Category: News

  • ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    ပြည်တွင်းဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်တင်းကျပ်လာ၊ တစ်ကြိမ်လျှင် ကျပ်သိန်း ၃၀ သာ အများဆုံးထုတ်ပေး၍ လုပ်ငန်းရှင်များ အခက်ကြုံ

    မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်ခက်ခဲလာပြီး ဘဏ်တစ်ခု လျှင် တစ်ကြိမ်ထုတ်ယူပါက ကျပ်သိန်း ၃၀ ခန့်သာ အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အတွက် အသေးစား လုပ်ငန်းရှင်များနှင့် အများပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။

    လကုန်ရက်နှင့် တိုက်ဆိုင်နေသည့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေသားထုတ်ယူရာ၌ ယခင်ကထက် ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။

    “ဒီတစ်ပတ် ငွေထုတ်ရတာ ပိုခက်လာတယ်။ ဘဏ်ထဲမှာ အပ်ငွေမရှိလို့ အများကြီး မထုတ်ပေးနိုင်ဘူးလို့ ဘဏ်က ပြောတာပဲ။ ဘဏ်မန်နေဂျာနဲ့ ရင်းနှီးတဲ့ လုပ်ငန်းအကောင့်ဆိုရင်တောင် ကျပ်သိန်း ၅၀ လောက်ပဲ တစ်ခါထုတ်ပေးတယ်” ဟု ရန်ကုန်မြို့ခံ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

    လက်ရှိတွင် ဘဏ်များက ငွေသားကို ကျပ်သိန်း ၂၀ မှ ၃၀ ကြားသာ ကန့်သတ်ထုတ်ပေးနေသဖြင့် လုပ်ငန်းရှင်အချို့မှာ တစ်ရက်လျှင် ဘဏ် သုံး ခု မှ လေးခုအထိ လှည့်လည်၍ ငွေထုတ်ယူနေရကြောင်း သိရသည်။

    အခြားတစ်ဖက်တွင်လည်း လမ်းဘေးရှိ ATM စက်များ၌ ငွေသားဖြည့်တင်းထားမှု မရှိသဖြင့် အခြေခံ ဝန်ထမ်းများမှာ ဘဏ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် ရာခိုင်နှုန်းပေး၍ ငွေသားထုတ်ယူ နေရသည်။

    “ATM စက်တွေက ပိုက်ဆံထုတ်မရဘူး။ KBZ ဘဏ်ထဲမှာ KPay ကနေ ၁ ရာခိုင်နှုန်းပေးပြီး ထုတ်လိုက်ရတယ်။ ဘဏ်ကပါ ၁ ရာခိုင်နှုန်း ယူလာတော့ အပြင်မှာလည်း ရာခိုင်နှုန်းတွေ ပိုတက်သွား မလား စိုးရိမ်ရတယ်။ အခုထိတော့ တစ်သိန်းကို တစ်ထောင် (၁%) ပေးနေရတုန်းပဲ” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုသည်။

    အထူးသဖြင့် အသုံးပြုသူအများဆုံးဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ) ကဲ့သို့သော ဘဏ်များတွင် ငွေထုတ်ယူရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေရပြီး ဘဏ်အားလုံး၏ ဝန်ဆောင်မှုမှာ လိုအပ်ချက် များစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်မှာ ယိုင်နဲ့လာခဲ့ပြီး ငွေသားထုတ်ယူရာတွင် ရာခိုင်နှုန်းပေးရသည့်စနစ်နှင့် အကန့်အသတ်ဖြင့် ထုတ်ပေးသည့်စနစ်များ ကြောင့် ပြည်သူများမှာ ယနေ့တိုင် ငွေကြေးကျပ်တည်းမှုဒဏ်ကို ခံစားနေရခြင်း ဖြစ်သည်။

  • ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်

    ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်

    အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် အုပ်ချုပ်ရေးကောင်စီအသစ်ဖွဲ့စည်းပြီး အစ္စရေးနှင့် အမေရိကန်ကို လက်စားချေမည်ဟုဆို

    643358546 1288140136746923 1464685245539453951 N
    လက်ရှိ အီရန်သမ္မတ Masoud Pezeshkian

    အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားပြီးနောက် အီရန်နိုင်ငံတွင် အရေးပေါ် အုပ်ချုပ်ရေးကောင်စီ (Governing Council) တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

    အီရန်အခြေခံဥပဒေအရ အမြင့်ဆုံးခေါင်းဆောင်သစ် တစ်ဦးကို ပြန်လည်ရွေးချယ်ခြင်းမပြုမီအထိ နိုင်ငံကို ဦးဆောင်ရန် လူ ၃ ဦးပါဝင်သော အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကောင်စီတွင် လက်ရှိ အီရန်သမ္မတ Masoud Pezeshkian၊ တရားသူကြီးချုပ် Gholamhossein Mohseni Ejei၊ စောင့်ကြည့်ရေးကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦး (Expediency Council မှ ရွေးချယ်သူ) ပါဝင်ကြောင်း ၊ အီရန်နိုင်ငံ၏ Assembly of Experts က အမြန်ဆုံး ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်တင်မြှောက်ရန် တာဝန်ရှိနေကြောင်း သိရှိရသည်။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် “အကြမ်း ဖက်စခန်းများ” ကို ပစ်မှတ်ထား၍ “အီရန်စစ်တပ်သမိုင်းတွင် အပြင်းထန်ဆုံးဆုံးသော ထိုးစစ်ဆင်မှု” ကို မိနစ်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

    အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုအတွင်း အလီခါမေနီသာမက တော်လှန်ရေးအစောင့်တပ် (IRGC) အကြီးအကဲ နှင့် ထိပ်တန်းလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တို့ပါ သေဆုံးသွားကြောင်း အီရန်အစိုးရမီဒီယာများက အတည်ပြုထားသည်။

    အီရန်ခါမေနီ သေဆုံးသည့် သတင်းများကြောင့် အီရန်နိုင်ငံအတွင်းရှိ လူအုပ်ကြီးမှာ လမ်းမပေါ်ထွက်၍ ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

    သို့သော်လည်း တစ်ဖက်တွင် စစ်ရေးတင်းမာမှုများကြောင့် ဒေသတွင်းစစ်ပွဲကြီး ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

    အီရန်က လက်တုံ့ပြန် လက်စားချေမည်ဟု ကြေညာပြီးနောက် အမေရိကန်သမ္မတ ထရန့်က အီရန်ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် စစ်အင်အားဖြင့် တုံ့ပြန်မည်ဟု အပြင်းထန်ဆုံး သတိပေး

    Mm News.xyz 2026 03 01 131431

    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံ၏ လက်စားချေခြိမ်းခြောက်မှုအပေါ် ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ရာဇသံပေးလိုက်သည်။

    အမေရိကန်သမ္မတ ထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယင်းကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်သည်။

    “အီရန်နိုင်ငံဟာ ဒီနေ့မှာ သူတို့အရင်က လုပ်ခဲ့ဖူးသမျှထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ် ဆောင်တော့မယ်လို့ အခုလေးတင် ကြေညာလိုက်ပါတယ်။ သူတို့ အဲဒီလို မလုပ်မိဖို့ တားမြစ်ချင်ပါတယ်။ တကယ်လို့သာ သူတို့ဘက်က စတင်လုပ်ဆောင်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ကမ္ဘာပေါ်မှာ တစ်ခါမျှ မမြင်ဖူးသေးတဲ့ အင်အားမျိုးနဲ့ သူတို့ကို ပြန်လည်တိုက်ခိုက် ချေမှုန်းသွားမှာပါ” ဟု အမေရိကန်သမ္မတထရမ့်က ပြောဆိုသည်။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနှင့် အမေရိကန် စစ်စခန်းများကို “သမိုင်းတွင် အပြင်းထန်ဆုံး” စစ်ဆင်ရေးဖြင့် မိနစ်ပိုင်းအတွင်း တိုက်ခိုက်တော့မည်ဟု ယနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

    အီရန်ခေါင်းဆောင် ခါမေနီ၊ အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲနှင့် ထိပ်တန်းလုံခြုံရေးအကြံပေးတို့မှာလည်း အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု အီရန်အစိုးရမီဒီယာများက အတည်ပြုထားသည်။

