Category: News

  • ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်

    မြောင်းမြတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ရာ၌ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတတ်သော အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ဆိုင်ကယ်ဖြင့် ထောင့်ကြီး-မြောင်းမြ လမ်းအတိုင်း သွားလာနေစဉ် အမည်မသိ လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ကျေးရွာအတွင်း လစဉ် စစ်မှုထမ်းကြေး တစ်အိမ်လျှင် ငွေကျပ် ၈ သောင်း ကောက်ခံနေသူဖြစ်ပြီး စစ်မှုထမ်းကြေးများကိုလည်း ၎င်းနေအိမ်တွင် သွားရောက် ပေးပို့ရကြောင်း၊ စားအုန်းဆီ ထုတ်ပေးရာတွင်လည်း အုပ်ချုပ်ရေးမှူး မိန်းမဖြစ်သူ ငန်းဌေးက အပြည့်အဝ မပေးဘဲ ပြည်သူများကို ဖိနှိပ်နေခြင်းကြောင်း၊ ၎င်းနေအိမ်တွင် စစ်မှုထမ်း အရွယ် သားမက်နှင့် သား ဖြစ်သူရှိသော်လည်း စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရသည်။

    “စစ်မှုထမ်းကိစ္စနဲ့ ပိုက်ဆံ ကောက်ရာမှာ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတတ်တဲ့ အုပ်ကြီး ဝင်းဦး ဆိုင်ကယ်နဲ့ သွား‌နေတုန်း ထောင့်ကြီး-မြောင်းမြသွား လမ်းပိုင်း တစ်နေရာမှာ လူတစ်စုက ညနေပိုင်း အချိန် အဝတ်တွေအုပ်၍ ရိုက်နှက်ကျတာ အဲရိုက်နှက်မှု ဖြစ်ပွားအပြီး နောက်ရက်မှာ အရက်ရောင်းတဲ့ အုပ်ကြီးဝင်းဦးရဲ့ အိမ်ကို လာရောက် အရက်ဝယ်တဲ့ လူငယ်လေး ၁ ဦးကိုလည်း သူ့ကို ရိုက်နှက်တဲ့သူလို့ စွပ်စွဲပြီး သူ့သား၊ သားမက်နဲ့ မိန်းမတို့က ဝိုင်းဝန်း ထိုးကျိတ်ခဲ့သေးတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် မြောင်းမြမြို့နယ်တွင် အတင်း အဓမ္မ စစ်မှုကြေး ကောက်ခံရာ၌ ပါဝင်နေသည့် ရန်မနိုင်တိုက်နယ် ရဲစခန်းမှ နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ကျွန်းထိပ်ကျေးရွာမှ ထွေ/အုပ် စာရေး သန်းနိုင်တို့သည် ဆိုင်ကယ်ဖြင့် ထင်းပုံစုကျေးရွာမှ ချောင်းဗြဲကြီးကျေးရွာကို ပြန်လာစဉ် လမ်းတစ်နေရာ၌ လူတစ်စုက ထပ်မံ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဝိုင်းဝန်း ရိုက်နှက်မှုအတွင်း နယ်ထိန်းရဲ ရဲကိုနှင့် ယောက်ဖဖြစ်သူ ထွေ/အုပ် စာရေး သန်းနိုင်တို့၏ မျက်နှာနှင့် ခေါင်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်ထား၍ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “ရန်မနိုင်တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ရဲကိုနဲ့ ယောက်ဖ တော်စပ်သူ ကျွန်းထိပ်ကျေးရွာ ထွေ/အုပ် စာရေး သန်းနိုင်တို့ ၂ ဦး ဆိုင်ကယ်နဲ့ ထင်းပုံစုကျေးရွာကနေ ချောင်းဗြဲကြီး ကျေးရွာဘက်ကို ပြန်လာနေတုန်း လမ်းတစ်နေရာမှာ လူငယ်တစ်စုက ဝိုင်းဝန်း ရိုက်နှက်လို့ မျက်နှာနဲ့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်ထား ထွက်ပြေသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    မြောင်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ရဲများအနေဖြင့် နေအိမ်မှ အပြင်သို့ ထွက်ခွာရာတွင် တစ်ဦးတည်းသွားခြင်းမပြုလုပ်ရန်နှင့် အုပ်စုဖွဲ့ သွားလာမှုများ လုပ်ဆောင်ကြရန် အကြမ်ဖက် စစ်တပ်ကလည်း ညွှန်ကြားထားကြောင်း သိရသည်။

