Category: News

  • ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေ

    ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေ

    ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ

    မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ လိုက်လံကောက်ခံနေပြီး တော်လှန်ရေးနှင့် ပတ်သက် ဆက်နွယ်သူများကိုပါ တစ်ပါတည်း စိစစ် ဖမ်းဆီးရန် ရှိနေကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပေါ်ကို ဒေသ အသီးသီးမှ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့သို့ ကောက်ခံရာတွင်လည်း စစ်ကောင်စီကက ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် အတွက် ကောက်ခံခိုင်းခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

    ယင်းသို့ ကောက်ခံရာတွင် စစ်ဘေးရှောင်ပြည်သူများထဲမှ တော်လှန်ရေးနှင့် ပတ်သက်ဆက်နွယ်သူများ ပါဝင်လာနိုင်သဖြင့် အထူးစိစစ် တင်းကျပ်မှုများ လုပ်ဆောင်ရန်နှင့် တော်လှန်ရေးနှင့်ဆက်နွယ်သူများ တွေ့ရှိပါက ဖမ်းဆီးရန်လည်း စစ်ကောင်စီက ညွှန်ကြား ထားကြောင်း သိရှိရသည်။

    “ရန်ကုန်ကို ရောက်နေတဲ့ ဒေသ အသီးသီးက စစ်ဘေးရှောင်တွေရဲ့ မိသားစုစာရင်းကို ကောက်ယူနေပါတယ်။ ကိုယ်ရေး အချက်အစုံယူဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်။ ဘာလို့ ယူတာလည်းမေးရင် အစိုးရက ထောက်ပံ့ပေးဖို့ ကောက်ခိုင်း တယ်ဆိုပြီးပြောခိုင်းထားတယ်။ အမှန်တကယ်က တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်အောင် လုပ်နေတာ စစ်ဘေးရှောင် ရောက်နေတဲ့ သူတွေထဲမှာ စစ်တပ်က လိုချင်နေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေရဲ့ အချက်အလက်ကို ခြေရာခံ ဖမ်းဆီးတာတွေလုပ်ဖို့ လုပ်နေတာ” ဟု လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။

    ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူ အားလုံး၏ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မိတ္တူ စာရွက် ၂ စောင်နှင့် ဖုန်းနံပါတ်များကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက်ရုံးထံသို့ ပေးပို့ရန် လော်စပီကာဖြင့် ကြေညာနေကြောင်း ရန်ကုန်တွင် ရောရှိနေသည့် စစ်ဘေးရှောင် ပြည်သူတချို့ထံမှ သိရှိရသည်။

    “ကျနော်တို့ ရပ်ကွက်ထဲမှာတော့ ဧည့်စာရင်းနဲ့ နေထိုင်သူ အားလုံးရဲ့ အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ ၂ စောင်နဲ့ ဖုန်းနံပါတ်တွေ ရေးပြီး အိမ်ပိုင်ရှင်နဲ့ ရာအိမ်မှူးကို ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးဖို့ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူးက လော်စပီကာနဲ့ လာအော်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- စစ်ကောင်စီက သန်းခေါင်စာရင်းနှင့်လူဦးရေ စာရင်းကောက်ယူခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား

    မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား

    (ဒေသအာဏာပိုင်အဖွဲ့က ကူညီဖြေရှင်းဆောင်ရွက်ပေးရန် မိသားစုဝင်များ လိုလားနေ)

    ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်အုပ်စု လဟာကြီးကျေးရွာမှာ လင်ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နှက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ အိမ်ထဲ ပိတ်လှောင်ထားကြောင်း စုံစမ်းသိရသည်။

    အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီး ဖြစ်သူအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးနှက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းကြောင့် အပြင်ဒဏ်ရာများအပြင် အတွင်းဒဏ်ရာများမှာ ပြင်းထန်စွာ ရရှိထားပြီး လမ်းမလျောက်နိုင်ဘဲ အိပ်ရာထဲ လဲနေရသည်။