    အီရန်က လက်စားချေမှုများ ပြုလုပ်လာမည်ဟု ကြေညာထားခြင်းကြောင့် အမေရိကန်နှင့် အစ္စရေးစစ်တပ်များမှာ အမြင့်ဆုံးအဆင့် အသင့်ပြင်ဆင်ထားကြသည်။

    သမ္မတ ထရန့်၏ ယခုသတိပေးချက်သည် အီရန်နှင့် အမေရိကန်ကြား စစ်ရေးတင်းမာမှု အမြင့်ဆုံးသို့ ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒေသတွင်းစစ်ပွဲကြီး ဖြစ်ပွားလာမည်ကို ကမ္ဘာတစ်ဝှမ်းက စိုးရိမ်လျက်ရှိသည်။

  • ဗန်းမော်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

    ဗန်းမော်မှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေ

    စစ်တပ်က လေယာဉ်၊ဒရုန်းနဲ့ အပြင်းအထန် တိုက်ခိုက်ဟု KIA ပြော

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

    ဖေဖော်ဝါရီ ၂၈ရက် ညသတင်းဖော်ပြချက်မှာ အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။

    ဗန်းမော်မြို့မှာ လတ်တလော စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်ဖွဲ့များခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးပါတယ်။

    နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာကို လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။

    KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁ နှစ် သုံးလခန့်ကြာပြီဖြစ်ပါတယ်။

    အခုနှစ် ဖေဖော်ဝါရီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံပမ်းအချို့ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

    KIAနဲ့ စစ်ကောင်စီတပ်တို့ဟာ အခုနှစ်ဆန်းပိုင်းမှာ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

    (KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။

  • ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ရလဒ်ကို ကြိုဆို ထောက်ခံနေ ကြတာ

    ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ရလဒ်ကို ကြိုဆို ထောက်ခံနေ ကြတာ

    “ပြည်သူတွေအပေါ် ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ရလဒ်ကို ကြိုဆို ထောက်ခံနေ ကြတာ”

    အီရန်မှာ ခါမေနီ သေဆုံးသွားတဲ့ သတင်းအပေါ် မြန်မာပြည်သူတွေ ဝမ်းသာနေကြတာက အမေရိကန်ကို အထင်ကြီးလို့လည်း မဟုတ်ဘူး၊ ဒေါ်နယ်ထရမ့်ကို ထောက်ခံ နေတာလည်း မဟုတ်ပါဘူး။

    သူတို့ လက်ရှိဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေ၊ စိတ်ဒဏ်ရာတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။

    အီရန်အစိုးရဟာ ဆယ်စုနှစ်များစွာ ပြည်သူတွေကို ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ ဘာသာရေး အာဏာရှင်စနစ် ဖြစ်ပါတယ်။

    ဆန္ဒပြခဲ့ကြတဲ့ အီရန်ပြည်သူတွေကို အစိုးရက အကြမ်း ဖက်နှိမ်နင်းခဲ့ပါတယ်။

    ဒါဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အသွင်သဏ္ဍာန် တူနေတဲ့အတွက် အီရန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာကြပြီး ဖိနှိပ်ခံပြည်သူတွေဘက် ကနေ ရပ်တည်ကာ ဝမ်းသာပေးကြတာ ဖြစ်ပါတယ်။

    ပြီးတော့ ဆယ်စုနှစ် ၃ ခုကျော် အာဏာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ ခါမေနီလို သြဇာကြီးမားတဲ့ အာဏာရှင်တောင် ကျဆုံးနိုင်တယ် ဆိုပြီး လက်တွေ့ မြင်လိုက်ရတဲ့အခါ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက် ကြီးမားသွားစေပါတယ်။

    တော်လှန်ရေး အပေါ် ယုံကြည်ချက်ကို ပိုခိုင်မာစေပြီး မင်းအောင်လှိုင်တို့လည်း ဒီလိုပဲ နိဂုံးချုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်ရွှင်ကြတာပါ။

