Category: News

  • ဓညဝတီရေတပ်ဌာနချုပ် တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရ

    ဓညဝတီရေတပ်ဌာနချုပ် တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးခံရ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေ တပ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေကြောင်း သိရသည်။

    စီမော်ကျေးရွာရှိ ရေတပ်ဌာနချုပ်၏ ကာကင်းများကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေရာ ကာကင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ‌ဦးကျော်ကို AA က ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    “ရေတပ်ဌာနချုပ်ကို အဓိကထားထိုးစစ်ဆင်နေတာ။ အခုက ကာကင်းစခန်းတွေကို အရင်ဖြုတ်တဲ့သဘောပဲ။ စစ်တပ်ဘက်က သေတဲ့သူတွေများတယ်။ အရှင် ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်”ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

    ရေတပ်ဌာနချုပ် တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက ကြည်း၊ရေ၊လေမှ အပြင်းအထန်ခုခံနေပြီး ရေ တပ်မှ တိုက်ရေယာဉ် တစ်စီးထက်မနည်းရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

    ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ဂျက်ဖိုက်တာ နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ ဦးကင်း၊ စီမော်၊ ကြပ်တ္တိန်ကျေးရွာဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့တွင် စီမော်ကျေးရွာရှိ ဓညဝတီရေတပ်ဌာနချုပ် ၏ ကာကင်းစခန်း၌တိုက်ပွဲပြင်းထန်နေခဲ့ပြီး အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း AA က တပြိုင်နက်ထိုးစစ် ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

    ဓာတ်ပုံ- ဓညဝတီရေတပ်ဌာနချုပ် (ပုံဟောင်း)

  • ဆင်ဖြူတော် ကြိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ

    ဆင်ဖြူတော် ကြိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ

    ခမ်းနားပေမဲ့ လက်တွေ့မှာ သိပ်အသုံးမဝင်တာတွေကို ဆင်ဖြူတော်နဲ့ ရည်ညွှန်းပြောကြပေမဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေအတွက်တော့ ဆင်ဖြူတော်ဆိုတာ ဘုန်းတန်ခိုး အဆောင်အယောင်အဖြစ် တန်ဖိုးထားရာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ဆင်ဖြူတစ်ကောင် “ကံငြိမ်းမှု” ကို နိမိတ်မကောင်းဘူးလို့ယူဆပြီး စစ်ဗိုလ်ချုပ်တချို့ စိတ်နှလုံးညှိုးနွမ်းခဲ့တယ် လို့ စုံစမ်းသိရှိရပါတယ်။

    ဆင်ဖြူကို သိပ္ပံပညာ ရှုထောင့်ကကြည့်သူတွေကတော့ မြန်မာမှာ ခရုသင်းစွဲတယ်လို့ သိကြတဲ့ Albino ဗီဇ ဖောက်ပြန်မှုကြောင့် ရောဂါ ဖြစ်နေတဲ့ သတ္တဝါတစ်မျိုးလို့ မြင်ကြပါတယ်။

    မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကတော့ ဆင်ဖြူတော် မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေစက္ကူပါ ထုတ်ပေးပြီး မွေးနေ့လက်ဆောင်ပါ ပေးကြပါတယ်။

    ဘဒ္ဒဝတီ ရဲ့ ရာဇဝင်

    ဆင်ဖြူတော် ဘဒ္ဒဝတီ (ဝဲ)

    နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်မုခ်မှာရှိတဲ့ ရတနာဆင်ဖြူတော်အဆောင်မှာ ဆင်ဖြူတော် ၁၀ ကောင်အထိ ရှိပါတယ်။

    ဆင်ဖြူ အထီး ၂ ကောင်၊ အမ ၅ ကောင်၊ ဆင်မဲ အထီး ၁ ကောင်၊ အမ ၂ ကောင် ဖြစ်ပါတယ်။

    ဒါပေမဲ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာတော့ ဆင်ဖြူတော် ဘဒ္ဒဝတီ ဟာ အစာစားနေတုန်း မူးလဲသွားပြီး သေဆုံးခဲ့ပါတယ်။

    အသက် ၅၃ နှစ်ရှိတဲ့ ဆင်ဖြူအမဟာ ဆင်သက်နဲ့ဆိုရင် အသက်ကြီးတယ် မဆိုနိုင်သေးပါဘူး။

    ဘဒ္ဒဝတီ ရဲ့ သားသမီးတွေက ရတနာဇာတကလျာနဲ့ မောင်ကောက်ရတို့ ဖြစ်ပါတယ်။

    ဘဒ္ဒဝတီ ပေါ်ထွန်းပြီး နေပြည်တော် ရောက်လာတဲ့အချိန်က ထူးခြားမှုတွေ ရှိနေပါတယ်။

    သူ့ကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းရွာမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

