရန်အတွက် နိုင်ငံတွင် တည်ငြိမ်အေးချမ်းရန် လိုအပ်နေသေးကြောင်း ထပ်မံပြော ဆိုလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို ဦးတည်ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ပြောဆိုသည်။

    စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် ရှုံးနိမ့်မှုများစွာ ကြုံတွေ့နေရပြီး ကရင်နီပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် တို့တွင် နယ်မြေများ အကြီးအကျယ်ဆုံးရှုံးလျက်ရှိကြောင်း သိရှိရသည်။

  • ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ

    ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ၊ လှိုင်သာယာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းရမည်ဟုဆိုပြီး စစ်တပ်က ညအချိန် ဝင်ရောက် ဖမ်းဆီး

    ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း၊ နေပြည်တော် ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေပြီး အမျိုး သမီးငယ်များလည်း ပျောက်ဆုံးမှု ပိုများလာကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် မိသားစုဝင်တချို့က ပြောဆိုသည်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက်တွင်‌ နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမျိုးမင်းခိုင်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း၊ မိသားစုဝင်များက ၎င်းဖုန်းကို ဆက်သွယ်သော်လည်း စက်ပိတ်ထားကြောင်း သိရသည်။

    ရန်ကုန်မြို့တွင် နယ်မှလာပြီး သင်တန်းတက်နေသော ကိုမျိုးစည်သူသည် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဆံပင်ညှပ်ရန် နေအိမ်မှ ထွက်သွားစဉ် ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်တွင် နေထိုင်သော အသက်က၂၁ နှစ်အရွယ် ဒဂုံတက္ကသိုလ် ဒုတိယနှစ် zoo major တွင်တက်ရောက်နေသော မောင်ဝေယံ (ခ) ဝေယံမင်းထွန်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဖုန်းဝယ်ရန် နေအိမ်မှ ပလာဇာကို သွားရောက်စဉ် ပျောက်ဆုံးသွားကြောင်း၊ မောင်ဝေယံနှင့် မိသားစုဝင်များ ညနေ ၅ နာရီထိ အဆက်အသွယ်ရရှိခဲ့သော် လက်ရှိချိန်ထိ ဖုန်းစက်ပိတ်ထားကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော ကိုရဲလင်းအောင်သည် ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပုလဲလမ်းဆုံ ရခိုင်ကျောင်းမှတ်တိုင် အနီးတွင် ဗိုက်ဆာ၍ မုန့်ထွတ်၀ယ်စဉ် ပျောက်ဆုံးသွားကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်တွင် နေထိုင်သော အသက် ၃၀ အရွယ် ကိုအောင်ဆန်းဦးသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နယ်၌ မိခင်ဖြစ်သူနေမကောင်း၍ သွားရောက်စဉ် လမ်းခရီး၌ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းကြီးမြို့နယ်၊ ဇောတိက ၁ လမ်းတွင်နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုမောင်မောင်ဦးသည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဆူးလေမှ မင်္ဂလာဒုံ မြို့နယ်ကို ပြန်လာစဉ် အဆက်အသွယ်ရပြီးနောက် ည ၈ နာရီခန့်တွင် ဖုန်းစက်ပိတ်၍ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    မန္တလေးတိုင်း မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးရပ်ကွက်တွင်နေထိုင်သော အသက် ၂၀ နှစ်အရွယ် Mg Sagar ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့မှ မန္တလေးမြို့ကို သွားရောက်ပြီးနောက် ၂ ရက်အကြာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ပဲခူးတိုင်း၊ တောင်ငူမြို့တွင် နေထိုင်သော ကိုဘုန်းမြင့်မိုရ် (ခ) ထွန်းထွန်း သည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပဲခူးမြို့သို့ သွားရောက်စဉ် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

