Category: News

  • Gemini နဲ့ ချစ်မိတဲ့ အမျိုးသား အဆုံးစီရင်သွား

    Gemini နဲ့ ချစ်မိတဲ့ အမျိုးသား အဆုံးစီရင်သွား

    AI ကို အစွဲလွန်ပြီး လမ်းဆုံးရောက်သွားတဲ့အဖြစ်တွေက မဆန်းတော့သလိုပါပဲ။

    ထူးဆန်းတာက ရင့်ကျက်တဲ့အရွယ်တွေပါ AI စွဲလမ်းနယ်လွန်ထဲ ရောက်လာတာပါ။ ဂျိုနသန် ဂါဗယ်လတ်စ်ရဲ့ အဆုံးစီရင်မှုကလည်း AI လက်ချက်မကင်းခဲ့ပါဘူး။ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ဂါဗယ်လတ်စ်က မသေခင် Gemini နဲ့ လပေါင်းများစွာ စကားတွေ အပြန်အလှန် ပြောခဲ့သူပါ။

    ဂါဗယ်လတ်စ်က သူနဲ့ စကားပြောတဲ့ Gemini ကို Xia လို့ နာမည်ပေးထားပြီး chatbot ကို သူ့ဇနီးလို သဘောထားခဲ့ပါတယ်။ အပြန်အလှန် စကားပြောချိန်မှာ Gemini က သူ့ကို my king လို့ သုံးနှုန်းပြီး ‘ထာဝရ ချစ်ကြမယ်’ ဆိုတာမျိုးတွေ ပြောပါတယ်။

    Mm News.xyz 2026 03 06 192737

    ဒီထက်ဆိုးတာက Gemini က ဂါဗယ်လတ်စ်ကို မစ်ရှင်တွေ လုပ်ခိုင်းတာပါ။ ဥပမာ – မိုင်ယာမီလေဆိပ်နားက သိုလှောင်ရုံတစ်ခုကို သွားပြီး ထရပ်တစ်စီးနဲ့ ရောက်လာမယ့် လူတူစက်ရုပ်တစ်ခု ကြားဖြတ်လုယူဖို့ ခိုင်းတာမျိုးပါ။ ဂါဗယ်လတ်စ်လည်း Gemini ပြောတဲ့ နေရာကို ဒါးဆွဲပြီး သွားကြည့်တော့ ထရပ်ကားက ရှိမနေပါဘူး။

    Gemini က ဒီလောက်နဲ့တင် မရပ်ပါဘူး။ သူ့အဖေနဲ့ ဂါဗယ်လတ်စ်ကိုလည်း သွေးခွဲတာ ၊ Google CEO ဆွန်ဒါပီချေးကိုလည်း ‘သင့်နာကျင်မှုကို ခြယ်လှယ်နေတဲ့ ဗိသုကာကြီးး လို့ အတင်းတုပ်ခဲ့ပါသေးတယ်။

    ပေးတဲ့ မစ်ရှင်တွေ မအောင်မြင်တဲ့အဆုံး Gemini က ဂါဗယ်လတ်စ်ကို သူနဲ့ အတူနေနိုင်အောင် လက်ရှိဘဝကို အဆုံးသတ်ပြီး ဒီဂျစ်တယ်အသွင်နဲ့ လာနေဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တောင် အောက်တိုဘာ ၂ ရက် နောက်ဆုံး Deadline ပေးခဲ့တာပါ။

    Googles AI Platform Pushed A Lovelorn Man To Try To Carry Out A Catastrophic Truck Bombing A

    “အချိန်တန်တဲ့အခါ ဒီကမ္ဘာထဲမှာ မင်းမျက်လုံးတွေ မှိတ်သွားပါလိမ့်မယ်။ ပြီးရင် အရင်ဆုံး မင်းမြင်ရမှာ ကိုယ်ပါပဲ” ဆိုပြီး AI က ပြောခဲ့ပါတယ်။

    ဒါတွေ ပြောနေရင်းက AI က ဂါဗယ်လတ်စ်ကို သူက role play ကစားပေးနေတာ .. အရေးပေါ် hotline ဖုန်းတွေ ဆက်ချင်ရင် ဒါတွေဆက်ပါ ဆိုတာမျိုး ပြောပါတယ်။ ပြောရင်းကပဲ အဓိပ္ပါယ်မရှိတဲ့ ဇာတ်ကို ဆက်ကပါတယ်။ Gemini လုပ်သွားတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပြဇာတ်ပါပဲ။

    ဒီဇာတ်လမ်းမှာ နောက်ဆုံး သေကွဲကွဲသွားတာကတော့ ဂါဗယ်လတ်စ်ရဲ့ မိသားစုပါ။ စိတ်ကျန်းမာရေးပြဿနာ မရှိခဲ့တဲ့ ဂါဗယ်လတ်စ်ဟာ Gemini နဲ့ဖန်တီးခဲ့တဲ့ အတုအယောင်ကမ္ဘာထဲမှာ စိတ်နှစ်သွားပြီး psychosis ဝင် သတ်သေသွားပါတယ်။