    အသက် ၄၃ နှစ်အရွယ် လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ (ခေါ်) မောင်ထွန်းဝင်းမှ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မေသန်းကို မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ရိုက်နှက်ထားသည်ဟု ဒေါ်ခင်မေသန်း၏ မောင်ဖြစ်သူက ပြောပြသည်။

    “ခန္ဓာကိုယ်တကိုယ်လုံးမှာ ဒဏ်ရာတွေ၊ ပြီးတော့ မျက်လုံး၊ မျက်နှာမှာလည်း ဒဏ်ရာတွေ၊ ခြေ၊ လက်၊ ပေါင်၊ ကျောကုန်း၊ လက်ချောင်းတွေ၊ ဝမ်းဗိုက်တွေ တစ်ကိုယ်လုံးပါပဲ။ ရိုက်နှက်ခံထားရတာ။ လမ်းလုံးဝ မလျှောက်နိုင်ဘူး။ ဆေးကုသခွင့်မပေးဘဲ အိမ်ထဲမှာ အခုထိ ပိတ်လှောင်ခံထားရပါတယ်” ဟု ပြောသည်။

    ဒေါ်ခင်မေသန်းမှာ လင်ယောင်္ကျားဖြစ်သူမှ အရိုက်ခံရပြီးနောက် အိမ်ထဲပိတ်လှောင်ခံထားရ၍ နှစ်ရက်ခန့် အိမ်ပြင်သို့ ထွက်ခွင့်မရသည်ကို မိသားစုဝင်များနှင့် ရွာသားများက သတိထားမိစဉ် လိုက်ရှာကြရာ လင်ယောင်္ကျားဖြစ်သူ ရိုက်နှက်ပြီးပိတ်လှောင်ထားသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

    မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား သွားရောက်အကူအညီတောင်းခံသော်လည်း ဦးမောင်ဒေါင်းချေမှာ လူမိုက်ဖြစ်သည်ဟုဆိုကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေါ်ခင်မေသန်း ညီမဖြစ်သူက ပြောသည်။

    “စသိတဲ့ ဇန်နဝါရီလ ၁၆ ရက်ညနေလောက်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို သွားတိုင်းထားပါတယ်။ အခုထိ လူနာက ဆေးကုသခွင့်မရသေးဘူး။ ဒီအတိုင်းတာ ဆက်ထားရင် ဘာဆေးမှလည်း မကုသရရင် သေသွားနိုင်တယ်လို့ ပြောကြတယ်။ လူနာက အပြင်ဒဏ်ရာ သက်သက်မဟုတ်ဘူး။ အတွင်းဒဏ်ရာပါ ရသွားတာ။ ခေါင်းလည်း ထိထားတော့ ကြောက်စိတ်တွေနဲ့ ကယောင်ရှောက်ချား ဖြစ်သွားပြီ။ စကားပြောတာ ပုံမှန်မဟုတ်တော့ဘူး။ အစ်မ သေသွားရင် ကလေးတွေ တော်တော်လေး ဒုက္ခရောက်ကြမှာ” ဟု ပြောသည်။

    ဒေါ်ခင်မေသန်းတို့ မိသားစုမှာ လဟာကြီးကျေးရွာအတွင်း နေထိုင်ခြင်းမဟုတ်ဘဲ ရွာနှင့် ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရသည့် တောင်ခြေရင်းအောက်တွင် လယ်ယာနှင့် ကွမ်းခင်း လုပ်ကိုင်းရင်း နေထိုင်ကြသော မိသားစုဖြစ်သည်။

    ဦးမောင်ဒေါင်းချေနှင့် ဒေါ်ခင်မေသန်းတို့မှာ သားသမီး ၄ ဦးရှိပြီး အသက် ၂၀ အရွယ် သမီးတစ်ဦးနှင့် အသက် ၁ နှစ်ကျော် ကလေးတစ်ဦးအပါအဝင် သား ၃ ဦးတို့ရှိကာ သမီးဖြစ်သူမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။

