ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ် သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထိုသို့ ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်အတွင်း ပုန်းအောင်းနေသော အသက် ၅၀ အရွယ် ဦးအောင်စိုးကို စစ်ကောင်စီ တပ်သားများက ဖမ်းဆီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် နေအိမ်အတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသော အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ခန့်ပြာကျခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်အားလုံးကို မွှေနှောက်ရှာဖွေပြီး တန်ဖိုးကြီး ပစ္စည်းများကို ထော်လာဂျီများဖြင့် ခိုးယူလုယက်တင်ဆောင်သွားကြောင်း သိရသည်။
“ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးနဲ့ ပျူခွေးတွေက အင်အား ၆၀ ခန့်နဲ့ နှမစားရစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီးတော့ လူသတ် မီးရှို့သွားတာပါ။ နေအိမ်ထဲက မထနိုင်တဲ့ လေဖြတ်နေတဲ့ အသက် ၉၀ နှစ်အရွယ် အဖွားနွဲ့ကြည်ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်။ စစ်ခွေးတွေ ဝင်လာတဲ့အချိန် နေအိမ်ထဲမှာ ပုန်းနေတဲ့ ကို အောင်စိုးကိုလည်း စစ်ခွေးတွေက ဖမ်းဆီး လည်လှီးသတ်ဖြတ်သွားတယ်။ ဦးခေါင်းလည်း ပွင့်ထွက်နေတယ်။ စစ်ခွေးတွေ မီးရှို့လို့ ကျေးရွာထဲက နေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေက ပြည်သူ ပိုင် ပစ္စည်းတွေကို ထော်လာဂျီနဲ့ အကုန်တင်ပြီး ယူဆောင်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်၏ စစ်ကြောင်းများက ရွှေဘိုမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ် ကြောင်း ထိုးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။


Leave a Reply