    နောက်တခု မြန်မာပြည်သူ အများစုဟာ စစ်အုပ်စုကို နိုင်ငံတကာကနေ ထိထိရောက်ရောက် အရေးယူပေးဖို့ နှစ်ရှည်လများ ဆန္ဒရှိခဲ့ကြတာပါ။

    အခုလို အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက် နိုင်ခဲ့တာကို မြင်တဲ့အခါ ကိုယ့်နိုင်ငံကိုလည်း တချိန်ချိန် မှာ ဒီလိုထိရောက်တဲ့ အရေးယူမှုမျိုး ဖြစ်လာနိုင်မလားဆိုတဲ့ စိတ်ကူးနဲ့ အားရကျေနပ်ကြတာ ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အီရန်ဟာ တရုတ်၊ ရုရှားတို့လို အာဏာရှင် နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ထားတာပါ။

    သူတို့ ကိုယ်တိုင်လည်း စစ်ကောင်စီကို လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီတွေ ပံ့ပိုးနေကြောင်း မှတ်တမ်းတွေ ရှိပါတယ်။

    ဒီလို စစ်ကောင်စီကို ပံ့ပိုးနေတဲ့ အာဏာရှင်ကွန်ရက်ထဲက အမာခံနိုင်ငံတခုဖြစ်တဲ့ အီရန် အထိနာသွားခြင်းအပေါ် မြန်မာပြည်သူတွေ ဝမ်းသာကြတာ ဖြစ်ပါတယ်။

    ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးလမ်းစဉ်တွေကို သဘောမကျသူတွေတောင်မှ ဒီဖြစ်ရပ်ကြောင့် ပြည်သူတွေအပေါ် ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ အမိန့်ပေးခဲ့တဲ့ ခေါင်းဆောင်ကို ထောက်ခံတာမဟုတ်ဘဲ၊ ထွက်ပေါ်လာတဲ့ ရလဒ်ကို ကြိုဆို ထောက်ခံနေကြတာ ဖြစ်ပါတယ်။

    ဖိနှိပ်ခံ အီရန်ပြည်သူတွေ အတွက် လွတ်မြောက်ရေးလမ်းစ ပေါ်လာပြီ ဆိုတဲ့ လူသားချင်းစာနာမှု ရှုထောင့် ကနေ ကြည့်ပြီး ဝမ်းသာပေးကြတာ ဖြစ်ပါတယ်။

    Zin Thaw Naing

  • ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး စီမံချက်ချမှတ်ရန် NLD ဆုံးဖြတ်

    ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး စီမံချက်ချမှတ်ရန် NLD ဆုံးဖြတ်

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အပါအဝင် အချက် ၁၃ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သည်။

    ယမန်နေ့(ဖေဖော်ဝါရီ ၂၈ ရက်)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဒုတိယဗဟိုကော်မတီသည် ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom Online Platform မှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များဆိုသည်မှာ နိုင်ငံရေးနည်းနှင့် ကြိုးပမ်းမှုကိုဆိုလိုခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ဆိုသည်။

    ၎င်းက “နိုင်ငံရေးနည်းနဲ့ကြိုးပမ်းမှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်စိတ် ကျွန်တော့မှာရှိပါတယ်”ဟု ယနေ့(မတ်လ ၁ ရက်)တွင် မဇ္ဈိမကို ပြောသည်။

    အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၏ တရားဝင်တည်ရှိမှုအပေါ် အခြေခံ၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို ခေါ်ယူကျင်းပရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုသည်။ ထို့အပြင် ပါတီအင်အား ကျစ်လစ်ခိုင်မာစေရန် အဆင့်ဆင့်သော ပါတီအမှုဆောင်များ၏ ထိရောက်သော ဦးဆောင်မှုဖြင့် စီမံချက်များ ရေးဆွဲသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

    ထိုအစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ အပါအဝင် ဗဟိုအလုပ်ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ၎င်းအစည်းအဝေးအား သဘာပတိအဖွဲ့ဝင် တဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ ၊ အရံဗဟိုကော်မတီဝင်များ စုစုပေါင်း ၅၁ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး အထူးဧည့်သည်တော် ကိုးဦး အပါအဝင် စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ ကြသည်။

    ထို့အပြင် ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုကာ ကျန်တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။