    အဲဒီကာလဟာ ၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်တစ်ဒါဇင်ကျော်ကို အငြိမ်းစားပေးလိုက်ချိန် ဖြစ်ပါတယ်။

    ဘဒ္ဒဝတီဟာ နေပြည်တော်ကို ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ ရောက်ရှိခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံရဲ့ မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့ပြီး သမ္မတအိမ်တော် နဲ့ လွှတ်တော်အဆောက်အအုံတွေအပါအဝင် လမ်းနာမည်တွေနဲ့ ရပ်ကွက်နာမည်တွေကို ‘ထီးသုံးနန်းဟန်’ တွေ ထုံမွှန်းစေခဲ့ပါတယ်။

    နန်းဆန်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဆင်ဖြူတော်ပေါ်တာကို ကျေနပ်ခဲ့ပြီးဆင်ဖြူတော်တွေကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်မုခ်က ရတနာဆင်ဖြူတော်အဆောင်မှာနေရာပေးခဲ့ပါတယ်။

    ဆင်ဖြူတော်ကို ရခိုင်ကနေ နေပြည်တော်ကို ကုန်းတတန်၊ ရေတတန် နဲ့ ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ရပေမဲ့ အဲဒီတုန်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး (ရခိုင်တိုင်းမှူး) ဗိုလ်ချုပ်သောင်းအေးကတော့ ပြုံးပျော်နေခဲ့ပါတယ်။

    ဆင်ဖြူတော် ဘဒ္ဒဝတီကို ရခိုင်ကနေ နေပြည်တော်ကို ကုန်းတတန်၊ ရေတတန် နဲ့ ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ရ

    သူက ဆင်ဖြူတွေ့ပြီး မကြာခင်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ရာထူးတိုးမြှင့်ခံရပြီး သူရာထူးတိုးတာဟာ ဆင်ဖြူတော် ဘဒ္ဒဝတီ နဲ့ သက်ဆိုင်တယ်လို့ ယုံကြည်တဲ့အကြောင်း မိတ်ဆွေတွေကို ပြောပြလေ့ရှိပါတယ်။

    လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးသောင်းအေးနဲ့ ဇနီးက ဘဒ္ဒဝတီကံငြိမ်းတော့ ဝမ်းနည်းကြေကွဲကြောင်း လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။

    ဆင်ဖြူသေတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့အခါတော်ပေးတချို့ကို မေးမြန်းတွက်ချက်တာတွေ လုပ်ခဲ့တယ် လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ”ဆင်ဖြူက အမ ဖြစ်လို့ ဦးမင်းအောင်လှိုင်ကို မသက်ရောက်ဘူး လို့ အခါတော်ပေးတွေက ပြောကြတယ်” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာပေါ်တဲ့ ဆင်ဖြူမဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ပေါ်ခဲ့တဲ့ ဆင်ဖြူဖြစ်ခြင်းကလည်း လက်ရှိစစ်ခေါင်းဆောင်အပေါ် အထိအခိုက်ရှိစေမှာမဟုတ်ဘူးလို့ အခါတော်ပေးတွေက ပြောကြကြောင်း သိရပါတယ်။

    ဆင်ဖြူသေတာကို အုပ်ချုပ်သူ တည်မြဲခြင်း၊ မတည်မြဲခြင်း နိမိတ်တွေနဲ့ ဆက်စပ်ယူဆကြတဲ့ ဗိုလ်ချုပ်တချို့ကလည်း သူတို့နဲ့ နီးစပ်တဲ့ ဗေဒင်ဆရာတွေကို မေးမြန်းတွက်ချက်မှုတွေ လုပ်ခဲ့ကြတယ်လို့ ဘီဘီစီရဲ့ နေပြည်တော်သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

    ”သူတို့ရာထူးတွေ မြဲမမြဲကို အဓိက စိုးရိမ်ကြတာပါ” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အချစ်တော် ”ရဋ္ဌနန္ဒက”

    ဆင်ဖြူတော် ရဋ္ဌနန္ဒက

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးမှ ပေါ်တဲ့ ဆင်ဖြူတော် ကတော့ ”ရဋ္ဌနန္ဒက” ဖြစ်ပြီး ၂၀၂၂ ဇူလိုင်လ ၂၃ ရက် မှာ ပေါ်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းက ဆင်မ ‘ဇာနန်းလှ’က ဆင်ဖြူတော်(အထီး) တစ်ကောင် မွေးဖွားခဲ့တာဖြစ်ပါတယ်။

    အဲဒီကာလက နိုင်ငံပိုင်သတင်းစာတွေက ”တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရမင်းများမှာ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်ပြည့်စုံသည့် ကာလများတွင် ဆင်ဖြူတော်များ ပေါ်ထွန်းလေ့ရှိတယ်” လို့ ဘုန်းတော်ဘွဲ့ရေးကြပါတယ်။