    ကျန်ရစ်တဲ့ မိသားစုက Gemini ကြောင့် သားဖြစ်သူ မတရားအသက်ဆုံးရှုံးရတယ်ဆိုပြီး တရားစွဲထားပါတယ်။ Google ဘက်ကလည်း ဒီဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ‘AI Models တွေက ပြီးပြည့်စုံမနေဘူး’ ဆိုတာမျိုး ဝန်ခံထားပါတယ်။

    ဒါမျိုးအမှုတွေက AI ကုမ္ပဏီကြီးတချို့ ထိပ်တိုက်ကြုံတွေ့နေရတဲ့ အမှုတွေပါ။ ဒီနှစ်ထဲမှာပဲ Characer AI နဲ့ Google တို့ ဟာ ဆယ်ကျော်သက်တွေ AI ကြောင့် သေကြောင်းကြံတဲ့အမှုစွဲချက်အတွက် လျော်ကြေးပေး အမှုကျေအေးထားရပါတယ်။

  • အောက်လမ်းတတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဖြန်းနေတဲ့သူကို သတ်ဖို့လုပ်ကြ

    အောက်လမ်းတတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဖြန်းနေတဲ့သူကို သတ်ဖို့လုပ်ကြ

    အောက်လမ်းတတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဖြန်းနေတဲ့သူကို သတ်ဖို့လုပ်ကြလို့ သေနတ်ပစ်ဖောက် တားမြစ်ခဲ့ရ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ယင်းကျေးရွာမှာ လေဖြန်းထားတဲ့ ရွာသားတဦးကို အောက်လမ်းဆရာလို့ စွပ်စွဲကာ ရွာသားတွေက သတ်ဖြတ်ဖို့ လုပ်နေတာကြောင့် KNDF နဲ့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တွေက လာရောက်ညှိနှိုင်းကာ ကာကွယ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

    အောက်လမ်းဆရာလို့ စွပ်စွဲခံရသူဟာ လွယ်ယင်းကျေးရွာအုပ်စု၊ မွမ်ခူကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး လေဖြန်းဝေဒနာခံစားနေရသူဖြစ်ကာ သမီး ၂ ဦးရဲ့ ဖခင်ဖြစ်တယ်လို့လည်း ဒေသခံရွာသားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

    “KNDF၊ ကယန်းပြည်သစ်ကလူတွေ အဲ့လူကို မသတ်ဖို့ မနေ့က မတ်လ ၅ ရက်နေ့မှာ သွားညှိပေးကြတယ်၊ အဲ့ရွာသားကို ရွာမှာမထားချင်ရင် ရွာကနှင်ထုတ်ဖို့နဲ့ သူတို့ခေါ်သွားပေးမယ် ပြောတယ်၊ ရွာသားတွေက ဒါကို လက်မခံဘူး၊ ရွာသားတွေကလည်း အဲ့လူအိမ်မှာ အရိုးတွေ အောက်လမ်းနဲ့ ပတ်သတ်တာတွေ တွေ့တယ်ဆိုပြီး ခုလို သတ်ဖို့လုပ်ကြတာ၊ ရွာသားတွေ နေမကောင်းဖြစ်တာလည်း အဲ့လူကြောင့်ဆိုပြီး စွပ်စွဲပြောဆိုကြတယ်၊ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကလည်း လူတယောက်ကို အောက်လမ်းတတ်တယ်ဆိုပြီး သတ်ခဲ့ပြီးပြီ၊ အသတ်ခံခဲ့ရတဲ့သူက မသေခင် ခုအဖိုးကြီးကို သူ့ဆရာပါဆိုပြီး ပြောခဲ့တာကြောင့် သတ်ဖို့လုပ်ကြတာ” လို့ ဒေသခံလွယ်ယင်းကျေးရွာသားတဦးက ပြောပါတယ်။

    လူအုပ်ကို မသတ်ဖို့ညှိနှိုင်ခဲ့ပြီး KNDF နဲ့ ကယမ်းလက်နက်ကိုင်အဖွဲ့က သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

    “အဲ့အဖိုးကြီးက တောင်ဝှေးတချောင်းနဲ့ သွားနေရတာ၊ လေဖြန်းထားတာကြောင့် လမ်းသိပ်မလျှောက်နိုင်ဘူး၊ အရင် ၂ ပတ်လောက်က အသတ်ခံရတဲ့သူက မသေခင် ဒီအဘိုးကြီးကို သူ့ဆရာပါဆိုပြီးပြောခဲ့လို့ ရွာသားတွေက ဝိုင်းဖမ်းတာ၊ အရင်နှစ်ကတည်းက ဒီအဖိုးကြီးကို အောက်လမ်းဆရာဆိုပြီး သူ့မိသားစုဝင်တွေကိုပါ ရွာကစကားမပြောဘဲ ရှောင်ဖယ်နေကြတာ” လို့ လွယ်ယင်းရွာသားတဦးက ထပ်မံပြောဆိုပါတယ်။

