Category: News

  • အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁အတွင်း အင်းစိန်လူမိုက် ကျင်ဟုတ်သည် အကိုဖြစ်သူ လူမိုက် ကျော်ဝင်းစိန်နှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သူဟုဆိုသည်။

    “ကျင်ဟုတ်က မရမ်းကုန်း (၁)ရပ်ကွက်ထဲက မနေ့တနေ့က ရောက်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းတယ်။စစ်တပ်ထဲထည့်တယ်။ပိုက်ဆံရှိတဲ့သူဆို ငွေညှစ်တယ်။အခုလည်း ဘုရင့်နောင်ပွဲရုံထဲမှာပါ လောင်းကစားရုံ ဖွင့်ပြီး သောင်းကျန်းနေတယ်”ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦး​က ပြောသည်။

    မရမ်းကုန်းမြို့နယ်၊သမိုင်း (၁)ရပ်ကွက်သို့ လူမိုက်ကျင်းဟုတ် ရောက်ရှိလာပြီးနောက်ပိုင်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ တပည့်ဆိုသူများက ဘုရင့်နောင်ပွဲရုံတွင်ပါ မိုက်ကြေးခွဲဆက်ကြေးတောင်းမှုရှိကြောင်းလည်း သိရသည်။

    “သိရသလောက်ဆို ငါးယောက်လောက်က စစ်ထဲပါသွားတယ်။ကျန်တဲ့ လေးငါးယောက်လောက်က ကျပ်သိန်း ၂၀၊ ၃၀ ပေးပြီး ပြန်ရွေးရတာရှိတယ်။စိန်ဝင်းမြင့်က အရင်ကအဲဒီလောက်မဆိုးဘူး။အခု ကျင်ဟုတ် နဲ့ပေါင်းပြီး တော်တော်ဆိုးလာတာ”ဟု မရမ်းကုန်း (၁)ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

    လူမိုက်ဂိုဏ်းနယ်ပယ်တွင် အကိုဖြစ်သူကျော်ဝင်းစိန်နှင့် ညီ​ဖြစ်သူကျင်ဟုတ်တို့သည် အင်းစိန်နှင့်ရွှေပြည်သာမြို့နယ်အပိုင်စားဟု လူသိများသည်။ အကိုဖြစ်သူ ကျော်ဝင်းစိန်မှာ ၂၀၂၃ ဒီဇင်ဘာ ၈ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တွင် သတ်ခံခဲ့ရသည်။

    (အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်အား တွေ့ရစဉ်)

  • မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား  စကားများပြီး ပစ်ခတ်မှုဖြစ်

    မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား စကားများပြီး ပစ်ခတ်မှုဖြစ်

    ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သားများ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    မြန်အောင်မြို့မှ ကြံခင်းမြို့ဘက်သို့အထွက် မြို့စွန်ရှိ KTV တခုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ ညပိုင်း၌ ကွင်းကောက်တပ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ( ၃ ) ဦးနှင့် မြန်အောင်မြို့ နယ်မြေခံရဲတို့ အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ သူတို့ အချင်းချင်း ဆော်ညှိတဲ့ ကိစ္စကနေပြီးတော့ မြန်အောင်ရဲက လိုချင်တာနဲ့ အဲ့ကိစ္စတွေပဲ နေမှာပါ။ အချင်းချင်းပြသနာတက်တာကနေ စစ်တပ်ကကောင်က လေပေါ်ကို သေနတ်ဖောက်တယ်။ ဖောက်တော့ ရဲက G1 နဲ့ တိုင်ရမလားလုပ်တော့ မင်းက ငါ့ကို G1 နဲ့ ချိန်းခြောက်တယ်ဆိုပြီးတော့ နောက်ကနေ လိုက်ပစ်တာ မြန်အောင်ရဲက ထွက်ပြေးရတယ်” ဟု မြန်အောင်မြို့ခံ တစ်ဦးက ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။

    ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးသည့် ရဲ လည်ပင်းကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း အဓမ္မစုဆောင်းသည့် သတင်းများကြောင့် ဒေသခံအများစု ညပိုင်းတွင် အပြင်ထွက်ခြင်း မရှိကြတော့ဘဲ KTV များတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများသာ အများဆုံးသွားလာ ပျော်ပါးနေကြကြောင်း ဒေသခံများထံမှ သိရသည်။

  • စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေပြီး လျှောက် ထားသူမရှိ၍ တပ်မိသားစုများမှ ၁၀ တန်းအောင်ကျောင်းသားများကို ဆွဲခေါ်တက်ခိုင်းနေရ

    ပြင်ဦးလွင် စစ်တက္ကသိုလ် လုံး၀အပြီး ရွှေ့ပြောင်းခိုင်းသည့် အမိန့် လတ်တလော မရှိသေးသော်လည်း စာသင်နှစ်အလိုက် နေပြည်တော်နှင့် ပြင်ဦးလွင် ပေါင်းကူး တက်ခိုင်းရန်ရှိနေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ဖွင့်လှစ်ထားသော စစ်တက္ကသိုလ်အပတ်စဉ် တစ်ခုလျှင် တက်ရောက်နေသည့် ဗိုလ်လောင်း အရေအတွက်မှာ လူဦးရေ ၃၀၀ အောက်သို့ ထိုးကျဆင်းနေပြီး လျှောက်ထားသူမရှိဖြစ်နေ၍ တပ်မိသားစုများမှ ၁၀ တန်းအောင် ကျောင်းသားများကို ဆွဲခေါ် တက်ခိုင်းနေရကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    “DSA ဗိုလ်လောင်းသင်တန်းက ၂၀၀ ကျော်နဲ့ ၃၀၀ အကြားပဲ ရှိပါတယ်။ လျှောက်ထားသူ နည်းလွန်းလို့ တပ်မိသားစုထဲက ၁၀ တန်းအောင် လူငယ်တွေကို အသက်ကန့်သတ်ချက်တွေ ဖြည်လျှော့ပြီး တက်ခိုင်းတယ်။ အဲဒါတောင် ၂၀၀ ကျော်ပဲရှိပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ကျောင်းဆင်းခဲ့သော စစ်တက္ကသိုလ် DSA အပတ်စဉ် ၆၆ တွင် ဗိုလ်လောင်းအရေအတွက် ၃၁၄ ဦးသာရှိပြီး ကြည်းတပ်တွင် ဒုဗိုလ်အဖြစ် ၂၆၇ ဦး၊ ရေတပ်တွင် ဒုဗိုလ်အဖြစ် ၂၇ ဦး နှင့် လေတပ်တွင် ဒုဗိုလ်အဖြစ် ၂၀ ဦးတို့ကို စစ်ရာထူးခန့်ချုပ်ရုံးက ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

    လတ်တလော ပြင်ဦးလွင် စစ်တက္ကသိုလ်ကို နေပြည်တော်၊ ပျဉ်းမနားရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးဆေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့သို့ ပြောင်းရွှေ့မည်ဆိုသော သတင်းများ ထွက်ရှိနေကြောင်း၊ ယင်းသတင်းမှာ မှန်ကန်သော်လည်း လက်ရှိအချိန်အထိ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို လုံး၀ နေပြည်တော်သို့ ပြောင်းရွှေ့ခြင်း ပုံစံမျိုးမဟုတ်ဘဲ စာသင်နှစ် တတိယနှစ်နှင့် နောက်ဆုံးနှစ် (စတုတ္တနှစ်) ဗိုလ်လောင်း ကျောင်းသားများကို နေပြည်တော်တွင် တက်ရောက်စေမည်ဖြစ်ကြောင်း၊ ကျန် ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းများကို ပြင်ဦးလွင် စစ်တက္ကသိုလ် တွင် ဆက်လက်တက်ခိုင်းသည့် ပေါင်းကူး ပုံစံဖြင့် ပြောင်းရွှေ့ရန်ရှိနေကြောင်း သိရှိရသည်။

    “စစ်တက္ကသိုလ်ပြောင်းမယ်ဆိုတာကတော့ ကြားနေရတာ ကြာပြီ။ ပြောင်းမယ်ဆိုတာက သတင်းကမှန်တယ်။ ဒါပေမယ့် စာသင်နှစ်အလိုက် ပြောင်းမယ်လို့ သိထားတယ်။ တတိယနှစ်နဲ့ ကျောင်းဆင်းတော့မယ် နောက်ဆုံးနှစ်ကို နေပြည်တော်မှာ တက်ခိုင်းပြီးတော့ ပထမနှစ်နဲ့ ဒုတိယနှစ်ကို ပြင်ဦးလွင်မှာ တက်ခိုင်းမယ်လို့ သိထားတယ်။ ကျောင်းသားကလည်း သိပ်မရှိတော့ ပြောင်းရ ရွှေ့ရတော့ လွယ်ပါတယ်။ လုံခြုံရေး မတည်ငြိမ်လို့ စစ်ဖြစ်ရင်တော့ ကျောင်းတစ်ခုလုံး နေပြည်တော် ရွှေ့တာမျိုးလည်း ဖြစ်လာမယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    လက်ရှိ ပြင်ဦးလွင်အနီး တောင်ခမ်းတွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

  • ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို  KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

    KIA နှင့် ပူး​ပေါင်းတပ်ကဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

    “လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

    ​နွေဦး​တော်လှန်​ရေးတွင် MNDAAနှင့် ပူး​ပေါင်းတပ်က လားရှိုး ​လေဆိပ် ၊ AA က သံတွဲ​လေဆိပ် ၊ အမ်း​လေဆိပ်နှင့်မြို့များသိမ်းပိုက်ပြီး​နောက် KIA ကလည်း ဗန်း​မော် ​လေဆိပ် ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ဗန်း​မော်မြိူ့သိမ်းတိုက်ပွဲတွင် ​သံချပ်ကာတပ်ရင်း ၊လေယာဥ်ကွင်း ၊စရဖရုံးတို့အသိမ်းခံရပြီး​နောက်စစ်ကောင်စီတပ်ကလည်း ယခင်အတိုင်းပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခုခံလျက်ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ပူး​ပေါင်းတပ်များက စစ်တပ်၏ စကခ (၂၁) နှင့်လက်ကျန်စခန်းများကိုဆက်လက်သိမ်းပ်ုက်ရန်ထိုးစစ်ဆင်​နေသည်။

    ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့ လေယာဉ်ကွင်း တောင်ဘက် ဟိန်းအောင်ဆီဆိုင်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ ၅နေရာ၊ ၂ မိုင်စိုက်ပျိုးရေးခြံရှိ စစ်ကောင်စီ တပ်စွဲရာ ၂နေရာအား သိမ်းပိုက်နိုင်ပြီး လေယာဉ်ကွင်းအနီး စရဖရုံးအား သိမ်းပိုက်ပြီးဖြစ်သည်ဟု လူမှုကွန်ရက်တွင် အသိပေးသည်။

    KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့နှင့် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ တစ်လခန့်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့နောက် ဗန်းမော်မြို့ရှိ စကခ (၂၁)အပါအဝင် လက်ကျန်တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့သည်။ ထိုးစစ်အရှိန်မြှင့်ပြီးနောက် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ ၊ သံချပ်ကာယာဉ် ၇စီးထက်မနည်း သိမ်းပိုက်ရရှိထားသည်။

    (ဗန်းမော်လေဆိပ်အား သိမ်းပိုက်ပြီးKIA ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်။ ရုပ်သံ -ကချင်​တောင်တန်း)

  • ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

    ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃ နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်း‌‌မာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

    တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက်‌ရောက် ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။

    ထို့အပြင် Non CDM ကျန်းမာ‌ရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်‌အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။

    တပ်ကြပ်ကြီးအောင်ကြည်ဆန်းထံမှ ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့် ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

    ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )သည် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်တွင်ရှိပြီး လေယာဥ်ဗုံးများ အဓိက ထားထုတ်လုပ်ကြောင်း CDM စစ်ကောင်စီအရာရှိများနှင့် ဒေသခံစစ်ရေးအချက်အလက်များက ဆိုသည်။

    ထို့အပြင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ငယ်များထုတ်လုပ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၂၂)လည်း အခြေစိုက်ထားသည်။

    တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၅ ခုရှိပြီး မကွေးတိုင်းတွင် ၁၅ ခု၊ပဲခူးတိုင်းတွင် ခုနစ်ခုနှင့် ရန်ကုန်၊ နေပြည်တော်၌ သုံးခုရှိသည်။

    ဆိပ်ဖြူ နှင့် တညောင်လမ်းပိုင်းတစ်နေရာ၌ ရှင်းလင်းခံရသည့် ကပစ (၂၁)မှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား တွေ့ရစဥ်(ဓာတ်ပုံ – Caf-SPU PDF)