Category: News

  • အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်၏ အဆင်ခြင်မဲ့တုံ့ပြန်မှုကို ခုခံမည်ဟု ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် ထုတ်ပြန်

    အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်ခတ်နိုင်စွမ်းကို အရင်းအမြစ်ကနေ ချေမှုန်းပစ်မဲ့ ခုခံကာကွယ်ရေး ဆောင်ရွက်ချက်တွေကို လိုအပ်လာရင် လုပ်ဆောင်သွားမယ်လို့ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်ခေါင်းဆောင်တွေက ပူးတွဲကြေညာလိုက်ပါတယ်။

    ကနဦး အမေရိကန်နဲ့ အစ္စရေး စစ်ဆင်ရေးတွေမှာ မပါဝင်တဲ့ နိုင်ငံတွေအပေါ် အီရန်က အဆင်ခြင်မဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

    “အီရန်ရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်မှုတွေဟာ မဟာမိတ်တွေကို ပစ်မှတ်ထားနေပြီး ကျနော်တို့ရဲ့ စစ်မှုထမ်းတွေနဲ့ အရပ်သားတွေကိုပါ ခြိမ်းခြောက်နေတယ်” လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဒါကြောင့် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကိစ္စအတွက် အမေရိကန် အပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ပါရှိပါတယ်။

    အီရန်ဟာ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီးတော့ ပင်လယ်ကွေ့နိုင်ငံတချို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

    ဒီတိုက်ခိုက်မှုတွေကြောင့် အီရတ်မြောက်ပိုင်း အာဘေးလ်က နိုင်ငံတကာစစ်စခန်းနဲ့ ဂျော်ဒန်နိုင်ငံ အရှေ့ဘက်က ဂျာမနီတပ်ဖွဲ့စခန်းတွေ ထိမှန်ခဲ့ပေမဲ့ ထိခိုက်သေဆုံးသူ မရှိဘူးလို့ ဂျာမနီစစ်တပ်က အတည်ပြုပါတယ်။

    ဒါပေမဲ့ မတ် ၁ ရက်က အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ အကြီးစားတိုက်ခိုက်မှုကြောင့် ရီယတ်၊ ဒူဘိုင်း၊ ဂျေရုဆလင် စတဲ့ မြို့ကြီးတွေမှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အစ္စရေးနိုင်ငံ ဘီယက်ရှီမက်ရှ်မြို့မှာတော့ အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

    အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက ခေါင်းဆောင်ကြီး အလီခါမေနီ လုပ်ကြံခံရမှုအတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်ဖို့က အီရန်ရဲ့ တရားဝင်တာဝန်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရက်ချီကလည်း “ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ဘာမဆို လုပ်သွားမှာဖြစ်ပြီး ဘောင်ကန့်သတ်ထားတာ မရှိဘူး” လို့ မတ် ၁ ရက်မှာ ABC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

  • မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို  စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိ

    တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်း ဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်၏ ဝါဒဖြန့် သတင်းစာများနှင့် သတင်းဌာနများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချ

    တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ မိတ်ဖက် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့်သတင်းကို စစ်တပ်ပိုင် ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမေရိကန်နှင့်အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့တွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီမှာ သူ၏ ရုံးခန်းအတွင်း အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း တစ်ကမ္ဘာလုံးရှိ သတင်းမီဒီယာများ အားလုံးတွင် အကြီးအကျယ် ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် မတ်လ ၁ ရက်နေ့ နှင့် မတ်လ ၂ ရက်နေ့ထုတ် စစ်တပ်ပိုင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးသည့် သတင်းကို လုံး၀ ဖော်ပြခြင်းမရှိဘဲ သတင်းအမှောင်ချထားသည်ကို မြင်တွေ့ရသည်။