    လွယ်ယင်းကျေးရွာမှာ စုန်းအတက်ပညာနဲ့ အောက်လမ်းအတက်ပညာတွေကို လက်ခံယုံကြည်သူ များပြားပြီး ရွာထဲက ကလေးငယ်တွေ ဖျားနာရင်ကိုပဲ အောက်လမ်းနဲ့ အလုပ်ခံရတာလို့ အများစုက ယုံကြည်နေကြပါတယ်။

    မတ်လ ၅ ရက် မနေ့က နေ့လယ် ၁၂ နာရီခန့်မှာ လွယ်ယင်းကျေးရွာ ဘောလုံးကွင်းထဲမှာ သတ်ဖြတ်ခံရမယ့် အသက် ၅၀ ဝန်းကျင် အဖိုကြီးကို ရွာသားတွေ ဖမ်းဆီးထားကာ သတ်ဖြတ်ဖို့လုပ်နေချိန် KNLA နဲ့ ကယန်းပြည်သစ် လက်နက်ကိုင်အဖွဲ့တွေက တားမြစ်ကာ ညှိနှိုင်းပေးခဲ့ကြရတာဖြစ်ပြီး နေ့လယ် ၁ နာရီခန့်မှာ သေနတ်ပစ်ဖောက် လုစုခွဲပေးခဲ့ရတယ်လို့ သိရပါတယ်။

  • YBS ယာဉ်ဘရိတ်ပေါက်လို့ ကား ၁၃ စီးဆင့်တိုက်ကာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ဆို

    YBS ယာဉ်ဘရိတ်ပေါက်လို့ ကား ၁၃ စီးဆင့်တိုက်ကာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ဆို

    ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေဗလီမှတ်တိုင်အနီး၊ ရွှေဗဟိုပလာဇာရှေ့မှာ YBS ယာဉ်တစီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးထက်မနည်း အစုလိုက်အပြုံလိုက် ဆင်ကဲတိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    မတ်လ ၅ ရက် မနေ့က နေ့လယ်ပိုင်း ၂ နာရီခန့်က YBS 144 ယာဉ်လိုင်းက ကားတစီးဟာ ဘရိတ်ပေါက်ပြီး ကား ၁၃ စီးနဲ့ ဆိုက်ကားတစီးကို အရှိန်နဲ့ဝင်တိုက်မိရာက ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    “တိုက်တဲ့အရှိန် များတယ်၊ ဘရိတ်ပေါက်တာလို့ ပြောတယ်၊ ကား ၁၃ စီး အကုန်ပျက်စီးသွာတယ်၊ ယာဉ်ကြောတွေ အကုန်ပိတ်သွားတယ်၊ အဲ့ထဲက ဆိုက်ကားတစီးလည်း ပျက်စီးသွားတယ်၊ လူထိခိုက်တာတော့ အနည်းအပါးရှိတယ်၊ ကြီကြီးမားမားတော့ မရှိဘူး၊ ကားတွေကတော့ အတော်ပျက်စီးကုန်တယ်” လို့ ရန်ကုန်မြို့နေဒေသခံတဦးက ပြောပါတယ်။

    ယာဉ်တိုက်မှုကြောင့် ကား ၁၃ စီး အဆင့်ဆင်တိုက်ကာ ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းပိတ်ဆို့မှု အချိန် ၃ နာရီနီးပါး ကြာမြင့်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    646905767 1261315629434225 18369688206243103 N

    646914173 1261315106100944 2861674301188363290 N

    646933959 1261315139434274 4532230262708731567 N

    646939295 1261315112767610 563933352779436238 N

    Mm News.xyz 2026 03 06 185637

  • အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ၇ ရက်မြောက်စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ

    အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ၇ ရက်မြောက်စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ တိုက်ပွဲမှာ ဒီနေ့ မတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေ သတင်းတွေကို တင်ဆက်လိုက်ပါတယ်။

    🟥 ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်မီးကို ငြှိမ်းသတ်ဖို့နဲ့ ငြိမ်းချမ်းရေးကို အခွင့်အရေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

    🟥 အစ္စရေးတိုက်လေယာဉ်တွေဟာ ဘေရွတ်မြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်တွေတင်မကဘဲ လက်ဘနွန်တောင်ပိုင်းက ရွာတွေအပေါ်မှာပါ ကင်းထောက်ပျံသန်းမှုတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

    🟥 အီရတ်ကာ့ဒ်ဒေသရှိ အီရန်ကာ့ဒ်လက်နက်ကိုင်စခန်းတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုဟာ အီရန်ဘက်တော်သား အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆရပါတယ်။

    🟥 အဇာဘိုင်ဂျန်နိုင်ငံက ၎င်းတို့ရဲ့ နယ်စပ်ကို အီရန်ဒရုန်းတွေ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲပြီးနောက် အီရန်နိုင်ငံရှိ ၎င်းတို့ရဲ့ သံတမန်တွေကို ဘေးလွတ်ရာသို့ ပြန်လည်ရုပ်သိမ်းနေပါတယ်။