    ဓာတ်ပုံ- မြောင်းမြမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး

    စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းရန်နှင့် ပြဿနာများ မဖြစ်ပွား စေရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြောဆိုလိုက်သည်။

    ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ၎င်းက လိုင်ဇာTV မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။

    “လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အချင်းချင်း ကူညီထောက်ပံ့ကြဖို့ လိုအပ်ရုံ သာမက အချင်းချင်းကြား ပြဿနာတွေ မပေါ်ပေါက်အောင် သတိနဲ့ဆောင်ရွက်ကြပါစို့။
    နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးအဖြေရှာဆုံးဖြတ်ရမယ့် ကိစ္စတွေကို အချိန်မတိုင်မီ ဦးစားပေးဖြေရှင်းတာမျိုး မလုပ်ကြပါစို့။ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြု စည်းဘောင်ထားရှိပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။

    လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေလု အငြင်းပွားမှုများ အဖြစ်များနေပြီး လူအင်အား၊ စစ်လက်နက်အင်အား ဖြင့် နယ်မြေချဲ့ ထွင်အုပ်စိုးနိုင်ခြင်းမဟုတ်ကြောင်း၊ ဒေသပြည်သူများ၏ ထောက်ခံမှု ပါဝင်ရမည်ဆိုသည်ကို နားလည်သိရှိကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအနေဖြင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်တွင် အဖြေရှာခြင်း မပြုဘဲ ဆုပ်ကိုင်ထားသည့်အာဏာကို နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အသုံးပြုရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

    ထို့ပြင် ပြည်တွင်းနိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည်သူလူထုဘက်မှ ရပ်တည်ပြီး ပြည်သူ့အကျိုးစီးပွားကို ထမ်းဆောင်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်စေရန် ခိုင်မာသည့် ခံယူချက်ဖြင့် ရပ်တည်စေလိုကြောင်း၊ စစ်ကောင်စီနှင့်အတူ ကျဆုံးသွားသည့် ပါတီများ မဖြစ်စေလိုကြောင်း ၎င်းက အကြံပြုသည်။

    ကချင် လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးကောင်စီ (Kachin Independence Council – KIC) ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ကို ၁၉၆၁ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

    ကိုးကား-Kachinwaves

    မတူပီမြို့နယ်တွင် ချင်းတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

    ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရွာမန်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ် (MDF) ၏ ဒရုန်း နှင့် လက်နက်ကြီးကျည်တို့ဖြင့် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

    ရွာမန်းကျေးရွာရှိ ချင်းကာကွယ်ရေးတပ်(လောက်တူ) တပ်စခန်းကို MDF မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ မဟာမိတ်အဖွဲ့နှင့်အတူ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    အဆိုပါ တိုက်ပွဲတွင်း MDF ၏ ဒရုန်းနှင့် လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်သည်။

    “စစ်ရေးပစ်မှတ်မဟုတ်ပဲ အရပ်သားတွေနေထိုင်တဲ့ ရွာမန်းရွာကို MDF တွေက ဒရုန်းနဲ့ လက်နက်ကြီးကျည်ပါ အကြိမ်ရေ ၂၀ထက်မနည်း တိုက်ခိုက်ခဲ့တယ်။ ရွာက ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေ ပျက်စီးသွားတယ်” ဟု ရွာမန်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

    CDF-Lautu တပ်စခန်းရှိသည့်နေရာများတွင် MDF ၏ ထိုးစစ်ဆင်သည့်အတွက် နှစ်ဖက်အပြန်အလှန်ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရကြောင့် သိရှိရသည်။

    ယခုအခါ အဆိုပါ စစ်ဘေးရှောင်များသည် အရေးပေါ်စားနပ်ရိက္ခာများနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်နေကြောင်းလည်း သိရသည်။