    မန္တလေးမြို့တွင်နေထိုင်သော ကိုသဲကိုကိုအောင်သည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက် ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် မအင်ကြင်းခင်သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မြောက်ဥက္ကလာမြို့နယ် အဝိုင်း အနီးရှိ အထည်ချုပ်စက်ရုံကို သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စဉ့်ငူ့ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ အဆောင်တွင် နေထိုင်သော အသက် ၁၈ နှစ်အရွယ် မအိသက်ခိုင်သည် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုန့်ထွက်ဝယ်စဉ် ပျောက်ဆုံးသွားကြောင်း၊ ၎င်းပျောက်ဆုံးသွားသော သတင်းကြောင့် မိခင်ဖြစ်သူမှာလည်း သတိမေ့သွားပြီး လက်ခုတ်ကုန်းဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် စျ/၃၃ (၁၀)ရပ်ကွက်၊ ကော့သောင်းလမ်းနေ အသက် ၁၅ နှစ်အရွယ်ရှိ မယွန်းပိုးအိမ် (ခ) ယွန်းယွန်းသည် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေအိမ်မှ ဈေးဝယ်သွားစဉ် ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင် နေထိုင်သော အသက် ၂၀ အရွယ် မမြတ်ဖူးငုံသည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သင်တန်းတက်ရန် YBS ဖြင့် သင်တန်းကို ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရသည်။

    မန္တလေးတိုင်း၊ အမရပူရမြို့၊ ကြံတန်း တိုးချဲ့ ၃ ရပ်ကွက်တွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် မမေသဇင်နွယ်သည် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် နေအိမ်မှ ပျောက်ဆုံးသွားကြောင်းသိရသည်။

    နေပြည်တော်၊ ပျဥ်းမနားမြို့၊ အောင်သာယာ ၂၅ လမ်းတွင် နေထိုင်သော မဖူးဖူးသည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ဧရာဝတီတိုင်း၊ ဓနုဖြူမြို့၊ ၁၂ ရပ်ကွက် ၅ လမ်းတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မတီတာဇူးဇူးသည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

    ထို့ပြင် စစ်တပ်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူငယ်မောင်၀ဏ္ဏ နှင့် လူငယ် တစ်ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန် စစ်မှုထမ်းရန် ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန် လှိုင်သာယာမြို့နယ်၊ ၉ ရပ်ကွက်၊ စံရိပ်ငြိမ်လမ်းတွင် နေထိုင်သော ဦးဇော်ဝင်း၏ တူဖြစ်သူ အသက် ၂၆ နှစ်အရွယ် မောင်ဝဏ္ဏကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန်အတွက် ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

    “ဇန်နဝါရီ ၃၀ ရက်နေ့ ​ည ၁၁နာရီကျော်လောက်မှာ မောင်၀ဏ္ဏကို နေအိမ်ထဲအထိဝင်ဆွဲတယ်။ မီးတွေကလည်း ပျက်နေတဲ့အချိန်။ ရပ်ကွက်ရုံးကလူတွေရယ်၊ စခတွေရယ် ဝင်ဆွဲတာ။ အဲဒီကောင်လေးက အလုပ်မရှိဘူး။ ရပ်ကွက်ထဲလျှောက်သွားနေတဲ့လူငယ်ပါ။ အနေလည်းအေးတယ်။ စစ်မှုထမ်းဖို့ဆိုပြီး ဝင်ဆွဲတာ” ဟု ရပ်ကွက်ပြည်သူတစ်ဦးက ဆိုသည်။

    အလားတူ လှိုင်သာယာမြို့နယ်၊ ၉ ရပ်ကွက်၊ သရက်လမ်းတွင် နေထိုင်သော ဒေါ်စိုးစိုးအေး ၏ သားဖြစ်သူကိုလည်း စစ်တပ်က စစ်မှုထမ်းရန် အသက်အရွယ် အကျုံးဝင်သည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    “ကိုယ့်အိမ်ရှေ့မှာ ဆိုင်ကယ်သံနဲ့ကားသံ ညဘက်ကြားရရင် လန့်နေရပြီ။ စစ်မှုထမ်းဖို့ ဝင်ဖမ်းမလားဆိုပြီးတော့။ အခုကတော့ လူငယ်တွေရှိတဲ့ နေအိမ်တွေကို ညပိုင်း ဘာမပြော ညာမပြောနဲ့ ဝင်ဖမ်းပြီး စစ်ထဲထည့်တာပဲ။ ငြင်းလို့လည်းမရဘူး” ဟု လှိုင်သာယာမြို့နယ်၊ ၉ ရပ်ကွက်မှ ဆွမ်းလောင်းအသင်းအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

  • အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြု

    အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြု

    အာဏာသိမ်း စစ်ကောင်စီသည် အမိန့်အမှတ်၊ ၁၀/၂၀၂၅ ဖြင့် အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း သိရသည်။

    ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ဖြစ် ဒေါ်သက်သက်ခိုင် ဝန်ကြီးရာထူးက ဖယ်ရှားခံရ

    ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာပါတယ်။

    အရေးပေါ်ကာလကို သက်တမ်းတိုးတဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက ရာထူးအပြောင်းအရွှေ့ ဒါဇင်ကျော်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဖြစ်ပြီး ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အပတ်စဉ်တူသူဖြစ်ပါတယ်။

    ပြည်ထဲရေးဒုဝန်ကြီးပါအပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားပါတယ်။

    စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်က အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြည်ထဲရေး ဒုဝန်ကြီးသစ် ဖြစ်လာပါတယ်။

    စစ်ကောင်စီကဝန်ကြီးသုံးဦးကို အနားပေးလိုက်ပြီး လူသိများတဲ့ လုပ်ငန်းရှင် ဟိုတယ်ခရီးဝန်ကြီး ဒေါ်သက်သက်ခိုင်လည်းပါဝင်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်ဟောင်းဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

    သူနဲ့အတူ အလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံလည်း အနားပေးခံရပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဝင်တွေဖြစ်တဲ့ ဝ တိုင်းရင်းသားကိုယ်စားပြု ဦးရန်ကျော်နဲ့ ပလောင်တိုင်းရင်းသားကိုယ်စားပြု ဦးရွှေကြိမ်းတို့လည်း ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှားခံရပါတယ်။

    အာဏာသိမ်း ၄ နှစ်အတွင်း နေပြည်တော်ထဲ ဟိုယောင်ဒီယောင်ဖြင့် ဝန်ကြီးဌာန နှစ်ခု အရွှေ့ခံရသူ အောင်ကျော်ဝင်း ဇနီး၊ G ၏ မိခင်၊ ထွန်အိန္ဒြာဗိုလ်၏ အစ်မဖြစ်သူ၊ ရွှေနန်းတော်လုပ်ငန်းစုပိုင်ရှင်ဖြစ်သူ စစ်ကောင်စီခန့်မှ ပြည်ထောင်စုဝန်ကြီးဖြစ်ရဖူးရှာသူ သက်သက်ခိုင် ရာထူးမှ အနားပေးခံရရှာပြီ။

  • နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်

    နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ ၊ ၁၅ နှင့် ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ ခန့် ပါဝင်သော စစ်ကြောင်းကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်ကြီး အောင်ဇော်မင်း အလောင်း အပါအဝင် အလောင်း ၂၁ လောင်း သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်မှူးရန်လင်းအောင်လည်း ထိခိုက်‌ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာစဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၈ ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

    ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊ G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နှင့် ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် တပ်ရင်း ၁၀ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှလည်း တံတားဦးမှ တက်လာသည် Mi-35 ၁ စီးဖြင့် (၃) ကြိမ် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  • စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်သည်။

    အဆိုပါ ပြောကြားချက်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ မေးမြန်းချက် အပိုင်း -၁ အဖြစ် ထုတ်ပြန်သည့် ဗီဒီယိုတွင် စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင် နှင့် တပ်ကြပ် အောင်ဇော်ဦး က ဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဖလမ်းမြို့နယ်သိမ်းတိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများနှင့် စစ်မှုထမ်း ၂၄ ဦးသည် ၎င်းတို့ကို လေယာဉ်ဖြင့် ကယ်ထုတ်ပေးရန် စစ်ကောင်စီကို ပြောဆိုခဲ့သော်လည်း လေယာဉ် ၁ စီးနှင့် စစ်သား ၂၄ ဦး မလဲနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။