    ဆင်ဖြူတော်ကလေးကို ”တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ” လို့ အဓိပ္ပါယ်ရတဲ့ ‘ရဋ္ဌနန္ဒက’ လို့ အခမ်းအနားနဲ့ နာမည်ပေးခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့လက်ထက်မှာပေါ်တဲ့ ဆင်ဖြူတော်အဖြစ် ‘ရဋ္ဌနန္ဒက’ ကို အလွန်ချစ်မြတ်နိုးပါတယ်။

    ဆင်ဖြူလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို အစိုးရအဖွဲ့တစ်ဖွဲ့လုံးတက်ခဲ့ရပါတယ်။

    ကြီးမားလှတဲ့ မွေးနေ့ကိတ် နဲ့ နိုင်ငံတော်အဆင့် မွေးနေ့ပွဲ ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆင်ဖြူတော်ကို မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ‘ရဋ္ဌနန္ဒက’ကို အထူးဂရုစိုက်ခိုင်းပြီး ဆင်သတင်းပုံမှန်ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ စစ်ရုံးမှာရှိတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    ဒါကြောင့် ဆင်ဖြူလေးရဲ့ မွေးရက်ဖြစ်တဲ့ ၂၃ ရက်နေ့ကိုရောက်တိုင်း နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်သံတွေမှာ ဆင်ဖြူကျန်းမာကြောင်း လစဉ် ဖော်ပြလေ့ရှိပါတယ်။

    ”၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ” ဆိုတဲ့ သတင်းကို ခေါင်းစဉ်တောင်မပြောင်းဘဲ ဆက်တိုက် ဖော်ပြခဲ့တာဖြစ်ပါတယ်။

    ရဋ္ဌနန္ဒကရဲ့ အသက်၊ အရပ်အမြင့်၊ ကိုယ်လုံးလုံးပတ် နဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ဖော်ပြရတာမျိုး ဖြစ်ပါတယ်။

    ဆင်ဖြူလေးရဲ့ မွေးရက်ဖြစ်တဲ့ ၂၃ ရက်နေ့ကိုရောက်တိုင်း နိုင်ငံပိုင်သတင်းစာနဲ့ ရုပ်သံတွေမှာ ဆင်ဖြူကျန်းမာကြောင်း လစဉ် ဖော်ပြပေးရပါတယ်။

    ဆင်ဖြူတော်ပေါ်တာ တကယ်ဘုန်းကြီးသလား

    ဆင်ဖြူတော်တွေကို တန်ဖိုးထားကြတာဟာ ”ဟိန္ဒူဝါဒအရ အဖြူရောင် တိရစ္ဆာန်တွေကို ဘုန်းရှိတယ်ဆိုပြီး ယုံကြည်မှုကြောင့်” လို့ မြန်မာမှုအစဉ်အလာနှင့် ဆင်ဖြူရတနာ ဆောင်းပါးမှာ မောင်သန်းဆွေ (ထားဝယ်) က ရေးပါတယ်။

    မြန်မာဘုရင်တွေလက်ထက်ကတည်းက ဆင်ဖြူတော်တွေကို တန်ဖိုးထားခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေအထိ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၉ ခုနှစ်က ကျပ် ၅၀၀၀ တန်ငွေစက္ကူအသစ်ကို ရိုက်နှိပ်ခဲ့ရာမှာ ဆင်ဖြူတော်ပုံ အသုံးပြုခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာတော့ ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ရဲ့ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

    ဒါ့အပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး “ရဋ္ဌနန္ဒက” ဆင်ဖြူတော်ပုံနဲ့ တံဆိပ်ခေါင်းသစ် ထုတ်ခဲ့ပါတယ်။

    စစ်ဗိုလ်ချုပ်တွေက တန်ဖိုးထားသလောက် အများပြည်သူကြားမှာတော့ ဆင်ဖြူတော်တွေကို ဝေဖန်မှုတွေ ရှိကြပါတယ်။

    ရဋ္ဌနန္ဒက တစ်နှစ်ပြည့်မွေးနေ့မှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ

    ”ဒီလောက်မဲနေတာကို ဘာလို့ ဆင်ဖြူတော်လို့ ပြောနေတာလဲ မသိဘူး” လို့ နေပြည်တော်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကပြောပါတယ်။

    ဒါပေမဲ့ နိုင်ငံပိုင်သတင်းစာတွေကတော့ ရတနာဆင်ဖြူတော်တွေကို ကြန်အင်လက္ခဏာ ရှစ်ချက်နဲ့ တိုင်းတာတယ်လို့ ဖော်ပြကြပါတယ်။

    မျက်လုံးပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန် ကျောကုန်း၊ အဖြူကဲ့သို့ အမွေးရောင်၊ အမြီးမှာ တံခါးပိတ် လက်ဝါးပုံသဏ္ဍာန်၊ အရေပြားသြဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီ၊ နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ရှိရမယ်လို့ ဆိုပါတယ်။