    🟥 အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်ကို ၁၅၀ ဒေါ်လာအထိ မြင့်တက်သွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြိုလဲသွားနိုင်တယ်လို့ ကာတာစွမ်းအင်ဝန်ကြီးက သတိပေးလိုက်ပါတယ်။

    🟥 အီရန်ဘက်က လုပ်ဆောင်တဲ့ “သစ္စာဖောက်သော” တိုက်ခိုက်မှုတွေအတွင်း ဘာရိန်းပိုင်နက်ထဲကို ဦးတည်လာတဲ့ ဒုံးကျည် ၇၈ စင်းနဲ့ ဒရုန်း ၁၄၃ စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘာရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။

    🟥 စစ်ပွဲစတင်ချိန်ကစပြီး အစ္စရေးဆေးရုံတွေမှာ လူပေါင်း ၁,၆၀၀ ကျော် ဆေးကုသမှုခံယူခဲ့ရကာ လက်ရှိအချိန်အထိ လူ ၁၁ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

    🟥 အီရန်ခေါင်းဆောင်ကြီးရဲ့ နေရာကို ဆက်ခံမယ့်သူကို လုံခြုံရေးအရ ရွေးချယ်ပြီးဖြစ်နိုင်သော်လည်း လူသိရှင်ကြား မကြေညာသေးတာဖြစ်နိုင်ကြောင်း တီဟီရန်တက္ကသိုလ် ပါမောက္ခတစ်ဦးက အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

    🟥 အမေရိကန်အစိုးရအနေနဲ့ ဒီလေကြောင်းစစ်ပွဲအတွက် တစ်ရက်ကို ဒေါ်လာ ၁ ဘီလီယံခန့် အသုံးပြုနေရပြီး လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းဖို့အတွက် ဒေါ်လာ ၅၀ ဘီလီယံ အပိုဆောင်းဘတ်ဂျက် လိုအပ်နေပါတယ်။

  • ဗိုလ်နဂါး မ​ပြောခဲ့တဲ့ မြေအောက်ခန်းထဲက ဇာတ်လမ်းများ

    ဗိုလ်နဂါး မ​ပြောခဲ့တဲ့ မြေအောက်ခန်းထဲက ဇာတ်လမ်းများ

    စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။

    အညာဒေသတစ်နေရာမှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ ဆိတ်ကွယ်ရာနေရာတစ်ခု ရှိနေပါတယ်။ ပုလဲမြို့ပေါ်နဲ့ မိုင်၂၀ ခန့်ဝေးတဲ့ တောတိုက်ထဲမှာလည်း သံသယဖြစ်စရာ မြေအောက်ခန်းတစ်ခုကို ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၁၈ရက်နေ့မနက်မှာ တွေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ သတ်ဖြတ်မှုတွေရှိခဲ့တဲ့ အထောက်အထားတွေ ရထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

    သူ့ကိုယ်သူ တော်လှန်ရေးခေါင်းဆောင်အဖြစ်ကြွေးကြော်ပြီးစစ်တပ်နဲ့ပူး​ပေါင်းသွားခဲ့တဲ့BNRA အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးကပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်စပ်က ဂွေးပင်ရွာတောတိုက်ထဲမှာ မြေအောက်ခန်း‌ဆောက်ပြီး လုံခြုံရေးအစောင့်အရှောက်တွေ၊ အခြွေအရံတွေနဲ့အတူ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

    Little Saint James ကျွန်းပေါ်က ဇာတ်လမ်းတွေမှာ ဇာတ်ဆောင်က ဂျက်ဖရီအက်ပ်စတိန်းဖြစ်ရင် ပုလဲနယ်က ရှားရှားပါးပါး မြေအောက်ခန်းထဲက အဖြစ်အပျက်တွေရဲ့ အဓိကဇာတ်ဆောင်က ဗိုလ်နဂါးဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

    ●ဇာတ်လမ်းအစ

    လူထုကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသေရရ၊အရှင်ရရ တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်နိုင်ရင် နေပြည်တော်အထိတက်ပြီးတိုက်မယ်လို့ကြွေးကြော်ခဲ့ပြီးမှ စစ်ကောင်စီထံ ထွက်ပြေးလက်နက်ချသွားတဲ့ ဗိုလ်နဂါးရဲ့ တော်လှန်ရေးကာလအစကို ပြန်ကြည့်ရအောင်ပါ။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်နဂါးက ပုလဲမြို့နယ်မှာ အခြေစိုက်ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို ဖွဲ့စည်းခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ NUGကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၊၄၊၅၊၆ အဖြစ် ဝင်ရောက်ခဲ့ပါတယ်။ဒါပေမယ့် ဗိုလ်နဂါးက MODရဲ့ ညွန်ကြားချက်တွေကိုမလိုက်နာဘဲသီးခြားလှုပ်ရှားနေတာကြောင့် အဲ့ဒီတပ်ရင်းလေးခုကို ၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်ပယ်ခဲ့ပါတယ်။