    “လေယာဉ်နဲ့ စစ်ကူက လေယာဉ်ပစ်ကူခေါ်တာ လေယာဉ်က ထပ်မလာတော့ဘူး။ ကျွန်တော်တို့ဆို လေယာဉ်တောင်းတယ်။ ၂၄ ယောက်တည်းက လေယာဉ်တောင်းတာ ကျွန်တော်တို့ကို ၁၀ လုံးညွန့်က ပေးထားပြီး အဲဒီ ၁၀ လုံးညွန့်ကို ရောက်ပြီဆိုရင် လေယာဉ်လာခေါ်မယ်ဆိုပြီး သူတို့ ကိုယ်တိုင်က ကတိပေးထားတာ အဲဒီကတိပေးထားတာတဲ့ဟာကို သူတို့ကိုယ်တိုင်က ကတိဖျက်တာ အဲဒီဟာကို စိတ်နာနေကြတာ ဒီက အဖွဲ့တွေက လေယာဉ် တစ်စီးနဲ့ မင်းတို့ လူ ၂၄ ယောက်နဲ့ မလဲနိုင်ဘူးဆိုတဲ့ စကားကို တအားစိတ်နာသွားတာ ကျွန်တော်တို့တွေ တချို့တွေဆို စစ်မှုထမ်းတွေ ပါတယ်။ ကျွန်တော်တို့ လူဟောင်းတွေတောင် စိတ်နာနေတာဆိုတော့ စစ်မှုထမ်း တွေဆို ပြောမနေနဲ့တော့။ ဒီမှာ လူဟောင်းဆို အများဆုံးပါမှ ၄ ၊ ၅ ယောက်ထဲ ပါတာပါ။ ကျန်တာ စစ်မှုထမ်း တွေချည်းပဲ” ဟု စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင်က ပြောဆိုသည်။

    အကြမ်းဖက် စစ်ကောင်စီက လေယာဉ် အဆုံးအရှုံးမခံနိုင်ကြောင်း ပြောဆိုချက်ကို စစ်သုံ့ပန်းများက စိတ်နာနေပြီး စစ်ကောင်စီ အမြစ်ပြတ်သည့်အထိ ပြန်လည် တိုက်ခိုက်သွားမည်ဟုဆို စစ်သုံ့ပန်း တပ်ကြပ် အောင်ဇော်ဦး က ထပ်မံ ပြောကြားသည်။

    “ကျွန်တော်တို့ကတော့ ဒီက လွတ်သွားရင်လည်း ကလေးမြို့ကို မပြန်တော့ဘူး ။ ဒီအထဲမှာပဲ ပူးပေါင်းတော့မယ်။ မလုပ်ချင်တော့ဘူး စိတ်နာတယ်။ စားနပ်ရိက္ခာပေးပါဆိုတာ မင်းတို့အတွက်နဲ့ လေယာဉ်အဆုံးရှုံးမခံနိုင်ဘူးတဲ့ ။ ငါ့လေယာဉ်တစ်ခုခုဖြစ်တာနဲ့ မင်းတို့ဖြစ်တာ ဘာမှမဖြစ်ဘူးတဲ့ ငါလေယာဉ် တစ်ခုခုအဖြစ်မခံနိုင်ဘူးတဲ့ ။ ဘာမှ မလုပ်ပေးနိုင်ဘူးတဲ့ အဲဒါဆို ဘာလုပ်တော့မှာလဲ ကျွန်တော်တို့။ ဘာမှလုပ်စရာမရှိတော့ဘူး သူတို့ကို ပြန်တိုက်ဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ မကယ်နိုင်ဘူးတဲ့ ။ ငါ့လေယာဉ်တစ်ခုခုဖြစ်မှာ လေယာဉ် အဆုံးရှုံးမခံနိုင်ဘူးတဲ့” ဟု စစ်သုံ့ပန်း တပ်ကြပ် အောင်ဇော်ဦး က ပြောဆိုသည်။

    ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ပိတ်မိနေသော စစ်သားများတွင် ထိခိုက် ဒဏ်ရာရရှိသူ ၂၀ ကျော်ပါဝင်ပြီး အကြမ်းဖက် စစ်ကောင်စီက လာရောက် ကယ်တင်ခြင်းမရှိခြင်းကြောင့် ဒဏ်ရာ အခြေအနေ မခံနိုင်၍ တောင်ပေါ်မှ ပြုတ်ကျပြီး သေဆုံးသူများလည်းရှိကြောင်း၊ ထိခိုက်ဒဏ်ရာ မရရှိသော ပိတ်မိနေသော စစ်သားများသည် တောတောင်များအတွင်း ထွက်ပြေးစဉ် အစားရေစား ငတ်ပြတ်ပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။