    မလေးရှားက သမီးဖြစ်သူနှင့် ဒေါ်ခင်မေသန်း၏ မောင်ဖြစ်သူ၊ ညီမဖြစ်သူတို့က ၎င်း၏ ဒဏ်ရာများအား ဆေးကုသခွင့် ရရှိရေးကို လိုလား၍ ဦးမောင်ဒေါင်းချေအား သွားရောက်ပြောဆိုသော်လည်း ထုတ်မပေးဟု သိရသည်။

    မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သမီးကြီးဖြစ်သူမှ ထည့်ပေးသော ငွေကို သွားထုတ်ယူရန် ကိစ္စကြောင့် အချေအတင် စကားများရာကနေ ရိုက်နှက်ခံရခြင်းဖြစ်နိုင်ကြောင်း ညီမဖြစ်သူက ပြောသည်။

    “မလေးရှားမှာရှိတဲ့ သမီးကြီးက မိဘတွေဆီကို ပိုက်ဆံ ကျပ် ၆ သိန်းထည့်ပေးထားတယ်။ ဘယ်နေ့က ထည့်ပေးထားတာတော့မရှိဘူး။ သွားထုတ်ရမယ့် ရက်က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သွားထုတ်ရမှာ။ ငွေသွားမထုတ်မီ ရက် ဇန်နဝါရီလ ၁၄ ရက်နေ့ ညမှာ အစ်မက အရိုက်ခံရပါတယ်။ ဘာတွေဖြစ်ကြလဲ အသေးစိတ်ကိုတော့ မသိရဘူး။ တစ်ခန္ဓာလုံးမှာ ဒဏ်ရာတွေ အိပ်ရာထဲ လဲသွားတယ်။ စကားလည်း မပြောနိုင်တော့ဘူး။ ငွေလည်း သွားမထုတ်လိုက်ရဘူး” ဟု ပြောသည်။

    ဦးမောင်ဒေါင်းချေမှာ သမီးဆီက ထည့်ပေးသော ငွေကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် သွားထုတ်ယူပြီး လောင်းကစားလုပ်ပစ်ကြောင်းလည်း ဒေါ်ခင်မေသန်း ညီမဖြစ်သူက ပြောသည်။

    “ဦးမောင်ဒေါင်းချေ က အရင်ကလည်း ငွေတွေကို လောင်းကစားလုပ်တာရှိပါတယ်။ အခုလည်း သမီးဆီက ထည့်ပေးတဲ့ ငွေတွေကို လောင်းကစားလုပ်ထားတယ်။ ထိုရွာသွား၊ ဒီရွာသွား ပွဲတိုင်း မရောက်တဲ့နေရာမရှိဘူး။ အရက်သောက်မယ်၊ ဖဲကစားမယ်။ ငွေတွေကို လောင်းကစားလုပ်ပါတယ်” ဟု ပြောသည်။

    ဒေါ်ခင်မေသန်း အရိုက်ခံရခြင်းကို မိသားစုဝင်များနှင့် ရွာသားများ အသိနောက်ကျခြင်းမှာ ၎င်းတို့နေအိမ်က ရွာနှင့်ဝေးသောကြောင့်ဟု မောင်ဖြစ်သူက ပြောသည်။

    “ရွာသားတွေက အစ်မ အရိုက်ခံရတာ ချက်ချင်းမသိနိုင်တာက ရွာနဲ့ ဝေးလို့ပါ။ အရိုက်ခံရလို့ နာတဲ့ အော်တဲ့ အသံလည်း ရွာသားတွေ ကြားမှာ မဟုတ်ဘူး။ နှစ်ရက် သုံးရက်လောက် ရွာထဲ မရောက်တာကြာလို့ ရွာသားတွေက သတင်းသွားမေးမှ လင်ဆီမှာ အရိုက်ခံရထားတာကို သိရတာ။ အစ်မ ဆေးကုသခွင့် ရဖို့ အသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ အနေဖြင့် ကူညီဖြေရှင်းပေးစေချင်ပါတယ်” ဟု မောင်ဖြစ်သူက တောင်းဆိုထားသည်။

