Category: News

  • မန္တလေးကိုသိမ်းမည့် MDY-PDF နှင့် စစ်သင်တန်းနည်းပြ အမျိုးသမီးများ

    မန္တလေးကိုသိမ်းမည့် MDY-PDF နှင့် စစ်သင်တန်းနည်းပြ အမျိုးသမီးများ

    တပ်သားသစ်များ ရရှိလာသည့် တော်လှန်ရေးအဖွဲ့တွင် ငယ်ငယ်ရွယ်ရွယ် သင်တန်းဆရာမများမှာ ရန်သူထက် အားသာချက်များ ရှိနေသလို သင်တန်းကာလတွင်လည်း စိန်ခေါ်မှု၊ လေးစားခံရမှုများ ကြုံတွေ့နေရသည်။

    “လေ့ကျင့်ရေးမှာ ချွေးထွက်များမှ စစ်မြေပြင်မှာ သွေးထွက်နည်းမယ်” ဟူသော သံပြိုင်ကြွေးကြော်သံနှင့်အတူ မောင်းပြန်ရိုင်ဖယ်ကိုယ်စီ ကိုင်ဆောင်ထားသော လူငယ်များက ဖုန်တထောင်းထောင်းထနေသော စစ်သင်တန်းကွင်းအတွင်း ဟန်ချက်ညီညီအပြေးနှင်နေကြသည်။

    ထိုသင်တန်းသူ၊ သင်တန်းသားများမှာ စစ်ကောင်စီကို ခြေသံလုံလုံဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF တပ်ဖွဲ့ဝင်သစ်များဖြစ်ပြီး ပြောက်ကျားစစ်ယူနီဖောင်းဝတ်နည်းပြများမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးများဖြစ်သည်။

    ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် အမျိုးသမီးတော်လှန်ရေးသမား အများအပြားသည် ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်တိုက်ထုတ်ရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နေကြသည်။

    အမျိုးသမီးရဲဘော်များသည် နောက်တန်းတွင် အုပ်ချုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထိန်းချုပ်နယ်မြေ လုံခြုံရေးကိစ္စများသာ တာဝန်ပေးခံရလေ့ရှိသည်။

    ဆယ်ကျော်သက်အရွယ် ကျောင်းသူဘဝတွင် စစ်အာဏာသိမ်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး ယခု အသက် ၁၉ နှစ် ရှိပြီဖြစ်သော တတ သည် MDY-PDF ၏ စစ်သင်တန်းတွင် အမျိုးသမီး သင်တန်းနည်းပြထဲမှ တစ်ဦးဖြစ်သည်။

    အာဏာသိမ်းခါစ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သလို မြို့ပြပြောက်ကျားတော်လှန်ရေးရဲဘော်များအတွက် စစ်ကောင်စီတပ် လှုပ်ရှားမှုများကို စောင့်ကြည့်၊ သတင်းရယူပေးခဲ့သူလည်းဖြစ်သည်။ ထိုနောက် ထမင်းချက်တာဝန်ပဲ ထမ်းရထမ်းရဟု စိတ်ပိုင်းဖြတ်ကာ MDY-PDF ထဲ ဝင်ရောက်လာခဲ့သည်။

    MDY-PDF သည် အမျိုးသမီးတပ်ဖွဲ့ဝင်များကို နောက်တန်းတွင်သာ တာဝန်ပေးထားသည်။ ထို့ကြောင့် သူလည်း အခြေခံစစ်ပညာသင်တန်း တက်ရောက်ပြီးစီးချိန်တွင် MDY-PDF ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စများတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့နောက် စစ်သင်တန်းနည်းပြ ဖြစ်လာသည်။

    သင်တန်းကွင်းထဲတွင် သူသည် သင်တန်းအပတ်စဉ် ၆ ခုပြီးမြောက်ခဲ့ပြီဖြစ်သည်။

    ကျောင်းစာသင်ခန်းထဲ ရှိနေရမည့်အရွယ်ဖြစ်သော်လည်း တောထဲတောင်ထဲ အနေဆင်းရဲ၊ အစားဆင်းရဲခံပြီး အခြေခံစစ်ပညာ ပင်ပင်ပန်းပန်း သင်ယူကြသည့်၊ နောက်ခံဘဝကိုယ်စီရှိကြသည့် သင်တန်းသားများကို တော်လှန်ရေးတပ်သားများဖြစ်လာရန် သင်ကြားရေးနည်းလမ်း အမျိုးမျိုးသုံးကြရသည်ဟု သူက ဆိုသည်။