    “ရဋ္ဌနန္ဒက” ဟာ ဆင်ဖြူတော် ကြန်အင်လက္ခဏာ ၇ ချက် အထိ ကိုက်ညီတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေက ဆိုပါတယ်။

    ဆင်တွေပေါများတဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာတာဝန်ကျတဲ့ စစ်တိုင်းမှူးတွေနဲ့ သစ်တောဝန်ထမ်းတွေဟာ ဆင်ဖြူသတင်းကို နားစွင့်ထားရတာ အစဉ်အလာလိုဖြစ်နေပြီ လို့ အဲဒီဒေသတွေမှာ တာဝန်ကျခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောပါတယ်။

    ”လူကြီးကတော့ ဆင်ဖြူရှာရမယ်လို့တော့ အမိန့်မထုတ်ထားဘူးပေါ့။ ဒါပေမဲ့လူကြီးအကြိုက်ကို သိကြတော့ ဆင်ဖြူသတင်းသဲ့သဲ့ကြားတာနဲ့ တောနင်းရှာရတာပဲ” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။

    ၂၀၂၄ ခုနှစ်က ဧရာဝတီတိုင်း၊ ပုသိမ်မှာ ရာဘာခင်းစောင့်တဲ့ အလုပ်သမားတွေ ညဘက်ရိုက်ကူးခဲ့တဲ့ ဆင်တစ်ကောင်ရဲ့ ဓာတ်ပုံ ထွက်ပေါ်လာပြီးတဲ့နောက် ဆင်ဖြူတော်ကို တောနင်းရှာခဲ့ကြပေမဲ့ မတွေ့ခဲ့ကြပါဘူး။

    ဆင်ဖြူပေါ်ရင် အုပ်စိုးသူတွေ ဘုန်းကြီးတယ် ဆိုတဲ့ ရှေးစကားရှိပေမဲ့ သမိုင်းရဲ့တခြားမျက်နှာစာတွေလည်း ရှိနေပါသေးတယ်။

    သီပေါမင်း လက်ထက် ၁၈၈၅ ဧပြီလမှာ တောင်ငူ ရန်အောင်မြင်တောက ဆက်တဲ့ ဇေယျဝဍ္ဎန ပစ္စယနာဂရာဇာဟာ ဘုရင်ခေတ်မှာ နောက်ဆုံး ရတဲ့ ဆင်ဖြူတော် ဖြစ်ပါတယ်။

    ဘုရင်ပါတော်မူပြီးနောက်ပိုင်း ရန်ကုန်ကိုပို့ခဲ့ပြီး ၁၉၁ဝ မှာ မုန်ယိုလို့ ပစ်သတ်ခဲ့ပါတယ်။

    လွတ်လပ်ရေးရပြီး ဦးနုခေတ် ၁၉၅၈ မှာ ကချင်ပြည်နယ် ကာမိုင်းက ဆင်ဖြူမတစီး ရခဲ့ပါတယ်။ မန္တလေးရုပ်ရှင်က ရိုက်တဲ့ ’ဤလူ့ဘောင်တွင်’ ဇာတ်ကားမှာ ထည့်သွင်း ရိုက်ကူးပြီးနိုင်ငံသိ ဆင်ဖြူ ဖြစ်ခဲ့ပါတယ်။

    ရန်ကုန်တိရစ္ဆာန်ရုံကို ခေါ်လာတော့ လမ်းတလျှောက်မြို့ရွာတွေမှာ သည်းသည်းလှုပ် အုံခဲကြည့်ခဲ့ကြသလို ထိုင်ကန်တော့ကြတဲ့ သက်ကြီးပိုင်းတွေတောင် ရှိပါတယ်။

    ရန်ကုန်တိရစ္ဆာန်ရုံထဲက သီပေါမင်း ဆင်ဖြူတော် စံသွားတဲ့ ဆင်အိမ်မှာတင် မျက်နှာကြက်ကို ပိတ်ဖြူအုပ်ပေးပြီး ဆင်ဖြူလေးကို ထားခဲ့ပါတယ်။

    အစောင့်အကြပ်နဲ့ ထားပေမယ့်လည်း တချို့က အလစ်မှာ ဆင်ဖြူကို မဖွယ်မရာတွေ ကျွေးကြပါတယ်။ ၁၉၆၃ မှာ သေဆုံးတဲ့အခါ ဗိုက်ခွဲစစ်ဆေး ကြည့်တော့ ရာဘာဖိနပ်တွေ တွေ့ရပါတယ်။