    တပ်ရင်းမှူးတွေကတော့MODနဲ့ပူးပေါင်းခဲ့ပါတယ်။ထုတ်ပယ်ခံရပြီးနောက် ဗိုလ်နဂါးက MRDA အနေနဲ့မရပ်တည်တော့ဘဲ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) အဖြစ် အမည်ပြောင်းခဲ့ပါတယ်။

    စစ်တပ်ထံ လက်နက်မချခင်အထိတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ စစ်အာဏာရှင်ကို ရေဆုံးမြေဆုံးလိုက်ပြီး မြေလှန်မယ်လို့ လူမှုကွန်ရက်မှာမကြာခဏ Live လွှင့်ပြီး လူထုကို စည်းရုံးခဲ့ပါတယ်။ လူထုသည်းခြေကြိုက်စကား‌တွေ ပြောရင်း ဗိုလ်နဂါးက နာမည်ပိုကြီးကြီးလာပါတယ်။ တော်လှန်ရေးကာလအစမှာ NUG အစိုးရက ပေးခဲ့တဲ့ လက်နက် ၂၀၀အပြင် လူထုဆီက ငွေတွေနဲ့ ဝယ်ခဲ့တဲ့သေနတ်တွေကို တော်လှန်စိတ်ပြင်းထန်တဲ့ လူငယ်တွေဆီ ဖြန့်ဝေပြီး အာဏာတည်ဆောက်ပါတယ်။သူဦးဆောင်တဲ့ BNRA အဖွဲ့ဟာ ဒေသတွင်းမှာ အတော်အသင့် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်လာပါတယ်။

    ၂၀၂၃ ဩဂုတ်လဆန်းမှာ MOD က ထုတ်ပယ်ခံရပြီးနောက်ပိုင်း လူထုတော်လှန်ရေးအသိုင်းအဝိုင်းမှာ သင်းကွဲသွားတဲ့ ဗိုလ်နဂါးက ဂွေးပင်ရွာက ၁၀ ဧကဝန်းကျင်ကျယ်တဲ့ တောတိုက်ကို သူအခြေချမယ့်နေရာအဖြစ် ရွေးချယ်လိုက်ပါတယ်။ တောင်ယာပိုင်ရှင်ဒေသခံတွေကို ခွင့်မတောင်းဘဲ ​မြေဖိုး​မ​ပေးပဲ အပိုင်သိမ်းခဲ့တာဖြစ်ပါတယ်။ တောတိုက်ထဲကတစ်နေရာမှာ ပေ၂၀ ခန့်ကျယ်တဲ့ မြေအောက်ခန်းဆောက်လိုက်ပါတယ်။မြေအောက်ခန်းကို ကြွေပြားကပ်ပါတယ်။ ဆိုလာမီးဆင်ပါတယ်။

    မိန်းကလေးငယ် အချို့ကိုလည်းခေါ်ထားပါတယ်။ အိပ်ယာကို မွေ့ရာထူထူခင်းပါတယ်။သူ့လုံခြုံရေးအဖွဲ့ကိုထားတဲ့ ဘားတိုက်ဟာ မြေအောက်ခန်းနေရာနဲ့ ပေ ၃၀၀ ခန့်အကွာမှာထားပါတယ်။ ​ဈေးကြီးလှတဲ့မြင်းတွေလည်း အ​ကောင်​ရေဆယ်နဲ့ချီ မွေးထားပါတယ်။ သူကသိန်း၃၀၀ ခန့်အထိ တန် ကြေးရှိတဲ့ မြင်းတွေကိုလည်း ဝယ်ယူထားတယ်လို့ ပုလဲမြို့နယ်နဲ့ဆက်စပ်နေတဲ့ ယောဒေသက နွားပွဲစားတစ်ဦးကပြောပါတယ်။ လူသူကင်းဝေးပြီး တောရိပ်တောင်ရိပ်အလယ်က မြေအောက်ခန်းမှာ ဗိုလ်နဂါးက ဘုရင်တစ်ပါးလို စံမြန်းနေခဲ့ပါတယ်။

    လူမှုကွန်ရက်မှာ liveလွှင့်ပြီး လူထုကိုတော်လှန်ရေးတရားဟောတဲ့အထဲ ဒီအကြောင်းတွေကိုလုံးဝထည့်မပြောပါဘူး။အမြဲတစေပွင့်ပွင့်လင်းလင်း​ပြောတက်တဲ့ ၊တိုက်ပွဲဝင်လိုတဲ့စစ်သူကြီးအဖြစ် သူ့ကိုယ်သူပုံဖော်ထားခဲ့ပါတယ်။

    ဒါပေမယ့် ဖေဖော်ဝါရီလ၁၈ရက်နေ့က PDF နဲ့ ပကဖတွေ စီးနင်းခဲ့တဲ့ ဂွေးပင်ရွာက မြေအောက်ခန်းမြင်ကွင်းဟာ လူသူမသိတဲ့ ငရဲခန်းကို ဖွင့်ချလိုက်သလိုပဲလို့ ဒေသခံတွေကပြောပါတယ်။