    ဦးမောင်ဒေါင်းချေ၏ ရန်ပြုမူချက်များကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် ရွာသူရွာသားများမှာ အရေးတကြီးဆေးကုသရန် လိုအပ်နေသည့် ဒေါ်ခင်မေသန်းအား သွားရောက်ယူဆောင်နိုင်ခြင်း မရှိသေးကြကြောင်း စုံစမ်း သိရှိရသည်။

    လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ မှာ ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းကို ယင်းကဲ့သို့ မကြာခဏ ရိုက်နှက်ခြင်းများ ရှိနေပြီး ယခုတစ်ကြိမ်မှာ အပြင်ဒဏ်ရာအပါအဝင် အတွင်း ဒဏ်ရာများပါ အပြင်းအထန် ရရှိထား၍ အရေးပေါ်ဆေးဝါးကုသရန် လိုအပ်ကြောင်း ကျေးရွာသားများက ပြောသည်။

    ထိုကြောင့် အသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးကြရန် မိသားစုဝင်များနှင့် ရွာသားများက တောင်းဆိုနေကြသည်။

  • ရွှေဘို၊ တည်သီးတောရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ရွှေဘို၊ တည်သီးတောရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ချောင်းဦးမြို့ပေါ်တွင်လည်း စစ်တပ် အင်အား အများအပြား ရောက်ရှိနေ၍ ပြည်သူများ ဂရုပြုနေထိုင်ကြရန် အသိပေး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတော ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDFက တာဝန်ရှိသူတစ်ဦးက သို့ပြောဆိုသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။

    အဆို တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် PDO Drone တပ်ဖွဲ့နှင့်အတူ တောင်သူဦးကြီးများအဖွဲ့ ပကဖ အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ရောက်ရှိလာ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

    ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ချောင်းဦးမြို့ပေါ် ထွေ/အုပ်ရုံး၌ အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို စစ်ကြောင်းထိုးရန် လုံလောက်သော အင်အားရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းချိန် လုပ်ဆောင်တတ်သော ပြည်သူများကို လူသားဒိုင်းအဖြစ် ဓားစာ ပြုလုပ်ကာ ဖမ်းဆီးလေ့ရှိသောကြောင့် ချောင်းဦးမြို့ပေါ် နှင့် စစ်တပ် စိုးမိုးနယ်မြေများ အတွင်း လုံးဝ သွားလာခြင်းမပြုလုပ်ရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး မေတ္တာရပ်ခံထားသည်။

  • လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

    လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

    မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

    မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆ လမ်းကနေ ၅၆ လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း ၉၀ အထိ၊တောင်ဘက် ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊မြောက်ဘက်၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။

    မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။

    အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊ ၅၁ လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊ ၅၃ အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။

    လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ “ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။

    ၂၀၂၄ ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။

    အဲဒီနောက်ပိုင်း တနေ့ကို ၅ ကြိမ်လောက်အထိ နေ့ရော၊ညပါ မန္တလေးကျုံးဘေးပတ်လည်လူနေရပ်ကွက်တွေကို ကင်းထောက်လေယာဥ်နဲ့ စစ်ဆေးတာတွေရှိတယ်လို့မြို့ခံတွေကပြောပါတယ်။

    (မန္တ​လေးကျုံးအနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ)

  • မုံရွာမှာ စစ်အုပ်စုက ပေါ်တာ အဆွဲကြမ်းနေလို့ ပြည်သူတွေ အိမ်ပြင်မထွက်ရဲဘဲ စျေးတွေပိတ်

