ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ကဘော်ဒေသ၊ဂန့်ဂေါမြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF- KKG (Kalay-Kabaw-Gangaw) အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းကို CDF – KKG တပ်ရင်း ( ၂ ) မှ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို CDF – KKG ဒု စစ်ဦးစီးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ခဲ့တယ်လို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာလည်း CDF – KKG ရဲ့ အခြေခံစစ်ပညာမွန်းမံသင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါသေးတယ်။ အဆိုပါ အခြေခံစစ်ပညာမွန်းမံသင်တန်းကိုတော့ CDF – KKG တပ်ရင်း – ၁ က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
CDF-KKG ဟာ ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ ( Chinland Council) နဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း CDF – KKG က ရဲဘော် ၂၈ ဦး တော်လှန်ရေးမှာ ကျဆုံးခဲ့တာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။






Leave a Reply