ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သားများ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြန်အောင်မြို့မှ ကြံခင်းမြို့ဘက်သို့အထွက် မြို့စွန်ရှိ KTV တခုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ ညပိုင်း၌ ကွင်းကောက်တပ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ( ၃ ) ဦးနှင့် မြန်အောင်မြို့ နယ်မြေခံရဲတို့ အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူတို့ အချင်းချင်း ဆော်ညှိတဲ့ ကိစ္စကနေပြီးတော့ မြန်အောင်ရဲက လိုချင်တာနဲ့ အဲ့ကိစ္စတွေပဲ နေမှာပါ။ အချင်းချင်းပြသနာတက်တာကနေ စစ်တပ်ကကောင်က လေပေါ်ကို သေနတ်ဖောက်တယ်။ ဖောက်တော့ ရဲက G1 နဲ့ တိုင်ရမလားလုပ်တော့ မင်းက ငါ့ကို G1 နဲ့ ချိန်းခြောက်တယ်ဆိုပြီးတော့ နောက်ကနေ လိုက်ပစ်တာ မြန်အောင်ရဲက ထွက်ပြေးရတယ်” ဟု မြန်အောင်မြို့ခံ တစ်ဦးက ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးသည့် ရဲ လည်ပင်းကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း အဓမ္မစုဆောင်းသည့် သတင်းများကြောင့် ဒေသခံအများစု ညပိုင်းတွင် အပြင်ထွက်ခြင်း မရှိကြတော့ဘဲ KTV များတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများသာ အများဆုံးသွားလာ ပျော်ပါးနေကြကြောင်း ဒေသခံများထံမှ သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *