Category: News

  • အောင်ဇေယျစစ်ကြောင်း​ထံမှ လက်နက်ခဲယမ်းများ သိမ်းရပြန်

    အောင်ဇေယျစစ်ကြောင်း​ထံမှ လက်နက်ခဲယမ်းများ သိမ်းရပြန်

    ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းရကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    “အောင်ဇေယျဆီကနေ ရထားတဲ့ ပစ္စည်းတွေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော စစ်ကြောင်းမှူးတစ်ဦးကလည်း လက်နက်ခဲယမ်းများသိမ်းရမှုအပေါ် အတည်ပြုပေးသည်။

    သို့သော် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။

    စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်။

    အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောထားသည်။

    စစ်ရှုံးစစ်ကောင်စီ၏ ‌ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်သည်များအား ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်က ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့သည်။

    ထိုသို့ပြုလုပ်အပြီးနောက် ၂၀၂၅ ဇန်နဝါရီ ၃ရက်တွင် အောင်ဇေယျစစ်ကြောင်း​မှ စစ်ကောင်စီ​တပ်သား သုံးဦးလက်နက်နှင့်အတူ ထပ်မံအလင်းဝင်ခိုလှုံလာခဲ့သည်။

    ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်ဧပြီက KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

    လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရှစ်လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
    အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

    (လွန်ခဲ့သည့်တစ်ပတ်အတွင်း အောင်ဇေယျစစ်ကြောင်းမှ သိမ်းရသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – Saw Kaw/FB)

  • ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်

    ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲနေ

    မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ဆောင်ထားသော လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ သုံးဆယ်ခြောက် တံတားဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရန်ကုန်မှ ပြန်လာသည့် Express အဝေးပြေးကားပေါ် လိုက်ပါလာသည့် လူငယ်များကို မှတ်ပုံတင် စစ်ဆေးပြီး ကားပေါ်လိုက်ပါလာသည့် လူငယ် အားလုံးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “၁၅ ရက်နေ့က ရေနံချောင်း သုံးဆယ်ခြောက် တံတားဂိတ်မှာ စစ်ခွေးနဲ့ ရဲခွေတွေက ရန်ကုန် ကနေ ပြန်လာတဲ့ Express မှန်လုံကားပေါ်က လူငယ်တွေကို‌ ၈ မျဉ်းစောင်းကိုင်ထားတဲ့ ကောင်တွေ အကုန်ဆင်းဆိုပြီး တစ်ခါတည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ရေနံချောင်းမှာ ရဲခွေး ၂ ကောင် ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက်ပိုင်းမှာ စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုဆိုးလာတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ရွှေဘိုမြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း​ ဒေသခံပြည်သူများက ပြောဆိုသည်။

    ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။

    “ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူအသွားအလာကို အတော်ကိုနည်းနေတယ်” ဟု ရွှေဘိုဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် လူငယ်များကို ညမထွက်ရအမိန့် သတင်းမှား ဖြန့်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က အကြောင်းပြ ဖမ်းဆီး၍ ငွေညှစ်နေမှုများလည်းရှိနေကြောင်း သိရှိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ရွှေဘိုမြို့အတွင်း ညနေ ၄ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရဆိုသော သတင်းများ ပြည်သူများကြား ပြန့်နှံ့ခဲ့ပြီးနောက် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်က မြို့မဈေးကြီးနှင့် အခြားဈေးဆိုင်များမှ စျေးသည့် စျေးဝယ်နေသည့် ပြည်သူ များနှင့် ဆန်ပွဲရုံတွင် အလုပ်လုပ်နေသူများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ညနေ ၄နာရီ မနက် ၆နာရီဆိုတဲ့ ညမထွက်သတင်း မနက်ကတည်းက ကြားနေတာ။ အဲဒီ သတင်းကြောင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ။ အဲဒီ သတင်းဘယ်သူစဖြန့်တာလဲ ငါတို့ မထုတ်ဘူးဆိုပြီး သူတို့က မထုတ်ဘူးလည်း ပြောသေး။ မနေ့ ညနေ ၃နာရီက စကင်းပတ်တာ တစ်ညလုံးပဲ။ သတင်းမှားတွေ ဘယ်သူဖြန့်တာလဲမင်းတို့ဖြန်တဲ့အတိုင်း လုပ်ပေးမယ်။ ထွက်ရဲတဲ့အကောင်ထွက်ခဲ့ ။ ထွက်လို့ကတော့အသေပစ်သတ်မှာလို့ ကင်းလှည့်ရင်းပြောဆိုသံကြားရတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးမှုကြောင့် စျေးဝယ်နေသူ ဇီးကုန်းလေးကျေးရွာမှ လင်မယား ၂ ဦး၊ မြင်းချင်းရွာမှ အမည်မသိအမျိုးသား ၁ ဦး၊ ရွှေဆိုင်တွင် ရွှေပေါင်ရန်လာသည့် အမျိုးသမီး ၁ ဦး၊ ချီပါစုရပ်ကွက်ဆန်ပွဲရုံရှေ့တွင် ကားပေါ်ဆန်တင်ပေးနေသည့်အလုပ်သမား ၄ ဦးနှင့် ကားဆရာတို့ ဖမ်းဆီးခံရကြောင်း၊ ကားနှင့် ဆန်အိတ်များကိုလည်း စစ်တပ်က လုယူသွားကြောင်း သိရှိရသည်။

    ဖမ်းဆီးခံလိုက်ရသည့် ဇီးကုန်းရွာမှ လင်မယား ၂ ဦးကို ဇီးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်စခန်း၏ အကူအညီဖြင့် ငွေသိန်း ၅၀ ပေး၍ လွတ်မြောက်လာကြောင်း၊ မြင်းချင်းရွာရှိ အမျိုးသားကိုမူ စစ်မှုထမ်းရန် ပြောဆိုကာ ခေါ်ထားကြောင်း၊ ဆန်ပွဲရုံရှိ အလုပ်သမားများနှင့် အခြားသူများကိုမူ သိန်း ၁၀၀ ဖြင့် ရွေးခိုင်းနေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • စစ်ကောင်စီထိပ်သီးခေါင်းဆောင် ၂ ဦး လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်

    စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအနက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအများပြည်သူမြင်ကွင်းမှပျောက်ကွယ်ပြီးနောက်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ပျောက်လျက်ရှိနေသည်။

    ပုံမှန်အားဖြင့် တဦးမဟုတ် တဦး အများမြင်ကွင်းထွက်ပြလေ့ရှိသော်လည်း ဒုခေါင်းဆောင်စိုးဝင်းပေါ်မလာသည်မှာ ခြောက်ရက်ကြာမြင့်ပြီဖြစ်ပြီး သူ၏အကြီးအကဲဖြစ်သူ လူလုံးထွက်ပြခြင်းကိုအားသန်သော စစ်ခေါင်းဆောင်ကတော့ ငါးရက်ကြာမြင့်ပြီဖြစ်သည်။

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေးဆိုင်ရာညီလာခံ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ပြီးနောက်ပိုင်း မည်သည့်အခမ်းအနားမှတက်ရောက်ခဲ့ခြင်းမရှိတော့ပါ။ စစ်တပ်ထိန်းချုပ်ထားသော မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့တွင် သူ၏ပုံရိပ်များပျောက်ကွယ်နေသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြင်ဦးလွင်သို့သွားရောက်လည်ပတ်သည့်ခရီးစဉ်အဖြစ်နောက်ဆုံးတွေ့ခဲ့ရသည်။

    ဒုချုပ်စိုးဝင်းသည် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) နေ့က လွိုင်ကော်မြို့တွင်ကျင်းပသော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်ရောက်သည်ဟု စစ်ကောင်စီထိန်းချုပ်ခြင်းကင်းသော သတင်းမီဒီယာအများအပြားက ပုံရိပ်များမပါဘဲ ဖော်ပြခဲ့သော်လည်း စစ်အုပ်စုထိန်းချုပ်ထားသော မီဒီယာများတွင် ထုတ်ပြန်ချက်တွင် ဒုတိယဝန်ကြီးချုပ်တဦးဖြစ်သော ဗိုလ်ချုပ်ကြီး တင်အောင်စန်းသာ ဦးဆောင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    အသက် ၆၃ နှစ်အရွယ် ဒုတိယခေါင်းဆောင်စိုးဝင်းအနေဖြင့် ကာလတာရှည် အများမြင်ကွင်းကပျောက်ကွယ်ခြင်း ယခင်ကလည်းဖြစ်ခဲ့ဖူးသည်။ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကလည်း ပုံမှန်တက်ရောက်နေကျ အစည်းအဝေးများပင် တက်ရောက်နိုင်ခြင်းမရှိခဲ့သည်မှာ တလနီးပါးကြာသွားခဲ့သည်။ နေပြည်တော်ရှိသတင်းရင်းမြစ်များက မဇ္ဈိမသို့ ထိုစဉ်က အသေးစိတ်မပါသော ပြောကြားချက်တွင် ကျန်းမာရေးကြောင့် ဆေးရုံတက်ကုသမှုခံယူနေခဲ့ရသည်ဟု ဆိုသည်။

    စစ်ကောင်စီတပ်တွင် အရေးပေါ်အခြေအနေဖြစ်သည့် ရှေ့တန်းနယ်မြေများကို ဒုစစ်ခေါင်းဆောင်သွားရောက်လေ့ရှိပြီး အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ လတ်တလော ပိုမိုလုံခြုံသော စစ်တိုင်းဌာနချုပ်များသို့သာ သွားရောက်လေ့ရှိသည်။

    ဒုချုပ်စိုးဝင်းသွားရောက်သည်ဟု သတင်းထွက်ပေါ်လေ့ရှိသည့် ရှေ့တန်းနယ်မြေများတွင် တိုက်ခိုက်မှုရှိသည်ဟုလည်း သတင်းများထွက်ပေါ်လေ့ရှိသည်။

    တော်လှန်ရေးအဖွဲ့များက ကရင်နီဟုခေါ်ပြီး စစ်အုပ်စုက ကယားဟုသုံးနှုံးသော ပြည်နယ်နေ့အခမ်းအနားမတိုင်မီကပင် ဒုချုပ်စိုးဝင်းလာရောက်မည်ဟု သတင်းထွက်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ညပိုင်းတွင် ပြည်နယ်ခန်းမသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့်တိုက်ခိုက်ခဲ့မှုအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ (လွိုင်ကော်)ကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအဖွဲ့တခုဟုဆိုသော MKCDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့များက ဒုချုပ်စိုးဝင်း မော်လမြိုင်ရောက်ရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသနေရကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီလော်ဘီများကတော့ သတင်းမှားဟုပယ်ချခဲ့ကြသည်။

  • ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ကချင်ပြည်နယ်၊​ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဟု ဒေသခံများကပြောသည်။

    “ရှာဖွေရေးလုပ်ငန်းတွေကို မနေ့ညနေကစပြီး ရပ်လိုက်ပါပြီ။ ဒီ‌နေ့(ဇန်နဝါရီ ၁၆ ရက်)နေ့ သင်္ဂြိုလ်ပါမယ်။ တချို့ကလည်း မိသားစုဝင်တွေကို စောင့်ပြီးမှ သင်္ဂြိုလ်ရပါမယ်” ဟု ဖားကန့်အခြေစိုက် လူမှုကူညီအသင်းတခုမှအဖွဲ့ဝင်တဦးကပြောသည်။

    နွံကန်ပြိုကျမှုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

    နေအိမ် ၅၇ လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ကြသည်။

    ဇန်နဝါရီလ ၁၃ ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၅ ဦး၏ ရုပ်အလောင်းများကိုရှာတွေ့ခဲ့သည်ဟုသိရသည်။

    “အသက်ရှင်ရက်ကယ်နိုင်တာ ကားညှပ်နေတဲ့ တယောက်ပဲရှိတယ်။ ရွာခံတွေကကယ်ထားတာ။ အပေါက်ဝမှာ ကားကခံနေတော့ ထွက်ချိန်မရလိုက်ဘူး။ ဒါပေမယ့် နွံက ဖုံးမသွားတော့ အသက်ရှင်လျက်ဆေးရုံမှာလို့ပြောတယ်။ စကားပြောနိုင်ဆိုနိုင်တယ်။ သူ့မိဘတွေဘယ်မှာလဲမေးတယ်။ ဒါပေမယ့် သူ့မိဘတွေက မြေပိတဲ့အထဲ ပါနေတာ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

    သေဆုံးသူကလေးငယ်များမှာ မောင်အောင်မျိုးထက် (၂နှစ်)၊ မောင်ပြည့်စုံအောင်(၅နှစ်)၊ မစစ်မေဝင်းပန်(၅နှစ်)၊ နန်းဆိုင်ဟွမ်(၆နှစ်)၊ မောင်စိုင်းအွမ်ဆိုင်းမိန်း(၉နှစ်)၊ နန်းမွှေလင်း(၇နှစ်) တို့ဖြစ်ကြောင်း သိရသည်။

    မြေပိသေဆုံးမှုအတွင်း မိသားစုလိုက် သေဆုံးခဲ့ကြရသူများလည်းရှိကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတဦးက ပြောသည်။

    ၎င်းက “ ကိုယ်တိုင်ဆောင်ရွက်နိုင်ခဲ့တာကတော့ မိသားစု လေးစုပေါ့။ အဲ့ဒီထဲကမှ ကိုယ်ဝန်ဆောင်ပါမယ်။ လင်မယားပါမယ်။ ကလေးနဲ့ မိခင်နဲ့ အဲ့လိုမျိုးတွေ တွေ့ရပါတယ်” ဟု ဆိုသည်။

    ပျောက်ဆုံးကြောင်းစာရင်းပေးထားပြီး ရှာမတွေ့သူ သုံးဦးကျန်သေးသော်လည်း ရှာဖွေမှုရပ်ဆိုင်းလိုက်ပြီဖြစ်သဖြင့် ပျောက်ဆုံးစာရင်းတွင်သာ ထည့်ထားရကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

    သေဆုံးသူနှင့် ပျောက်ဆုံးသူများသည် ဖားကန့်မြို့နယ်တွင်နေထိုင်သူများအပြင် အခြားမြို့နယ်များမှ လာရောက်၍ အလုပ်လုပ်ကိုင်နေသူများပါဝင်သည်ဟု သိရသည်။

    လက်ရှိတွင် ကုမ္ပဏီဘက်မှ သေဆုံးသူများအတွက် တဦးကို သင်္ဂြုလ်စားရိတ် ကျပ် ၁,၅၀၀,၀၀၀ စီ ပေးထားကြောင်း ဒေသခံတဦးကပြောသည်။

    နွံကန်ပြိုကျမှုတွင် သေဆုံးသူများနှင့် နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် သင့်တော်သည့် လျော်ကြေးပမာဏများကို ကုမ္ပဏီဘက်မှ တာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောသည်။

    ပုံအညွှန်း- ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နံနက်အစောပိုင်းတွင် ဖားကန်းမြို့ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျမှုအတွင်း ထိခိုက်ဆုံးရှုံးရမှုများ။

    ယင်းနွံကန်ပြိုကျမှုတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက် ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် အမျိုးသမီး ၁၃ ဦး၊အမျိုးသား ၁၂ ဦး စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး သုံးဦး မြေပြိုမှုအတွင်း ပျောက်ဆုံးခဲ့ရသည်။