    “မတ်လ ၁ ရက်နေ့နဲ့ မတ်လ ၂ ရက်နေ့ထုတ် ကြေးမုံရော မြန်မာ့အလင်းမှာပါ အီရန်ကို ဝင်တိုက်တဲ့သတင်းကို လုံး၀ မတွေ့ရဘူး။ ဖေ့ဘုတ်စ်ပေါ်မှာတော့ ဒီသတင်းပဲ ဟော့နေတော့ ဖေ့ဘုတ်စ်ပေါ်ကပဲ အဖြစ်အပျက်အကုန် သိနေကြပါတယ်။ ခါမေနီသေဆုံးသွားတာလည်း အားလုံး သိကြတယ်” ဟု ရန်ကုန်မြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောဆိုသည်။

    သို့ရာတွင် စစ်တပ်ထုတ် မြ၀တီသတင်းစာများတွင် အီရန်ကို တိုက်ခိုက်သည့်သတင်းကို သတင်းပုံစံဖြင့် မဟုတ်ဘဲ နိုင်ငံတကာသုံးသပ်ချက်ပုံစံဖြင့် ထက်မြတ်ဆိုသော ကလောင်ဖြင့် ဖော်ပြသော်လည်း အီရန်ခေါင်းဆောင် ခါမေနီ တိုက်ခိုက်မှုကြောင့် သေဆုံးသည့်သတင်းကိုမူ အထူးပြုလုံး၀ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။

    “မြ၀တီသတင်းစာမှာတော့ မတ်လ ၁ ရက်နေ့ထုတ် နိုင်ငံတကာသုံးသပ်ချက်အဖြစ် ထက်မြတ်ဆိုတဲ့ ကလောင်နဲ့တော့ ရေးတယ်။ အီရန်ကို တိုက်တယ်ပေါ့။ မတ်လ ၂ ရက်နေ့ထုတ် မြ၀တီသတင်းစာမှာလည်း သုံးသပ်ချက်ဆက်ရေးတယ်။ ဒါပေမယ့် ခါမေနီသေဆုံးတာကို စာတစ်ကြောင်းပဲ ဖော်ပြတယ်။ အခြားဘာမှ မဖော်ပြဘူး။ မဖော်ပြတာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဆင်ဆာဖြတ်တောက်လို့ ခါမေနီ သေဆုံးတာကို သေသေချာချာ မဖော်ပြတာမျိုးယူဆတယ်” ဟု အဆိုပါ အလွတ်တန်းသတင်းထောက်က ပြောဆိုသည်။

    အီရန် ခေါင်းဆောင် ခါမေနီသေဆုံးသည့် သတင်းကို စစ်တပ်လက်အောက်ခံ ဝါဒဖြန့် သတင်းစာများက ဖော်ပြခြင်းမပြုဘဲ သတင်းအမှောင်ချထားခြင်းမှာ အာဏာရှင်တစ်ဦး မလှမပ ဇတ်သိမ်းသွားခြင်းနှင့် လူထုမကြိုက်နှစ်သက်သော အာဏာရှင်စနစ်ကျင့်သုံးသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထောက်ရှုခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ ဝါရင့် သတင်းစာဆရာတစ်ဦးက သုံးသပ်သည်။

    “အာဏာရှင်တွေ နိဂုံးချုပ်ရင် သူတို့သတင်းစာတွေမှာ ပါမလာဘူး။ ဗီနင်ဇွဲလားသမ္မတ ဖမ်းသွားတုန်းကလည်း သူတို့သတင်းစာနဲ့ သတင်းဌာနတွေမှာ ဖမ်းသွားတာကို ချက်ချင်း မထည့်ဘူး။ တော်တော်ကြီးကြာမှ နိုင်ငံတကာ သတင်းသေးလေး အဖြစ် နောက်ဆက်တွဲ ထည့်တယ်။ ဖိလစ်ပိုင် သမ္မတ ဟောင်း ဒူတာတေးကို ICC တရားရုံး ဖမ်းပို့တုန်းကလည်း သတင်းစာတွေမှာ ပါမလာဘူး။ ပြည်သူတွေက ဖေ့ဘုတ်စ်ကနေ အကုန်သိနေကြပြီးသားဆိုတော့ သူတို့ မထည့်လည်း သိပ်ပြီးတော့ ပြဿနာမရှိဘူး” ဟု ဝါရင့်သတင်းစာ ဆရာက သုံးသပ်ပြောဆိုသည်။