    “လောလောဆယ် ပြည်သူတွေအချင်းချင်းကပဲ ကူထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့စားသောက်နေရပါတယ်။ အခုတကယ်လိုအပ်နေတာက နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ စားနပ်ရိက္ခာတွေက အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ရွာမန်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။

    ရွာမန်းကျေးရွာကို ဒရုန်းနှင့် လက်နက်ကြီးကျည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြောင်းစုံ သိရှိရန် MDF တာဝန်ရှိသူထံ ဆက်သွယ်သော်လည်း ဖြေကြားခဲ့ခြင်းမရှိပါ။

    CDF-Lautu အနေဖြင့် MDF ၏ အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်မှုကို တက်သနိုင်သ၍ ပစ်ခတ်မှုမရှိအောင် ရှောင်သော်လည်း နောက်ဆုံးတွင် လုံးဝ ရှောင်လွဲ၍မရတော့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    “ကျတော်တို့ကတော့ ချင်းအချင်းချင်း လက်နက်နဲ့ ဖြေရှင်းတာကို လုံးဝလိုလားခြင်း မရှိပါဘူး။ ညီကိုတွေကြားမှာဖြစ်တဲ့ ပြသနာကို သူစိမ်းတွေ ခေါ်ပြီး ဖြေရှင်းတာက လုံးဝမဖြစ်သင့်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဘက်ကနေ တက်နိုင်သမျှ ထိတွေ့ တိုက်ပွဲ မဖြစ်တဲ့နည်းနဲ့ ခုချိန်ထိ သွားနေပါတယ်” ဟု CDF-Lautu ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး Salai Pa Bi က ပြောသည်။

    MDF ၏ ယခုကဲ့သို့ လုပ်ရပ်များ အားလုံးကို ရှုံ့ချပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သည့်နေရာများတွင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လုံးဝ မဖြစ်သင့်သည့် ကိစ္စဖြစ်သည့်အတွက် ရပ်တန့်ရန် CDF-Lautu က တိုက်တွန်းထားသည်။

  • သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ထပ်မံသိမ်း ပိုကိနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    “ကျားခေါင်းက ဒေသအခေါ်ချောင်းဖျားလို့လည်းခေါ် ကြတယ်။ အဲဒီကနေ ငါးသိုင်းချောင်း ရေကြည် ဘက်ကို တက်လို့ရတယ်။ ဘောမိကနေ အဲဒီမှာဆက်ပြီးတိုက်ပွဲဖြစ်နေတာ။ ခုအဲဒီစခန်းကျ သွားပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သည်အများအပြား ထိခိုက် သေဆုံးမှု များပြီး ဒဏ်ရာရရှိသူများကို ပုသိမ် ဆေးတပ်ရင်း ၄ သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေ့ကျင့်ရေး တပ်သားများနှင့် ထုတ်နုတ်အင်အားများကို ပို့ ဆောင်နေသော်လည်း ထွက်ပြေးသူများပြားကာ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူများကိုသာ ဖောကားများဖြင့် ပြန်လည်သယ်ဆောင်လာသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။

    ထို့အပြင် ဖေဖော်ဝါရီ ၃ ရက်နေ့က ကျုံပျော်မြို့ရှိ ခလရ ၃၆ တပ်ရင်းမှ ကင်းထောက်ခြင်းနှင့်ဗုံးကြဲခြင်း များပြုလုပ်နေသည့် စက်တပ်လေထီးများကိုစေလွှတ်ရာ ခြောက်စီးအနက် ငါးစီးသာပြန်လည်ရောက်ရှိ လာကြောင်းနှင့် ယင်းစက်တပ်လေထီးများမှာ ညအချိန်များတွင်ပင် ပျံသန်း၍ ကင်းထောက်နေကြောင်း သိရသည်။

    AA နှင့်ပူးပေါင်းတပ်တို့သည် ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ နှင့် ပွိုင့် ၃၆၉ စခန်းတို့ကို သိမ်းပိုက်ပြီးနောက် သားပေါင်းမြို့နယ်ထဲရှိ ကျားခေါင်းရွာစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ယင်းကျားခေါင်းရွာစခန်းတိုက်ပွဲမှာ ပြီးခဲ့သည့် ဇန်နဝါရီနောက်ဆုံးပတ်ကတည်းက တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် ရိက္ခာနှင့်တပ်အင်အားများ ပို့ဆောင်စဉ် AA ၏စနိုက်ဘာပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က သေဆုံးခဲ့သည်။

    ဓာတ်ပုံ-AA

    ပုံစာ-ရခိုင်နှင့်ဧရာ၀တီ အစပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ

  • စစ်သားသစ်စုဆောင်းမှုနောက်ကွယ်မှ ပြန်ပေးဂိုဏ်းများ

    မြို့ပေါ်မှလူမိုက်ဂိုဏ်းများသည် လူငယ်တို့ကိုပြန်ပေးဆွဲပြီးနောက် မိသားစုဝင်များထံ ငွေညှစ်ကြသည်။ ငွေပေးနိုင်သူများပြန်လွတ်သော်လည်း မပေးနိုင်သူများကို စစ်တပ်ထံတပ်သားသစ်အဖြစ်အပ်နှံခဲ့သည်။

    ဇန်နဝါရီလလယ် နံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့စွန် ရွှေပေါက်ကံမြို့သစ်အဝင်လမ်းပေါ်ရှိ မော်ကျွန်းကျောင်းမှ သံဃာတော်များ တန်းဆွမ်းခံထွက်လာရာ ဘုန်းကြီးကျောင်းသားနှစ်ယောက် ‘ဘွန္တော’ အော်၊ ကြေးစည်ထုရင်း ရှေ့မှ ကြိုထွက်သွားကြသည်။

    တန်းဆွမ်းခံထွက်လာသည့်သံဃာများ မိနစ်ပိုင်းအတွင်း ရောက်လာတော့မည့်ဖြစ်ကြောင်း ထိုသို့ အချက်ပြရသည့် အသက် ၁၇ နှစ်ဝန်းကျင် လူငယ်နှစ်ဦးမှာ ရွှေပေါက်ကံ စက်မှုဇုန်ထဲ အရောက်တွင် ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။

    ထိုသို့ ပျောက်ဆုံးကြောင်း သံဃာများ သတိထားမိပြီး မိနစ်ပိုင်းအကြာတွင် သူတို့ကိုင်ဆောင်ခဲ့သည့် ကြေးစည်နှင့် ကြေးစည်ရိုက်တံကို ရွှေပေါက်ကံစက်မှုဇုန်နှင့်ကပ်လျက် ဇေကမ္ဘာစက်မှုဇုန်ဟု ခေါ်ကြသည့်နေရာအနီး ကင်းတဲတစ်ခုတွင် တွေ့လိုက်ရသည်။

    အမျိုးသားတချို့က လူငယ်နှစ်ဦးကို ကားပေါ်တင်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံတချို့က မြင်လိုက်ရသည်ဟု အဆိုပါအခြေအနေကိုသိသည့် ရွှေပေါက်ကံမြို့ခံတစ်ဦးက ပြောသည်။

    “ကင်းတဲပေါ်မှာ ကြေးစည်ရယ်၊ ကြေးစည်ရိုက်တဲ့ဟာတွေရယ်၊ ကြေးစည်ထမ်းတဲ့ဟာတွေရယ် တွေ့တော့မှ အဲ့ဒီနားမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်ကြတာပေါ့ဗျာ။ အဲ့ဒါနဲ့လိုက်ပြီးတော့ စုံစမ်းတော့မှ ပေါ်တာဆွဲခံရတယ်လို့ သိရတာ” ဟု ၎င်းက ဆိုသည်။

    ဘုန်းတော်ကြီးကျောင်းတာဝန်ရှိသူတို့က ရဲစခန်း၊ ထိုမြို့နယ်အတွင်းတပ်စွဲထားသည့် စစ်သားများ အပါအဝင် ဆိုင်ရာပိုင်ရာများထံ ချဉ်းကပ်မေးမြန်းရာ စစ်တပ်လက်ထဲသို့ ထိုနှစ်ဦး ရောက်မလာသေးဟု ပြောဆိုကြောင်း ထိုအဖြစ်အပျက်ကိုသိသူက ပြောပြသည်။