    “ဘယ်လိုထိန်းကျောင်းရမလဲ၊ အမိန့်နာခံမှုရှိအောင် ဘယ်လိုရိုက်သွင်းရမလဲ၊ တချို့အရာတွေက တော်တော်ခက်ခဲပါတယ်” ဟု သူက ပြောသည်။

    “ကျွန်တော်တို့ကိုကျတော့ သူတို့စိတ်ထဲမှာ မိန်းကလေး၊ မလုပ်နိုင်ဘူးလို့ထင်တယ်၊ ဒါပေမယ့် တကယ်တမ်းမှာ လုပ်နိုင်ကြောင်းပြနိုင်တော့မှ နည်းပြဆိုတာမျိုးကို သတ်မှတ်လက်ခံပေးတာ”

    MDY-PDF တွင် တတ အပါအဝင် အမျိုးသမီး သင်တန်းနည်းပြ ၈ ဦးအထိရှိသည်။

    သင်တန်းနည်းပြ တစ်ဦးဖြစ်သူ လီလီက ဒေသပေါင်းစုံမှလာသည့်၊ စရိုက်လက္ခဏာပေါင်းစုံရှိသည့် လူငယ်များက ကနဦးတွင် အမျိုးသမီးနည်းပြများကို လေးစားမှုမရှိဟု ပြောသည်။

    “ကျောင်းသားတွေဆို အကုန်လုံးက မတထောင်သားတွေချည်းပဲဆိုတော့ ထိန်းကျောင်းရတာ ခက်ခဲတယ်။ ပင်ပန်းတယ်” ဟု လီလီက ပြောသည်။

    “အစပိုင်းမှာ မလေးမစားလုပ်တာ၊ ပမာမခန့်လုပ်တာ၊ ပြီးရင် ထိကပါး ရိကပါး လုပ်တာလုပ်ချင်တာတွေ ရှိပါတယ်။ သင်တန်းဆရာဖြစ်ခါစမှာ ခက်ခဲခဲ့တဲ့အချိန်တွေ၊ အခုနောက်ပိုင်းတော့ မဟုတ်တော့ဘူး”

    လီလီသည် ၂၀၂၂ မတ်လတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တပ်ဖွဲ့တစ်ခု၏ ဆေးတပ်သားတစ်ဦးဖြစ်လာသည်။ ၂၀၂၃ နှစ်လယ်ပိုင်းတွင် MDY-PDF သို့ ပြောင်းရွှေ့လိုက်သည်။ ထို့နောက် သင်တန်းနည်းပြဖြစ်လာသည်။

    လက်နက်မဲ့၊ လက်နက်ပါစစ်ရေးပြ၊ ကိုယ်ခန္ဓာကြံ့ခိုင်ရေး၊ လက်နက်နှင့်ပတ်သက်သည့် ပညာရပ်များကို လက်တွေ့ ပို့ချပေးရသည်။

    “သူတို့(ရဲဘော်သစ်တွေ) စိတ်ထဲမှာကိုက ဆရာနဲ့ ဆရာမနဲ့ ခွဲနေတာ၊ ရောက်ရောက်ချင်းဆို အရပ်သားအရေခွံမကျွတ်သေးတဲ့အတွက်မို့ ပိုဆိုးတယ်။ မြို့ပေါ်မှာ နေခဲ့တဲ့ပုံအတိုင်းပဲ၊ မိန်းကလေးဆိုရင် နည်းပြတွေ ဘာတွေမသိဘူး။ မိန်းကလေးပဲ သူတို့မျက်လုံးထဲမှာ။ သင်တန်းရောက်မှ သူတို့အမြင်မှာ သင်တန်းဆရာမတွေကလည်း ယောက်ျားလေးတွေ တန်းတူလုပ်နိုင်ပါလား၊ ငါတို့ဆရာမတွေလည်း လုပ်နိုင်တယ်ဆိုတဲ့စိတ် မွေးလာတယ်” ဟု သူက ဆိုသည်။