    ဗိုလ်ချုပ်ကြီးခင်ညွန့် အရာမကျခင်က ဆင်ဖြူသုံးစီး ပေါ်ခဲ့ဖူးပါတယ်။

    သီပေါမင်း၊ ဦးနု နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ရဲ့ ဖြစ်စဉ်တွေကိုကြည့်ပြီး ဆင်ဖြူပေါ်ပြီး နန်းကျသွားခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိတဲ့အကြောင်း သမိုင်းဆရာတချို့က ကောက်ချက်ချကြပါတယ်။

  • ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်

    ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်

    ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ် သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်အတွင်း ပုန်းအောင်းနေသော အသက် ၅၀ အရွယ် ဦးအောင်စိုးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နေအိမ်အတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသော အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ခန့်ပြာကျခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်အားလုံးကို မွှေနှောက်ရှာဖွေပြီး တန်ဖိုးကြီး ပစ္စည်းများကို ထော်လာဂျီများဖြင့် ခိုးယူလုယက်တင်ဆောင်သွားကြောင်း သိရသည်။

    “ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးနဲ့ ပျူခွေးတွေက အင်အား ၆၀ ခန့်နဲ့ နှမစားရစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီးတော့ လူသတ် မီးရှို့သွားတာပါ။ နေအိမ်ထဲက မထနိုင်တဲ့ လေဖြတ်နေတဲ့ အသက် ၉၀ နှစ်အရွယ် အဖွားနွဲ့ကြည်ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်။ စစ်ခွေးတွေ ဝင်လာတဲ့အချိန် နေအိမ်ထဲမှာ ပုန်းနေတဲ့ ကို အောင်စိုးကိုလည်း စစ်ခွေးတွေက ဖမ်းဆီး လည်လှီးသတ်ဖြတ်သွားတယ်။ ဦးခေါင်းလည်း ပွင့်ထွက်နေတယ်။ စစ်ခွေးတွေ မီးရှို့လို့ ကျေးရွာထဲက နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေက ပြည်သူ ပိုင် ပစ္စည်းတွေကို ထော်လာဂျီနဲ့ အကုန်တင်ပြီး ယူဆောင်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လတ်တလော စစ်ကောင်စီတပ်၏ စစ်ကြောင်းများက ရွှေဘိုမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ် ကြောင်း ထိုးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

  • ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

    ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

    AA က ဥပဒေမဲ့ လုပ်ရပ်များကို သေချာ မကိုင်တွယ်နိုင်လျှင် ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်

    အာရက္ခတပ်တော် ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ် မြေများတွင် ဓါးပြတိုက်မှု၊ လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုများ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။

    ရခိုင် လွတ်မြောက်နယ်မြေများတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဥပဒေမဲ့ လုပ်ရပ် ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိနေပြီး ကလေးသူငယ် ၂ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်နေသည်။

    ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က လက်ရှိအချိန်အထိ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိဘဲ တရားခံများမှာ လွတ်မြောက်နေကြောင်း ခံရသူ မိသားစုဝင်များက ပြောဆိုသည်။

    ယခု လတ်တလော ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့ လုပ်ရပ်မှာ ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ် ၁၂ နာရီက မြောက်ဦးမြို့ သျှစ်သောင်းဘုရားရင်ပြင်တွင် ဓါးပြတိုက်ပြီး ဂေါပက တစ်ဦးကို သတ်ဖြတ်သွားသည့် ဖြစ်စဉ်ဖြစ်သည်။

    သျှစ်သောင်းဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးမှာ ဘုရားရင်ပြင်၌ အလှူခံရှိနေစဉ် အမည်မသိ လူတစ်ဦးက ဓါးရှည် တစ်လက်ဖြင့် သတ်ဖြတ်သွားခြင်းဖြစ်သည်။

    “အမည်မသိ လူတစ်ဦးက ဓါးတစ်လက်နဲ့ ဘုရားအလှူငွေတွေကို ဓါးပြတိုက်တယ်။ ဓါးနဲ့ ခုတ်သတ်သွားလို့ သေဆုံးသွားပါတယ်။ ငွေတွေ ပါသွားလား မပါသွားဘူးလားတော့ သေချာ မသိရသေးပါ” ဟု ပြောသည်။

    သျှစ်သောင်းဘုရား ဂေါပကကို သတ်ဖြတ်သွားသည့် အမည်မသိရသေးသည့်သူမှာ မင်းပြားဒေသခံဖြစ်ပြီး မြောက်ဦးတွင် အိမ်ထောင်ကျနေသော အမျိုးသား လူလတ်ပိုင်းတစ်ဦးဖြစ်ကြောင်း စုံစမ်း သိရသည်။

    သျှစ်သောင်း ဘုရားအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်ကို အာရက္ခတပ်တော် AA က စုံစမ်းစစ်ဆေးနေပြီး တရားခံကို ရှာဖွေနေသော်လည်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ တရားခံကို ဖမ်းမိနိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရသည်။

    အဆိုပါနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နေ့လယ် ၁ နာရီတွင်လည်း မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာ ကားလမ်းမဘေးက မြတ်ရတနာရွှေဆိုင်ကို လူငယ်တစ်ဦးက ၆ လက်မလောက်ရှိသော ဓားဖြင့် ဓါးပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

    ရွှေဆိုင်ပိုင်ရှင်ကို ခြိမ်းခြောက်ကာ ရွှေများ လုယက် ဓါးပြတိုက်ခြင်းဖြစ်ပြီး ဓါးပြတိုက်သူမှာ ကျောက်တော်မြို့နယ်က ကျပန်း အလုပ်လုပ်ကိုင်နေသူ ကိုကျော်နိုင်ဆိုသူဖြစ်ပြီး ၎င်းကို ဖမ်းဆီး ရရှိခြင်း ရှိ မရှိကိုမူ မသိရသေးပေ။

    ယင်းဖြစ်စဉ်မှာ ရွှေများ မပါသွားသော်လည်း ပြန်လည်ခုခံခဲ့သည့် ရွှေဆိုင်ပိုင်ရှင်သား အသက် ၁၄ နှစ်အရွယ် မောင်မင်းဖြိုးဝေမှာ လက်တွင် ဒဏ်ရာရရှိသွားပြီး မစိုးရိမ်ဒဏ်ရာဖြင့် မင်းပြားတွင် ဆေကုသမှု ခံယူနေကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၇ နာရီခွဲခန့်မှာ မင်းပြားမြို့နယ် ရွှေတမာအုပ်စု မွတ်ဆလင်ကျေးရွာ လက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၅ နှစ်အရွယ် မောင်သိန်းနိုင် သတ်ဖြတ်ခံခဲ့ရပြီး တရားခံများကို ယနေ့အချိန်အထိ AA က ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

    အမည်မဖော်လိုသည့် အသက် ၃၄ နှစ်အရွယ်ရှိ မင်းပြား မြို့ခံတစ်ဦးက “ဘာရန်ငြိုးရန်စတွေ မရှိဘဲ လက်မရွာအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သွားတာပါ။ အုပ်ချုပ်ရေးမှူးအိမ်မှာပဲ ည ၇ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်သွားတယ်။ တရားခံတွေကို မဖမ်းမိသေးဘူး” ဟု ပြောသည်။

    မြောက်ဦး-ကျောက်တော် ကားလမ်းမ လင်းမြွေတောင် ခြေရင်းတွင်လည်း မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ ဓါးပြတိုက်ခိုက်မှု ယခုနှစ်အတွင်း အနည်းဆုံး ၃ ခုထက်မနည်း ဖြစ်ပွားသည့် ဖြစ်စဉ်များရှိကြောင်း ဒေသခံများက ပြောသည်။

    အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း အရွယ်ရှိ အနည်းဆုံး လူ ၅ ဦးပါသည့် မျက်နှာဖုံးစွပ် ဓါးပြအဖွဲ့မှာ တောများထူ ထပ်နေသော လင်းမြွေတောင် ခြေရင်းရှိ ကားလမ်းမတွင် သွားလာနေသော ခရီးသွား ပြည်သူများကို ဓါးပြတိုက်နေခြင်းဖြစ်သည်။

    အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက မျက်နှာဖုံးစွပ် လူ ၅ ဦးပါ ဓါးပြအဖွဲ့သည် မြောက်ဦးက ငွေထုတ်ပြီး ပြန်လာသော ကျောက်တော်ဒေသခံ တစ်ဦးကို ငွေလုယက် ဓါးပြတိုက်ခဲ့သည်။

    မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးမှာလည်း ဈေးရောင်းပြီးအပြန် လင်းမြွေတောင်ခြေရင်းတွင် ဖေဖော်ဝါရီလ ပထမ အပတ်က ဓါးပြတိုက်ခံခဲ့ရသည်။ အဆိုပါ ဓါးပြအဖွဲ့မှာ မည်သူမည်ဝါ ပါဝင်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    မြောက်ဦး-ကျောက်တော် ကားလမ်းမသည် ဒေသခံပြည်သူများ၏ သွားလာရေးအတွက် အလွန်အားထားရသည့် လမ်းမ တစ်ခုဖြစ်ပြီး ဓါးပြတိုက်ခံရသည့် သတင်းကြောင့် ဒေသခံပြည်သူများမှာ သွားလာရေးကို စိုးရိမ်လျှက်ရှိနေကြသည်။