    အီရန်ကို အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်မှုသတင်းများနှင့် ခါမေနီ သေဆုံးသွားသည့်သတင်းများအပေါ် မြန်မာနိုင်ငံမှ ပြည်သူအများစုက စိတ်ဝင်စားကြပြီး စီးပွားရေးအသိုင်းအ၀ိုင်းကလည်း ကမ္ဘာ့ရေနံစျေးနှုန်းနှင့် မြန်မာနိုင်ငံရှိ ပြည်တွင်း စက်သုံးဆီ စျေးနှုန်းအပေါ် ရိုက်ခတ်မှုကြီးနိုင်၍ စောင့်ကြည့် လေ့လာနေကြကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

    အီရန်နိုင်ငံမှာ အာဏာသိမ်း မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းရှိခဲ့ပြီး မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယခုနှစ် ဇန်နဝါရီလအတွင်း စုံစမ်းဖော်ထုတ်ခဲ့သည်။

    ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) ကိုလည်း မြန်မာနိုင်ငံသို့ တင် ပို့ပေးနေပြီးယင်း ယူရီးယားကို မြန်မာစစ်တပ်က ဒရုန်းဗုံးများ၊ လေကြောင်းတိုက် ခိုက်ရေး ဗုံးများ အပါ အဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။

    ၂၀၂၂ ခုနှစ်အတွင်းကလည်း အီရန်နိုင်ငံမှ ကုန်တင်လေယာဉ်များနှင့်ကိုယ်စားလှယ်အဖွဲ့များ နေပြည် တော်သို့ လျှို့ဝှက် လာရောက်ခဲ့ကြကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

    အီရန်ကို အစ္စရေးနှင့် အမေရိကန်တို့က တိုက်ခိုက်မှုသတင်းများနှင့် ခါမေနီ သေဆုံးသွားသည့်သတင်းများအပေါ် မြန်မာနိုင်ငံမှ ပြည်သူအများစုက စိတ်ဝင်စားကြပြီး စီးပွားရေးအသိုင်းအ၀ိုင်းကလည်း ကမ္ဘာ့ရေနံစျေးနှုန်းနှင့် မြန်မာနိုင်ငံရှိ ပြည်တွင်း စက်သုံးဆီ စျေးနှုန်းအပေါ် ရိုက်ခတ်မှုကြီးနိုင်၍ စောင့်ကြည့် လေ့လာနေကြကြောင်း UMFCCI မှ စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

    ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာစစ်တပ်၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက အီရန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီကို အီရန်နိုင်ငံ၊ တီဟီရန်မြို့အထိ သွားရောက် တွေ့ဆုံခဲ့ပြီး မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက် ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များဆွေး နွေးခဲ့ကာ မြန်မာဘက်မှ စွမ်းအင်ဝန်ကြီးဌာနအရာရှိကြီးများ လိုက်ပါခဲ့သည်။

  • ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    ထိုင်းအမျိုးသမီးတစ်ဦးက ဩစတြီးယားနိုင်ငံသား နှစ်ဦးနှင့် လက်ထပ်

    အသက် ၃၇ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးသည် Prakhon Chai ခရိုင်တွင် ဩစတြီးယားနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် တစ်ပြိုင်တည်း မင်္ဂလာဆောင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှုများစွာ ရရှိခဲ့ကြောင်း သိရသည်။

    ဩစတြီးယားနိုင်ငံ၏ ရဲတပ်ဖွဲ့မှ အငြိမ်းစား Romanနှင့် လက်ရှိတွင် ဩစတြီးယားရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော Macky တို့ကို Dujduan Ketsaro (ခေါ်) Gig ထိုင်းအမျိုးသမီးက တပြိုင်တည်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