    သင်တန်းချိန်ကြာလာသည့်နှင့် အမျိုးသမီးနည်းပြများကို အမျိုးသားနည်းပြများနည်းတူ တန်းတူရည်တူဆက်ဆံလာသည်ဟု သူက ဆိုသည်။

    မန္တလေးဝန်းကျင် မြို့များသို့ ရောက်လာသည့် MDY-PDF သည် အနာဂတ် မန္တလေးမြို့သိမ်းတိုက်ပွဲတွင် ထိပ်ဆုံးမှ ပါဝင်မည့်အဖွဲ့ဖြစ်ကြောင်း အများက နားလည်ထားကြသည်။

    ယခင်က MDY-PDF တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေသည့် အခြားသော တော်လှန်ရေးတပ်များနည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်ပညာသင်ယူခဲ့ရသည်။ ထိုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

    တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ တပ်သားသစ်လည်း ပိုရလာသလို တပ်ဖွဲ့ဝင်အများအပြားလည်း သင်တန်းနည်းပြဖြစ်လာကြသည်။

    ပြီးခဲ့သည့် ၄ နှစ်အတွင်း လေတပ်ကို ပိုမို အားပြုနေရသည့် စစ်ကောင်စီဘက်တွင် ကြည်းတပ် တပ်ဖွဲ့ဝင်များမှာ စစ်ပန်းနေကြသလို တပ်မှ ထွက်ပြေးရန်၊ တိုက်ပွဲတွင် အလံဖြူထောင်လက်နက်ချရန် အားသန်သူ ရှိနေဆဲဖြစ်သည်။

    နိုင်ငံအနှံ့ပြည်သူလူထု ဗုံးကြဲခံရ၊ အိမ်မီးရှို့ခံရသည့် အခြေအနေတွင် တော်လှန်ရေးတပ်သားများမှာ ရန်သူကို ရင်ဆိုင်ရန် စိတ်ဓာတ်တက်ကြွနေဆဲပြီး လက်နက်အင်အားလည်း ပိုမို ပြည့်စုံလာနေသည်။

    ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် MDY- PDF က စဉ့်ကူးမြို့နယ်မှ စစ်ကောင်စီတပ်သားများကို တိုက်ထုတ်လိုက်ပြီးနောက် တပ်ထဲဝင်လာကြသည့် လူငယ်အများအပြား ထဲတွင် ထိုဒေသဇာတိ ရောင်နီနှင့် ညီမဖြစ်သူတို့လည်းပါဝင်သည်။

    “အရင်ကတည်း တော်လှန်ရေးထဲဝင်ဖို့အစီအစဉ်ရှိခဲ့တယ်။ မိသားစုအခက်အခဲတွေကြောင့် မဝင်ဖြစ်ခဲ့တာ။ အခုအချိန်မှာကျတော့ ကျွန်တော်တို့ရွာကို တိုက်ပွဲဖြစ်ပြီးတဲ့အချိန်မှာ ကိုယ့်ရှေ့မှာ မြင်နေရတဲ့ ရဲဘော်စီနီယာတွေကိုမြင်ပြီးတော့ သူတို့နဲ့တူတူ ပူးပေါင်းဆောင်ရွက်ချင်တယ်။ အဲ့ဒါကြောင့် ဆက်သွယ်ပြီးတော့ ဒီထဲဝင်လာဖြစ်ခဲ့တာ” ဟု သူက ပြောသည်။

    သင်တန်းနည်းပြဖြစ်လာပြီ ဆိုသော်လည်း ဝါပိုရင့်သည့် လုပ်ဖော်ကိုင်ဘက်များထံမှ လေ့လာသင်ယူစရာ များစွာရှိနေကြောင်း ရောင်နီက ပြောသည်။

    တိုက်ခိုက်ရေးတွင်ပါဝင်ခွင့်မရသေးသော်လည်း အမျိုးသမီးနည်းပြများဖြစ်သည့် တတ၊ လီလီနဲ့ ရောင်နီတို့သည် တော်လှန်ရေး ပြီးဆုံးတဲ့အထိပါဝင်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းတို့က ဆိုသည်။