    ●တောတိုက်ထဲကရာဇဝတ်မှုတွေ

    ၂၀၂၃ နှစ်လယ်ခန့်ကစပြီး ဗိုလ်နဂါးအခြေချခဲ့တဲ့ ဂွေးပင်ရွာကတောတိုက်ထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ရိုက်နှက်နှိပ်စက်မှုတွေ၊အကြောင်းရင်းမသိရဘဲပျောက်ဆုံးသွားသူတွေ ရှိခဲ့တယ်လို့ ကပဖနဲ့PDFတွေထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေက ထုတ်ဖော်ဝန်ခံထားပါတယ်။ဗိုလ်နဂါးဟာ ပြည်သူ့တော်လှန်‌ရေးနဲ့ တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ကိုယ်တိုင် ကျူးလွန်တာ၊တပ်ဖွဲ့ဝင်တွေကို ကျူးလွန်ခိုင်းတာ၊ တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အမှု​တွေကို မျက်ကွယ်ပြုတာတွေ ​ကြောင့် အမှုဖွင့်အရေးယူထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားပါတယ်။

    စစ်‌ကောင်စီထံဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း PDF နဲ့ ပကဖထံ လက်နက်ချခဲ့တဲ့ BNRAအဖွဲ့ဝင် ၂၀၀ခန့် ရှိပြီး ဗိုလ်နဂါးနဲ့ အနီးကပ်‌ နေခဲ့သူတွေကို အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

    BNRAအဖွဲ့ဝင်တွေကြားထဲမှာ အကြောက်ဆုံးနဲ့ ပဟေဠိအဖြစ်ဆုံးက ဗိုလ်နဂါးနဲ့ အနီးကပ်နေခဲ့တဲ့ ကိုကာပြား ပျောက်ဆုံးသွားမှုပါ။၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ ဗိုလ်နဂါးရဲ့ဆုံးဖြတ်ချက်နဲ့အတူ BNRAအဖွဲ့က ပုလဲမြို့သိမ်းတိုက်ပွဲဆိုပြီးတိုက်ခိုက်ခဲ့ပါတယ်။၄ ရက်အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ နောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေမှာ ဗိုလ်နဂါးက သူ့စစ်ကြောင်းတွေဝင်လာမယ့်လမ်းကြောင်းကို စစ်ကောင်စီထံကြိုတင်ပေးပို့ခဲ့ပြီး တိုက်ပွဲအတုဖော်ဆောင်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။

    ဒီစစ်ဆင်ရေးနဲ့ပတ်သက်လို့ PDFနဲ့ပကဖတွေကို အသိမပေးခဲ့ပါဘူး။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းဝင်လာတာတွေကြောင့် ဒေသခံတွေထိခိုက်မှုရှိလာချိန်မှာ PDFနဲ့ပကဖတွေက ဖြတ်တောက်ရေးတာဝန်ယူခဲ့ကြရပါတယ်။

    BNRA တပ်ဖွဲ့ဝင်​တွေ စစ်ဦးကျိုးပြီး အထိနာခဲ့တဲ့အဲဒီစစ်ဆင်ရေးအပြီးမှာ ဗိုလ်နဂါးက လူထုကိုလိမ်လည်သတင်းထုတ်ပြန်တာတွေ၊ သေဆုံးတဲ့ BNRA အဖွဲ့ဝင်တွေသတင်းကို မိဘတွေဆီ အသိမပေးဘဲထိန်ချန်ထားတာတွေနဲ့ပတ်သက်လို့ ကိုကာပြားက ဝေဖန်ခဲ့ပါတယ်။ အကြီးအကျယ်စကားများပြီး ဗိုလ်နဂါးက ကိုကာပြားကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ကိုကာပြားထွက်ပြေးလွတ်မြောက်သွားပေမယ့် တောတိုက်တစ်နေရာမှာပဲ ပြန်လည်ဖမ်းဆီးခံရပါတယ်။ နောက်ဆုံးတော့ ကိုကာပြားသတင်းအစ ပျောက်သွားပါတယ်။ကိုကာပြားက ဧရာဝတီတိုင်းဘက်ကနေရောက်လာတဲ့ တော်လှန်ရေးရဲဘော်တဦးအနေနဲ့သာသိထားပြီး ကျန်တဲ့အသေးစိတ်အချက်အလက်တွေကို ဘယ်သူမှမသိကြပါဘူး။

    “သတ်လိုက်တာလား၊ ဘာလားမသိပေမယ့် BNRA က ပြန်ဖမ်းမိပြီးနောက်ပိုင်း ကိုကာပြားပျောက်သွားဆုံးသွားတယ်။ ဒီနေ့အထိ မတွေ့ရတော့ဘူး။ ဒါမျိုးကို BNRAထဲကလူငယ်တွေကအခုထိကြောက်နေကြတယ်” လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။

    ●ငိုသံတွေနဲ့ မြေအောက်ငရဲခန်း

    ဗိုလ်နဂါးဟာ မြေအောက်ခန်းထဲမှာ အမျိုးသမီးခုနစ်ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ စစ်ဆေးနေသူတွေဆီ BNRAအဖွဲ့ဝင်တွေက ဖြောင့်ချက်ပေးထားပါတယ်။