    Mm News.xyz 2026 03 01 212640

    ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ဦးတည်းသော အမျိုးသမီးကို ချစ်မြတ်နိုးလာကြသဖြင့် သုံးယောက် အဖြစ် ဘဝတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ဒေသ မီဒီယာများက ဖော်ပြသည်။

    Dujduan Ketsaro (ခေါ်) Gig သည် ယခင်က လွတ်လပ်သီချင်းရေး၊ သီဆိုသူတစ်ဦးဖြစ်ပြီးကြောင်း ထိုင်းနိုင်ငံ မီဒီယာများက ဖော်ပြသည်။

    Mm News.xyz 2026 03 01 212624

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲကို ရိုးရာဒေသစတိုင်ဖြင့် ရိုးရှင်းစွာ စီစဉ်ခဲ့ပြီး ဆွေမျိုးသားချင်းများ၊ အိမ်နီးချင်းများနှင့် နီးစပ်မိတ်ဆွေများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    မင်္ဂလာပွဲသည် အရွယ်အစားသေးငယ်သော်လည်း ပွဲတော်အတွင်း အပူအပင်မဲ့ပျော်ရွှင်မှုနှင့် နွေးထွေးမှုများ ပြည့်နှက်နေခဲ့ပြီး Bai Sri Su Kwan ကောင်းချီးပေးပွဲနှင့် လက်ကောက်ကြိုးချည်ပွဲတို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။

    Mm News.xyz 2026 03 01 212613

    Gig သည် ယခင်က ထိုင်းအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးရှိခဲ့သော်လည်း အိမ်ထောင်ရေးမှာ အဆင်မပြေခဲ့မှုကြောင့် ကွာရှင်းခဲ့ပြီနောက် ၎င်းမှာ ဂီတ ပညာရပ်ဖြင့် မိဘများ၊ သမီးသုံးဦးကို ထောက်ပံ့ရန် Pattaya တွင် အလုပ်လုပ်ခဲ့ရကြောင်း သိရသည်။

    ဩစတြီးယား နိုင်ငံသား Roman သည် Pattaya သို့ အလည်ပတ်လာစဉ် Gig နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် ခင်ပွန်းမယားအဖြစ် ငါးနှစ်ကြာ အတူနေထိုင်ခဲ့ကြကြောင်း သိရသည်။

    ယင်းနောက်ပိုင်းတွင် Roman ၏သူငယ်ချင်းဖြစ်သူ Macky သည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီး Dujduan Ketsaro (ခေါ်) Gig ချစ်ခင် လာပြီးနောက် သုံးဦးလုံး ပွင့်လင်းစွာ ဆွေးနွေးကာ အပြန်အလှန် နားလည်မှု ရရှိ၍ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

    Mm News.xyz 2026 03 01 212525

    Dujduan Ketsaro (ခေါ်) Gig ၏ သတို့သားတစ်ဦးစီက မင်္ဂလာကြေးအဖြစ် ဘတ်ငွေ ၁ သန်းစီ ပေးအပ်မည်ဖြစ်ကြောင်းလည်း ၎င်းတို့နှစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    ပွဲကျင်းပနေအချိန် အတွင်း သတို့သမီး ဖြစ်သူက “တစ်ယောက်တည်း လက်ထပ်ရင် ကမ္ဘာကြီး မမှတ်မိဘူး၊ နှစ်ယောက်တစ်ပြိုင်နက် လက်ထပ်ရင်တော့ လူတိုင်း မှတ်မိကြလိမ့်မယ်” ဟု ဟာသဖြင့် ပြောဆိုခဲ့သည်။

    Ref: Khaosod

  • နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်ကား ၁ စီးကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ဆို

    နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယာဉ်ပေါ်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက် ၉ နာရီ ၃၆ မိနစ်အချိန်မှာ နေပြည်တော်-မကွေးနယ်ခြားကို ဖြတ်သန်းမောင်းနှင်လာတဲ့ အင်အား ၁၂ ဦးပါ စစ်ကော်မရှင်ကား ၁ စီးကို မကွေး-ကန်ပြားလမ်း ၁၇ မိုင် ၇ ဖာလုံ (နေပြည်တော်နဲ့ ၂၅ မိုင်ခန့်အကွာ) ဥတ္တရသီရိမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ကားဟာ မီတာ ၁၅၀ ခန့်အကွာမှာ ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းနဲ့ နောက်ခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးသာ ကားပေါ်က ဆင်းပြေးနိုင်ခဲ့ပြီး ကျန်ရှိသူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်နေချိန်အတွင်း စစ်ကော်မရှင်တပ်ယာဉ်တန်းတွေ ရောက်ရှိလာခဲ့တာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခြင်းမရှိဘဲ အမြန်ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ဦးစီးတပ်ဖွဲ့ဝင်တွေအားလုံး ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း နေပြည်တော် တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာကို မဲပုံးတွေသယ်ဆောင်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို ညောင်ပတ်ရွာ သင်္ချိုင်းကုန်းအနီးမှာ စစ်ကြောင်းရဲ့အလယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

  • အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်

    ၂၀၀ ကျော်သေဆုံးဟု ပြော

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာနဲ့ တက်စ်နင်မ် သတင်းဌာနတို့က ကြေညာပါတယ်။

    IRGC က ကာတာနိုင်ငံ အယ်လ်အူဒိတ်စခန်းမှာ တပ်ထားတဲ့ အမေရိကန်ရဲ့ FP-132 ရေဒါကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

    ဒီရေဒါမှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်နည်းပညာ တပ်ဆင်ထားပြီး ကီလိုမီတာ ၅,၀၀၀ အထိ ထောက်လှမ်းနိုင်တယ်လို့လည်း အီရန်ဘက်က ထပ်ပြောပါတယ်။

    ဒေသတွင်းက အမေရိကန်၊ အစ္စရေးအခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုအားလုံးဟာ အီရန်ရဲ့ တရားဝင်စစ်ရေး ပစ်မှတ်တွေဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌဆီ စာပေးပို့ခဲ့တယ်လို့ IRIB သတင်းမှာ ဖော်ပြပါတယ်။

    အမေရိကန်နဲ့ အစ္စရေးအစိုးရတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂၊ အပိုဒ် ၄ ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ်ပြီး အီရန်အစ္စလာမ်သမ္မတ နိုင်ငံအပေါ် လက်နက်ကိုင် ကျူးကျော်မှုရဲ့ ရှင်းလင်းတဲ့ ဥပမာလို့လည်း အာရတ်ချီက စာထဲမှာ ဖော်ပြထားပါတယ်။

    ဒီကျူးကျော်မှုလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၅၁ နဲ့ အညီ မွေးရာပါနဲ့ တရားဝင်ကိုယ်ပိုင် ကာကွယ်ရေးအခွင့်အရေးကို ကျင့်သုံးနေတယ်လို့ ပြောပါတယ်။

    အီရန်တပ်တွေက ရာဇဝတ်မှုဆိုင်ရာကျူးကျော်မှုကို ရင်ဆိုင်ဖို့၊ ရန်လိုတဲ့လုပ်ရပ်တွေကို တားဖို့ လိုအပ်တဲ့ ကာကွယ်ရေးစွမ်းရည်တွေနဲ့ အထောက်အကူပြုပစ္စည်းတွေ အားလုံးကို သုံးသွားမယ်လို့ ပြောခဲ့ပါတယ်။

    IRGC အကြီးတန်းတပ်မှူး အီဘရာဟင် ဂျက်ဘာရီက အီရန်ဟာ အမေရိကန်နဲ့စစ်ပွဲမှာ အဆင့်မြင့်နဲ့ အစွမ်းထက်ဆုံးဒုံးကျည်တွေကို သုံးဖို့ အသင့်ရှိတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။

    “ကျနော်တို့က ခင်ဗျားတို့ကို တိုက်ဖို့ အဆင့်မြင့်ဆုံး စွမ်းရည်တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်တွေတည်းက တပ်ဆင်ထားတယ်”လို့ အီဘရာဟင် ဂျက်ဘာရီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။