    နိုင်ငံအနှံံ့ စစ်မျက်နှာဖွင့်ထားရပြီး ထိန်းချုပ်နယ်မြေလျော့ကျလာသည့် စစ်ကောင်စီကို ဆက်လက် တိုက်ထုတ်ရဦးမည်ဟု ရောင်နီက ပြောသည်။

    “ဘယ်ချိန်မှာပဲဝင်ဝင် တော်လှန်ရေးမပြီးသေးတဲ့အတွက် ကျွန်တော်တို့က လုပ်စရာအလုပ်တွေ အများကြီး ရှိသေးတယ်၊ ကျွန်တော်တို့ အများကြီး ကူညီလို့ရသေးတယ်၊ ပါဝင်လို့ရသေးတယ်၊ ထမ်းဆောင်လို့ရသေးတယ်” ဟု ပြောလိုက်သည်။

  • CDF – KKG  အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

    CDF – KKG အပတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

    ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ကဘော်ဒေသ၊ဂန့်ဂေါမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF- KKG (Kalay-Kabaw-Gangaw) အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းကို CDF – KKG တပ်ရင်း ( ၂ ) မှ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို CDF – KKG ဒု စစ်ဦးစီးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့တယ်လို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာလည်း CDF – KKG ရဲ့ အခြေခံစစ်ပညာမွန်းမံသင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါသေးတယ်။ အဆိုပါ အခြေခံစစ်ပညာမွန်းမံသင်တန်းကိုတော့ CDF – KKG တပ်ရင်း – ၁ က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    CDF-KKG ဟာ ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ ( Chinland Council) နဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း CDF – KKG က ရဲဘော် ၂၈ ဦး တော်လှန်ရေးမှာ ကျဆုံးခဲ့တာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

  • ခြောက်လခံဆေးထိုးပြီး ILO အိမ်မက်ဆိုးကို တချိန်တည်း မက်ရတော့မယ်

    မင်းအောင်လှိုင် ခေတ်မှာ ဂျုံပြတ်လို့ အီကြာ‌ကွေး၊ ပလာတာ စသည့် ဂျုံနဲ့ပြုလုပ်ရသည့် မုန့်များ လ္ဘက်ရည်ဆိုင် တော်တော်များများတွင် ယနေ့ ဝယ်မရတော့ကြောင်း သိရပါတယ်။

    ဒီလောက် တိုင်းပြည် စုတ်ပြတ်နေလည်း မအိမ်လုံး စစ်ဘောမ စစ်လော်ဘီတွေက ပဒေသရာဇ် သက်ဦးဆံပိုင်ခေတ်လို မင်းအောင်လှိုင် ပထွေးကို ဘောမလို့ ကောင်းတုန်း။

    ဘိလပ်မြေလည်း ပစ္စည်းပြတ်နေပြီ တအိတ်ကို သုံးဆလောက် တက်သွားပြီ။

    ဒါတွေကြည့်ရင် မင်းအောင်လှိုင် စစ်တပ် နိုင်ငံခြားငွေ ဘယ်လောက်ပြတ်လပ်နေလဲ မြင်သာတယ်။ နယ်စပ်ဂိတ်တွေက အသိမ်းခံထားရတော့ ဝင်ငွေကလည်း မရှိဘူး။

    စစ်အသုံးစရိတ်၊ လက်နက်၊ ကျည်ဖိုးနဲ့ လစာ စရိတ် အခြားပစ္စည်း စက်သုံးဆီအတွက် ငွေတွေကလည်း ပုံအောသုံးနေရလို့ ငွေတွေရိုက်ထုတ်တာ ငွေကြေးဖောင်းပွမှုတွေလည်း တိုးလာနေပြီ။

    ဖေဖော်ဝါရီ (၁) ရက်နေ့ဆို မင်းအောင်လှိုင် ခြောက်လခံဆေး ထပ်ထိုးရချိန်မှာ ILO က Sanction ချဖို့ရှိနေတယ်။

    မင်းအောင်လှိုင် စစ်တပ်က ILO ချမှတ်ထားတာတွေကို ဟန်ပြလုပ်နေပေမဲ့ လက်ခံလောက်တဲ့ အနေအထားလည်း မတွေ့ရတော့ ILO Sanction ချခံရရင် မင်းအောင်လှိုင် စစ်တပ် သေချာပေါက် နောက်တဆင့် ပြိုပြီ။