    ကျောက်တော်- မြောက်ဦးကို မကြာခဏသွားလာ နေသူတစ်ဦးက “ကျွန်မတို့က သွားသာ သွားနေရတာ စိတ်ထဲ မလုံဘူးလို့ ခံစားရတယ်။ လမ်းမှာ တစ်ခုခု ဖြစ်မလား၊ တစ်ခုခုလုပ်တာ ခံရမလားဆို ပြီးတော့ကို တွေးပြီးတော့ စိုးရိမ်မိတယ်။ ဒီလမ်းတစ်လျှောက်မှာ လုံခြုံရေးတွေက မရှိဘူးလေ။ တစ်ခုခုဆိုရင် ကျွန်မတို့က ဘယ်သူ့ကို အားကိုးရမလဲ။ ဥပမာ စစ်ဆေးရေးဂိတ် ဘာညာတွေ၊ လုံခြုံရေးအဖွဲ့တွေ ရှိရင်တော့ ကောင်းတာပေါ့။ အခုဘာမှ မရှိတော့ လုပ်တဲ့ လူက လုပ်ရဲ့တာပေါ့နော်” ဟုပြောသည်။

    ကျောက်တော်-ပလက်ဝ ကုလားတန်မြစ် ရေကြောင်းလမ်းတွင်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ပလက်ဝမြို့နယ် မောင်နှမကျေးရွာဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းများ ဓါးပြတိုက်ခံရပြီးနောက် တစ်ပြိုင်တည်း သတ်ဖြတ်ခံခဲ့ရသည်။

    ၎င်းတို့ ၃ ဦး၏ ရုပ်အလောင်းများကို စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ကျောက်တော်-ပလက်ဝ ရေကြောင်းအစပ်ရှိ မွန်ထောင့်ကျေးရွာနှင့် တန့်ဆိပ်ကျေးရွာအနီးက မြစ်ကမ်းစပ်မှာ တွေ့ရှိခဲ့ကြသည်။

    သတ်ဖြတ်ခံရသူများမှာ မိသားစုဝင်များဖြစ်ပြီး ဖခင်ဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်နှင့် မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပိစိထွန်းတို့ ဖြစ်သည်။

    ၎င်းတို့ ၃ ဦးမှာ အိန္ဒိယက ကုန်ပစ္စည်းများသယ်ယူပြီး ပလက်ဝမြို့ကတစ်ဆင့် ကျောက်တော်မြို့သို့ ကုန်ပစ္စည်း အပြည့်ဖြင့် ရေကြောင်းက စက်လှေတစ်စီးနှင့် လာရောက်စဉ် လမ်းမှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဆန်းအောင်၏ ဇနီးဖြစ်သူမှာ ပလက်ဝမြို့နယ် နှမဒါကျေးရွာရှိ ULA/AA အုပ်ချုပ်ရေးရုံးမှာ တိုင်းကြားထားသော်လည်း တရားခံများအား ယနေ့အချိန်အထိ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

    မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ အဲအမှုနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာပေါ့နော် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း၊ အရေးယူနိုင်ခြင်းမရှိသေးပါ” ဟု ပြောသည်။

    မောင်တောမြို့နယ် လေးမိုင်ရှိ အမှတ် ၂ နယ်ခြားစောင့်တပ် တပ်ရင်းရှေ့အနီးတွင်လည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က အသက် ၁၀ နှစ်အရွယ် ကလေးငယ် မောင်ဘုန်းမြတ်အောင်မှာ သတ်ဖြတ်ခံခဲ့ရသည်။

    မောင်ဘုန်းမြတ်အောင်သည် လေးမိုင်ကျေးရွာနေ ဦးအောင်စိုးလွင်နှင့် ဒေါ်စန္ဒာဝင်း၏ သားဖြစ်ကြောင်း သိရပြီး ရုပ်အလောင်းကို စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင် တွေ့ရှိခဲ့ရသည်။

    ၎င်းတို့နေအိမ်နှင့် ၅ အိမ်ခန့်အကွာရှိ နေအိမ်ထဲတွင် ဘောင်းဘီမပါဘဲ ဒဏ်ရာများစွာဖြင့် သေဆုံးလျှက် တွေ့ခဲ့ရသည်ဟု မိဘများက ပြောဆိုထားပြီး ကလေးငယ်အား သတ်ဖြတ်ခဲ့သူမှာ အာရက္ခတပ်တော် AA ၏ တပ်ဖွဲ့ဝင် မိုင်းဆရာ တစ်ဦးဖြစ်ကြောင်းလည်း မိဘများက ပြောဆိုထားကြသည်။

    ကျူးလွန်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စုံစမ်းဖော်ထုတ်အရေးယူပေးရန် မိဘ အပါအဝင် မိသားစုဝင်များ၊ ကျေးရွာသားများနှင့် မောင်တောပြည်သူလူထုက တောင်းဆိုနေကြသည်။

    AA ၏ အုပ်ချုပ်ရေးယန္တရားကို စောင့်ကြည့်နေသူတစ်ဦးက “အုပ်ချုပ်ရေးမှူးကအစ မိသားစု သုံးလောင်းပြိုင်အထိ အသတ်ခံလာရတယ်။ ပြီးတော့ ဘုရားဂေါပက လူကြီးအထိ သတ်လာတယ်။ ဒီလို ဖြစ်တာက အုပ်ချုပ်ရေးပိုင် အားနည်းလာလို့ ဖြစ်သလို တစ်ဖက်မှာ လူတွေ ငတ်မွတ်လာတဲ့ အခါမှာ ရွေးချယ်စရာမရှိတော့ဘဲ လုပ်ရဲလာကြတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ULA/AA ရဲ့ ရဲတပ်ဖွဲ့က ဒီလို ရာဇဝတ်မှုတွေကို မြို့နယ်အလိုက် စနစ်တကျ ကိုင်တွယ်ဖို့ လိုလာတယ်။ ဒါကို ကြည့်ရင် တရားဥပဒေ စိုးမိုးမှု အားနည်းလာတယ်ဆိုတာကို ပြသာလာတယ်။ ဒါကို ULA/AA အစိုးရ က သေချာ မကိုင်တွယ်ဘူးဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုပြီး ကျလာဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။

    အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်းက သိမ်းပိုက်ထားသော မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးနှင့် လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း လက်တွေ့ တွင် အကောင်အထည် မဖော်နိုင်သေးမှုအပေါ် ပြည်သူများက ဝေဖန်ဆိုပြောနေသည်။

    အရက်ဖက် အဖွဲ့အစည်းနှင့် NGO တွင် လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် လူငယ်တစ်ဦးက “ULA/AA က ဒီကိစ္စကို အရေးတယူဆောင်ရွက်ဖို့လိုနေပါတယ်။ မဟုတ်ဘူးဆိုရင် ဒီထက် ဆိုးရွားလာတဲ့ အခြေအနေတွေ ဖြစ်လာမယ်။ ရာဇဝတ်မှုတွေ ဒီထက် ဆိုးရွားလာမှာဖြစ်တယ်။ ကျနော်လည်း ULA/ AA ကို ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ်တွေမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ပြီး လုပ်ကိုင်နေပါတယ်။ အောက်ခြေမှာ တကယ်ဖြစ်နေတာတွေကို အထက်က လူကြီးတွေက သိ မနေပါဘူး။ တစ်ချို့ လူကြီးတွေက မသိဟန်ဆောင်နေတာလည်း ရှိနေပါတယ်။ ဒါတွေကို သိစေချင်ပါတယ်။ ကျွန်တော်ကတော့ ပြောင်းလဲမှုတွေကို ပိုပြီးတော့ လုပ်စေချင်ပါတယ်”ဟုပြောသည်။

    တစ်ဖက်တွင် စစ်ရေးကို ဦးစားပေးနေ၍ သိမ်းပိုက်ထားသော မြို့နယ်များတွင် အုပ်ချုပ်ရေး လိုအပ်ချက်များရှိနေသေးပြီး ဥပဒေမဲ့ လုပ်ရပ်များကို မြန်မြန်ဆန်ဆန် စုံစမ်းဖော်ထုတ်ကာ တရား ဥပဒေစိုးမိုးရေးကိုလည်း ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း ထောက်ပြသူများက ပြောဆိုထားကြသည်။

  • ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

    ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

    ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ အိမ်စီးကားများဖြင့် ပြန်လာသည့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါသောကားတန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အိမ်စီးကား ၅ စီးဖြင့် ပြန် လာသည့် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးနှင့်အဖွဲ့ကို ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တတိ ယ မြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “တိုင်းမှူးဒဏ်ရာရတယ်လို့ မကြားမိဘူး။ တိုင်းမှူးက ဒုတိယမြောက်ကားမှာပါသွားတာဆိုတော့။ ထိတာက တတိယမြောက်ကားကို တည့်တည့် ထိမှန်အောင် ဆွဲနိုင်ခဲ့တာ။ ကားကိုထိပြီးတော့ ကျ နော်တို့ဘက်က ချုံခိုတိုက်ခိုက်မှာတွေ စိုးရိမ်တဲ့အတွက် စွမ်းရည်ဆီဆိုင်အထိမောင်းသွားတာ၊ အဲဒီ မှာတော့ ရပ်တယ်။ နောက် ဆက်တွဲသတင်းအနေနဲ့ကတော့ စစ်ကောင်စီတပ်သား ၃ ဦးအပြင်း အထန် ဒဏ်ရာရတယ်လို့ပဲ သတင်းရရှိထားတယ်။ စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်ဘက် ကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတာမျိုးတော့ရှိတယ်” ဟု Royal Tiger Force ပြောက်ကျား တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ နှင့် Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း MNDAA က လားရှိုးနှင့်အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို သိမ်း ပိုက်စဉ် စစ်သုံ့ပန်းအဖြစ် စကခ ၁ မှူး ရာထူးဖြင့် ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်သည်။

    ဓာတ်ပုံ- တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်။