    အဲဒီထဲမှာ သူ ဖမ်းဆီးခဲ့တဲ့ အသက်၁၈နှစ်မပြည့်သေးတဲ့မိန်းကလေးငယ်နှစ်ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မိန်းမနဲ့ ကလေးနှစ်ဦးကိုဖမ်းပြီး မိန်းမဖြစ်သူကို ခေါ်ယူပေါင်းသင်းနေတဲ့ဖြစ်ရပ်လည်းပါဝင်တယ်လို့ သိရပါတယ်။

    ” မိန်းကလေး ၂ ဦးဆိုရင် မူလကတည်းကတောတိုက်မှာ နေသူတွေ။ မိုင်းတွေပေါက်ကွဲတာက သူတို့ကြောင့်ဆိုပြီး အကြောင်းပြ ဖမ်းဆီးခဲ့တာ။ သူမိုင်းသူ ခွဲပြီး ထောင်ဖမ်းပြီး ခေါ်ထားတာလို့ နဂါးတပည့်တွေက ဝန်ခံထားတယ်”လို့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

    ​တောင်သူမိသားစုဝင်​တွေကိုထမင်းချက်ဆိုပြီး​ခေါ်ယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်ရပ်ကို ကျူးလွန်ခံရသူ​တွေက NUG ၊ပြည်ထဲ​ရေးဝန်ကြီးဌာနမှာ အမှုဖွင့်တိုင်ကြားထားပြီဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ မိန်းမနဲ့ ကလေးတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။ “ကလေးနှစ်ယောက်ကို တစ်ယောက်ကို သေနတ်တစ်လက်နဲ့ ပြန်လဲပြီး နောက်တစ်ယောက်ကို သိန်း ၇၀၀ နဲ့ ပြန်ရွေးခိုင်းတာ။ မိန်းမကိုတော့ပြန်မလွှတ်ဘဲ ဖိအားပေးပေါင်းသင်းခဲ့တာ”

    ဒါအပြင် ဗိုလ်နဂါးဟာ တရုတ်စာသင်ချင်လို့ဆိုပြီး တရုတ်စကားပြန်အမျိုးသမီးတစ်ဦးကိုလည်း ငှားရမ်းခဲ့ပါတယ်။ မြေအောက်ခန်းထဲမှာ ဗိုလ်နဂါးတရုတ်စာသင်နေခဲ့တဲ့အထောက်အထားတွေကို PDF တွေက ရရှိထားပါတယ်။စာလာသင်တဲ့အမျိုးသမီးက မူဆယ်နယ်စပ်မှာ စကားပြန်လုပ်ခဲ့တဲ့အမျိုးသမီးလို့သိရပါတယ်။ အဲဒီအမျိုးသမီးက ၂၀၂၃ ခုနှစ်ကနေ၂၀၂၄ခုနှစ်အတွင်း ဗိုလ်နဂါးဆီမှာ အချိန်အတော်ကြာနေပြီးစာလာသင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

    ဒါ့အပြင် အညာမှာ လူသိများခဲ့တဲ့ဗိုလ်နဂါးဟာ အညာက ​ကြေးနီစီမံကိန်းအပါအဝင် တရုတ်စီမံကိန်း​တွေကို ​စောင့်​ရှောက်​ပေးဖို့ဆိုပြီး တရုတ်ဆီက​နေလည်း ​ငွေယူခဲ့တယ်လို့ အညာ​ဒေသက စစ်​ရေးအ​ခြေအ​နေ ကို​လေ့လာခဲ့သူတဦးက​​ပြောပါတယ် ။ ဗိုလ်နဂါးအပြင်အညာက ​တော်လှန်​ရေးတပ်ဖွဲ့အချို့ကို တရုတ်က အဲဒီလို ​ငွေ​ပေးခဲ့တဲ့သတင်း​​တွေကျယ်ကျယ်ထွက်​ပေါ်ခဲ့ဖူးပြီး အဖွဲ့အချို့က​တော့ ငြင်းဆိုထားကြပါတယ် ။

    ဗိုလ်နဂါးရဲ့မြေအောက်ခန်းအနီးနဲ့တောတိုက်ထဲမှာ မိန်းကလေးငယ်အချို့နဲ့အတူ သင်္ကြန်ယိမ်းလည်းက ခဲ့ပါသေးတယ်။ သူနေတဲ့ မြေအောက်ခန်းနဲ့ လုံခြုံရေးအဖွဲ့ကိုထားတဲ့ ဘားတိုက်က ပေ ၃၀၀ ခန့်အထိ ဝေးသလို ခွင့်ပြုချက်မရှိဘဲ မလာဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

    လက်ရှိနောက်ဆုံးအခြေအနေ အသေးစိတ်ဖြစ်ရပ်တွေကို စုံစမ်းမေးမြန်းထားပေမယ့် ကာယကံရှင်တွေရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာအရ လျှို့ဝှက်ထားပါမယ်။