    ဒတဆဖ

  • တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများကို ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီ လိုက်လံရှာဖွေနေ

    တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများကို ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီ လိုက်လံရှာဖွေနေ

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေများတွင် စစ်ကောင်စီတပ်က တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် တပ်သားများအား ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိိရသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ဘောမိကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားထွက်ပြေးခဲ့သဖြင့် နီးစပ်ရာကျေးရွာများနှင့် ကမ်းခြေဒေသများတွင် လိုက်လံရှာဖွေနေခြင်း ဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

    “ အားလုံးဆို ဒီဘက်ပြေးတာ ရှစ်ယောက်လို့ကြားတယ်၊ ဘယ်လိုတွေပြေးလာတယ်ဆိုတာတော့မသိဘူး။ ခုတော့ လိုက်ရှာနေတုန်းပဲ ကမ်းခြေမှာရော ရွာထဲရော”ဟု ချောင်းသာကမ်းခြေနေ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှ ပြောသည်။

    ထွက်ပြေးလာသည့် တပ်သားများအား စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတဦး ဦးဆောင်ပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါ ပူးပေါင်းပြီး လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

    ဇန်နဝါရီလ ပထမပတ်အတွင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ မကျီးဇင် ကျေးရွာကို ရက္ခိုင်တပ်တော် AA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး ဒုတိယပတ်တွင် ဘောမိကျေးရွာကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများအပြား သေဆုံးကာ တပ်ပျက်ပြီး ထွက်ပြေးသူများလည်း အများအပြားရှိကြောင်း သိရသည်။

    ဓာတ်ပုံ-ရွှေသောင်ယံကမ်းခြေ

  • စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    ပြည်တွင်းစစ် ဆိုးရွားလာနေသည့်ကြားမှ မြန်မာစစ်အစိုးရ၏ ရွေး ကောက်ပွဲကျင်းပရန် အစီအစဉ်သည်ဦးစားပေးမဖြစ်သင့်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးပြောကြားသည်။

    မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။

    ဝန်ကြီး မိုဟာမက်ဟာဆန်က “မြန်မာစစ်အစိုးရအနေနဲ့ ဘာတွေကို ရည် ရွယ်ထားသလဲဆိုတာ မလေးရှားက သိရှိလို ပါတယ်။ ရွေးကောက်ပွဲဟာ ဦးစားပေးမဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အရေးတကြီးလိုအပ်နေတာက အပစ်အခတ်ရပ်စဲရေးသာ ဖြစ်ပါတယ်” ဟု ပြောသည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အသီးသီးအား တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားကင်းစွာ ပေးအပ်ခြင်းကို ခွင့်ပြုပေးရန် စစ်အစိုးရကိုယ်စားလှယ်ထံတောင်းဆိုထားကြောင်း ယခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အစပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရာမှစ၍ နိုင်ငံ၏ နယ်မြေအများအပြား လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့သည်။

    နယ်ပယ်အသီးသီးတွင် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရခြင်း၊ စီးပွားရေး ပြိုလဲပျက်စီးခြင်းနှင့် နိုင်ငံရေးပါတီ အများအပြားကို ပိတ်ပင်တားမြစ်ခြင်းတို့ ကြုံတွေ့နေရသော်လည်း စစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေဆဲ ဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ လက်အောက်ခံများမှတဆင့် အာဏာဆက်လက်ထိန်းချုပ်ရန် ကြံစည်သော အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ဝေဖန်သူများက ရှုတ်ချထားကြသည်။

    ထို့ပြင် မလေးရှားနိုင်ငံသည် မြန်မာအတွက် အထူးကိုယ်စားလှယ်အဖြစ် သံတမန်ဟောင်း ဟာရှင်မ်အော်သမန်အား ခန့်အပ် ခဲ့သလို ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ “မကြာမီ” သွားရောက်ကာ တိုးတက်မှု တစုံတရာမရှိသေးသည့် အာဆီယံ၏ ငြိမ်းချမ်းရေး မူငါးရပ်အစီအစဉ်ကို အကောင် အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ဆုံဆက်ဆံရန်လည်း တာဝန်ပေးအပ်ခံထားရသည်။

    ဓာတ်ပုံ- AFP/Asean