    နောက်ဆုံးတွင် ရွှေပေါက်ကံအနီးရှိ လူမိုက်ဂိုဏ်းတစ်ခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဖြေထွက်သည်၊ စစ်တပ်၏ ကြားဝင်စေ့စပ်မှုဖြင့် ထိုလူငယ်နှစ်ဦး နေ့တွင်းချင်း ပြန်လွတ်လာခဲ့သည်ဟု ၎င်းကဆိုသည်။

    အထက်ပါအဖြစ်အပျက်က မြန်မာနိုင်ငံတွင်းဖြစ်ပျက်နေသည့် စစ်တပ်နှင့်လူမိုက်ဂိုဏ်းများပေါင်းကာ ပြည်သူ့စစ်မှုထမ်းဥပဒေအောက် လူပြန်ပေးဆွဲမှုနှင့် တပ်သားသစ်စုဆောင်းမှုများထဲမှ တစ်ခုဖြစ်သည်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့သည့်စစ်တပ်သည် မြန်မာ့သမိုင်းတလျှောက် အပြင်းထန်ဆုံးလက်နက်ကိုင်ခုခံမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုနှင့် မြို့ပေါင်း ၉၀ ကျော် လက်လွှတ်ဆုံးရှုံးထားရသည်။

    သမိုင်းဝင်အရှုံးများနှင့်အတူ လျော့ပါးချိနဲ့နေသည့် စစ်တပ်တွင် လက်နက်ကိုင်အင်အား ဖြည့်ဆည်းရန်အတွက် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီတွင် အရပ်သားများ စစ်ထဲမဝင်မနေရစနစ် ကျင့်သုံးမည့် စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

    ထိုအချိန်မှစပြီး တစ်နှစ်နီးပါးအတွင်း တပ်သားသစ်များကို နည်းမျိုးစုံ စုဆောင်းကာ စစ်သင်တန်း ၉ကြိမ်ဖွင့်ခဲ့သည်။ ၁ကြိမ်လျှင် လူသစ် ၅၀၀၀ ခေါ်မည်ဟု ကြေညာထားသဖြင့် အရပ်သား ၄၅,၀၀၀ စစ်တပ်ထဲရောက်သွားခဲ့သည်ဟု နားလည်ရသည်။

    အချိန်ကြာလာသည်နှင့်အမျှ တပ်သားသစ်ရရန် ခက်ခဲလာသည့် စစ်ကောင်စီသည် မြို့ပေါ်ရပ်ကွက်များတွင် ကျက်စားသည့်လူမိုက်ဂိုဏ်းများကို ပြည်သူ့စစ် အမည်တပ်ကာ အရွယ်ကောင်းအမျိုးသားများကိုဖမ်းဆီးပြီး စစ်တပ်ထံလက်လွှဲပေးသည့်နည်းလမ်းကို အသုံးပြုနေသည်ဟု ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများထံက စုံစမ်းသိရသည်။

    အထိ တက်တူးတွေနဲ့ဆိုတော့ ပုံစံက သိသာပါတယ်” ဟု သူက ပြောပြသည်။

    “ကျွန်မတို့နဲ့ အချိတ်အဆက်ရတဲ့ တစ်ယောက်ဆို လူမိုက်တွေက ဖမ်းသွားပြီး စစ်တပ်ဆီ ရောင်းစားခံလိုက်ရတာ။ မိဘတွေက တငိုငိုတရီရီနဲ့”

    ၂၀၂၄ ဒီဇင်ဘာ ၁ ရက်နေ့မှ ယခု ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၄၅ ရက်တာအတွင်း မန္တလေးခရိုင် ၊ ခုနှစ်မြို့နယ်၌ လူ ၅၀၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရသည်ဟု ၎င်းတို့ကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ မန္တလေးသပိတ်အင်အားစုထံက သိရသည်။

    စစ်ကောင်စီကမူ စစ်သားသစ်များရရှိရန် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆင့်ခေါ်ဆောင်ရွက်လျက်ရှိသည်ဟု ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် သတင်းတစ်ပုဒ် ထုတ်ပြန်ထားသည်။

    “သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားရှိ၍ ထုတ်ပြန်ထား သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ရွေးချယ်ဆောင်ရွက်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

    စစ်ကောင်စီနှင့် အပေါင်းအပါ လူမိုက်တို့၏ လုပ်ရပ်သည် ရာဇဝတ်မှုဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

    “သူတို့လုပ်ရပ်တွေက လုံးဝကို လူကုန်ကူးမှု မြောက်နေတယ်။ အရွယ်ရောက် အကျုံးဝင်တဲ့ သူတွေကို စာရင်းပြုစုပြီး လုပ်ထုံးလုပ်နည်းရှိပေမဲ့ အခုက သူတို့က လမ်းပေါ်မှာရှိတဲ့သူတွေ၊ သွားလာနေတဲ့ သူတွေကို စစ်မှုထမ်းဥပဒေအကြောင်းပြ ဖမ်းဆီးပြီး စစ်တပ်ထဲကိုပို့နေတာ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

    “လူကုန်ကူးတယ်ဆိုတာ လူတွေကို လှည့်စားတာ၊ သွေးဆောင်ဖြားယောင်းတာ၊ ဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေတာ။ ဒါဟာ လုံးဝ လူကုန်ကူးမှုပါပဲ”

    ယင်းလုပ်ရပ်များသည် လူကို ကျွန်ပြုခြင်းဖြစ်သည်ဟု ထင်ရှားသည့်အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO ထံသို့ တင်သွင်းထားပြီး အာဏာသိမ်းစစ်တပ်ကို ထိထိရောက်ရောက် အရေးယူနိုင်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

    စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမှုပေါင်း ၁၁၆၀ နှင့် ဖမ်းဆီးခံရသူပေါင်း ၂၂၇၆၅ ဦးရှိခဲ့ပြီဖြစ်ကြောင်း NUG က ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    လူငယ်များ နေရာမရွေး၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်သည်ဟု ဒလမြို့နယ်ဘက်မှ ရန်ကုန်ဘက်သို့ နေ့စဉ် အလုပ်သွား / အလုပ်ပြန် လုပ်နေရသည့် ကုမ္ပဏီဝန်ထမ်း လူငယ်တဦးက ပြောသည်။

    “အခုဆို နေရာတိုင်းမှာ လူတွေကို ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းတွေက အမြဲကြားလာရတော့ လမ်းသွားရင်တောင် ဝန်ထမ်းကတ်ကိုဆွဲပြီး လမ်းလျှောက်နေရတယ်” ဟု သူက ဆိုသည်။ “ညနေ ၆ နာရီကျော်ရင် စိုးရိမ်လာပြီ။ ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်မှန်းမသိလို့ အဖော်နဲ့ပဲ အိမ်ပြန်နေရတယ်” ဟု ထိုလူငယ်က ပြောလိုက်သည်။

  • မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန်ခိုင်းစေပါက အလုပ်ထွက်မည်ဟု ထိုင်းဆရာဝန် ခြိမ်းခြောက်

    မြန်မာဒုက္ခသည်များကို ဆေးကုသပေးရန်ခိုင်းစေပါက အလုပ်ထွက်မည်ဟု ထိုင်းဆရာဝန် ခြိမ်းခြောက်

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဆေးရုံကြီးက အထူးကုဆရာဝန် အမျိုးသမီးတယောက်က သူ့ကို မြန်မာဒုက္ခသည်တွေအတွက် ဆေးကုသမှုပေးဖို့ အတင်းအကျပ် ဖိအားပေးခိုင်းစေပါက အလုပ်ထွက်စာတင်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့အကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီ ၄ ရက်က ဖော်ပြပါတယ်။

    ကူးစက်ရောဂါအထူးကုဆရာဝန် ဒေါက်တာ နတ်တာဂန် ချူအင်ချွန်မ်က သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ဒီအကြောင်းတွေကို ရေးသားမျှဝေထားခဲ့တာ ဖြစ်ပြီး ဆရာဝန်အရေအတွက် မလုံလောက်တဲ့ ဆေးရုံမှာ ပြည်တွင်းက ထိုင်းနိုင်ငံသား လူနာတွေ စောင့်ဆိုင်းနေရချိန်မှာ မြန်မာဒုက္ခသည်တွေကို ဆေးဝါးကုသမှုပေးဖို့ လွှဲ ပြောင်းတာဝန်ပေးတာက မျှတမှုမရှိဘူးလို့ ပြောလိုက်တာပါ။

    ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် သောင်းနဲ့ချီ ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေး စင်တာတွေကို ပိတ်ဖို့ အမိန့်ထုတ်လိုက်ပြီးနောက် ဒေါက်တာနတ်တာဂန်ကို တီဘီရောဂါနဲ့ အိပ်ချ်အိုင်ဗွီ ကူးစက်ခံရသူတွေကို ကုသပေးဖို့ ဒုက္ခသည်စခန်းကို သွားရောက်ဖို့ တာပေးပေးထားတာလို့ သူ့ရဲ့ ပို့စ်မှာ ဖော်ပြပါတယ်။

    အမေရိကန်ရွေးကောက်ပွဲအပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ပြီးနောက်မှာတော့ အဆိုပါ ရန်ပုံငွေတွေနဲ့ လည်ပတ်နေတဲ့ ဆေးခန်းတွေကို ဇန်နဝါရီလကုန်မှာ ပိတ်လိုက်ဖို့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီနောက်အကျိုးဆက်က တာ့ခ်ခရိုင်ပြည်သူ့ကျန်းမာရေးရုံးက ဒုက္ခသည်စခန်း ၃ ခုရှိ ဒုက္ခသည်တွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးဖို့ ခရိုင်အတွင်း ထိုင်းဆေးရုံ ၅ ခုက ဆေးဘက်ဆိုင်ရာအဖွဲ့တွေကို အလှည့်ကျ စေလွှတ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    ဒေါက်တာ နတ်တာဂန်က ဒီဒုက္ခသည်အရေးကိစ္စကို ခရိုင်ကျန်းမာရေးရုံး၊ ဒါမှမဟုတ် ဒေသတွင်း ဆေးရုံတွေမှာ လွှဲပြောင်းပေးပြီး ဖြေရှင်းတာထက် အမျိုးသားအဆင့်အနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ထောက်ပြထားပါတယ်။

    ဒါကြောင့်မို့ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ဆေးကုသဖို့ သူ့ကို ပေးထားတဲ့ အမိန့်ကို ပြန်မရုပ်သိမ်းပေးရင်တော့ အနှစ် ၂၀ ကြာ အစိုးရဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ပြောထားတာပါ။

    မဲဆောက်မှာ ဆရာဝန်ဦးရေ ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသားလူနာတွေအနေနဲ့ မကြာခဏ ဆေးစစ်ကုသမှု ခံယူရာမှာ တန်းစီစောင့်ဆိုင်းရလေ့ရှိတယ်လို့ သူက ရှင်းပြပြီး ခုတခါ ဆရာဝန်တွေကို ထပ်တိုးတာဝန်ချထားတာတွေကြောင့် အခြေအနေတွေ ပိုဆိုးလာတယ်လို့လည်း ပြောပါတယ်။

    ဒါ့အပြင် မြန်မာဒုက္ခသည်အရေအတွက်ဟာ ခရိုင်တွင်း ထိုင်းနိုင်ငံသားလူဦးရေစုစုပေါင်း လောက် ရှိနေတာကြောင့် ဗဟိုအစိုးရအနေနဲ့ ခုလို ထိုင်းနိုင်ငံသားလူနာတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေချိန်မှာ ဆရာဝန်တွေကို နောက်ထပ်ဝန်ပိစေတာထက် ဘတ်ဂျတ်ခွဲဝေချထားပြီး ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာဆရာဝန်တွေကို ငှားရမ်းသင့်တဲ့အကြောင်းလည်း ထောက်ပြထား ပါတယ်။

    ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာတော့ အမေရိကန်နိုင်ငံက ပေးအပ်နေတဲ့ ပြည်ပအကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဆေးရုံဆေးခန်းတွေ အားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်းလိုက်ရတာပါ။

    သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက် ဇန်နဝါရီ ၂၄ ရက်က စတင်ကာ အမေရိကန်အစိုးရက ပြည်ပအကူအညီတွေ အားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ၃ လ စိစစ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

    ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာတော့ ဒုက္ခသည် စခန်း ၉ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်း ဒုက္ခသည် ၉၀၀၀၀ ဝန်းကျင် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

    Source: The Nation