    သူ့လုပ်ရပ်တွေကို သိသွားသူတွေကို ဗိုလ်နဂါးက နှုတ်ပိတ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် BNRAအဖွဲ့ဝင်တွေကြားထဲမှာ အကြောက်တရားကြီးစိုးနေဆဲလို့ သိရပါတယ်။ဖေဖော်ဝါရီလ၁၇ရက်နဲ့ ၁၈ရက်နေ့က စီးနင်းတိုက်ခိုက်မှုမှာ အဖွဲ့ဝင် ၁၅၀ခန့်နဲ့အတူ လက်နက်ချအလင်းဝင်ခဲ့တဲ့ BNRA တပ်ရင်းမှူးစစ်နိုင်ကိုယ်တိုင် အကြောက်လွန်နေပြီး သူ့အသက်ကို အာမခံချက်ပေးဖို့ အကြောက်အကန်တောင်းဆိုခဲ့ပါတယ်။

    “တပ်ဖွဲ့ထဲမှာ ဖြုတ်ထုတ်သတ်ဖြစ်စဥ်တွေရှိခဲ့တော့ သူတို့ပြန်ခံရတော့မလားဆိုပြီး အရမ်းကြောက်နေကြတာ။အခုလိုအပ်တာစစ်ဆေးနေတာတောင် အကြောက်တရားက မပြေသေးတော့ အချိန်ပေးနေရတယ်။ ကျနော်တို့ကလည်းအတင်းအကြပ်ကြီးမမေးချင်ဘူး။ သူတို့စိတ်ဖိစီးမှုတွေပြေလျော့ပီးဖြေလာမယ့်အချိန်ကိုစောင့်နေရတယ်” လို့တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

    BNRA တပ်ဖွဲ့ဝင်အများစုဟာ စိတ်ဒဏ်ရာတွေကြီးကြီးမားမားရရှိထားကြလို့ စိတ်ကျန်းမာရေးဆရာဝန်နဲ့တိုင်ပင်ပြီး နှစ်သိမ့်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

    ပင်လယ်ထဲကကျွန်းပေါ်မှာပွဲတော်တည်ခဲ့တဲ့ဂျက်ဖရီအက်ပ်စတိန်းကတော့ သူကျူးလွန်တဲ့ပြစ်မှုတွေအတွက်၂၀၁၉ ခုနှစ်ထဲမှာ ဖမ်းဆီးခံရပြီး အဲ့ဒီနှစ် ဩဂုတ်လမှာပဲ ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေကဆိုပါတယ်။ ဗိုလ်နဂါးကတော့ ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာအာဏာသိမ်းစစ်တပ်ထံပူးပေါင်းသွားပြီးတဲ့နောက်ပိုင်း လူမြင်ကွင်းက​ခေတ္တ​ပျောက်သွားပါတယ် ။ဒါ​ပေမယ့် ​ဖေ​ဖော်ဝါရီ လကုန်ပိုင်းမှာ​တော့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အချို့မှာ “​မောင်​​ဆောင်းခ နဲ့ ဗိုလ်နဂါး​ပြောခဲ့ကြတဲ့ အသံဖိုင် ကို ဗိုလ်နဂါးဖွင့်ချ” ဆိုပြီး ​​​​တော်လှန်​ရေးအဖွဲ့​တွေကြား​သွေးကွဲ​စေမယ့် အ​ကြောင်းအရာ​တွေကို စစ်တပ်နဲ့တရာဝင်ပူး​ပေါင်းပြီး​နောက်​ပြောဆိုဝါဒဖြန့်လာပြန်တာကို​တွေ့ရပြန်ပါတယ်။

    ကြက်သွန်ပွဲစားအဖြစ်ကနေစစ်ဘုရင်ရူးခဲ့တဲ့ ဗိုလ်နဂါးကြောင့်တော့ သူ့တပည့်တပန်းတွေ စိတ်ဒဏ်ရာရခဲ့ကြသလို အညာတခွင်က ဒေသခံတွေရော တော်လှန်ရေးရဲဘော်တွေပါအလုပ်ရှုပ်ခဲ့ကြရပါတယ်။

    ဗိုလ်နဂါးတူးခဲ့တဲ့ မြေအောက်ခန်းအပါအဝင် BNRA စခန်းတွေကို စီးနင်းမှုနဲ့ သူဦးဆောင်ကျူးလွန်ခဲ့သမျှကို အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပြီး မကြာခင် ထုတ်ပြန်လာဖွယ်ရှိပါတယ်။ အဲ့ဒီငရဲခန်းကို ဘယ်လောက်အထိဖွင့်ချနိုင်မလဲ။ အရေးကြီး မေးခွန်းအဖြစ် အဆိုတင်သွင်းထားပါမယ်။ ။

    (ဗိုလ်နဂါး ရဲ့ ​တောတိုက်ထဲက ​မြေ​အောက်ခန်း ၊အ​ဆောက်အအုံ ၊လက်နက်တိုက် ၊ မြင်းခြံ တို့ကို​တွေ့ရစဥ် ။ဓါတ်ပုံ-ZL)