    မုံရွာမှာ စစ်အုပ်စုက ပေါ်တာ အဆွဲကြမ်းနေလို့ ပြည်သူတွေ အိမ်ပြင်မထွက်ရဲဘဲ စျေးတွေပိတ်

    တခြားမြို့၊ရွာတွေက စျေးသည်စျေးဝယ်တွေလည်း မုံရွာမြို့ပေါ် မသွားလာရဲ

    စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းနေလို့ ပြည်သူတွေ အိမ်အပြင်ထွက် သွားလာတာတွေ မလုပ်ဝံ့တော့ဘဲ စျေးတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုဟာ ဇန်နဝါရီလ ၂၅ ရက်က စလို့ မုံရွာမြို့မှာ တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ် အဖြစ် စုဆောင်းနေတာလို့ ဆိုပါတယ်။

    လက်ရှိမှာ ပေါ်တာဆွဲခံရမှာ ကြောက်ရွံ့ကြတာကြောင့် မုံရွာမြို့ရဲ့ စီးပွားကူးသန်း ရောင်းဝယ်ကြသူတွေ အသွားအလာ မလုပ်ဝံ့ကြဘဲ မြို့တွင်း လမ်းသွားလမ်းလာ ကင်းမဲ့ကာ ခြောက်ကပ် တိတ်ဆိတ်နေသလို စျေးတွေလည်း ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် မုံရွာမြို့ အနီးဝန်းကျင် မြို့ရွာတွေက စျေးသည်စျေးဝယ်တွေလည်း မုံရွာမြို့ပေါ် မသွားရဲကြဘူးလို့ ဆိုပါတယ်။

    “မုံရွာကို မသွားရဲဘူး။ ၂၅၊၂၆၊၂၇ သုံးရက်တာ ပေါ်တာ အတော်ဆွဲနေတာ။ စျေးတွေလည်း ပိတ်တယ်၊ မရောင်းရဘူး၊ ဝယ်မယ့်သူလည်း မလာဘူး။ ကွမ်းရွက်ပို့ချင်တာတောင် မပို့ရဲဘူး”လို့ ဆားလင်းကြီးမြို့ကနေ မုံရွာမြို့ကို ကွမ်းရွက်ပို့လေ့ရှိသူ တစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုက မုံရွာမြို့အဝင်အထွက် ဂိတ်တွေနဲ့ မြို့တွင်းမှာ ကားနဲ့လှည့်ပတ် ချောင်းမြောင်းကာ တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးနေတာ ဖြစ်ပြီး ယခင်က ဖမ်းဆီးထားသူတွေကို ငွေနဲ့ ရွေးထုတ်ရင် ပြန်လွှတ်ပေးတာ ရှိခဲ့ပေမယ့် အခုရက်ပိုင်း ဖမ်းခံရသူတွေကိုတော့ ငွေနဲ့ ပြန်ရွေးထုတ်လို့ မရသေးဘူးလို့လည်း ဆိုပါတယ်။

    မုံရွာမြို့တွင်းမှာလည်း စစ်အုပ်စုက လမ်းပေါ် သွားလာသူတွေကို ချောင်းမြောင်းကာ ပေါ်တာဆွဲရုံမက ရပ်ကွက်တွေထဲအထိ စီးနင်းဝင်ရောက်ကာ လိုက်လံ ပေါ်တာဆွဲနေပြီး အိမ်ထဲကအိမ်ပြင် မထွက်ဘဲ နေကြရတယ် လို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။

    “ကျမတို့ ရပ်ကွက်ထဲမှာ မနေ့က ငါးယောက်ပါသွားတယ်။ ရွှေဇလုပ်ရပ်ကွက်ထဲလည်း ဝင်ဆွဲတယ်လို့ ကြားတယ်။ ကျမတို့ ရပ်ကွက်လမ်းတွေလည်း လူသွားလူလာ မရှိဘူး၊ ကျမဆို ကလေးတောင် မူကြို မပို့ရဲလို့ အိမ်မှာပဲ ကုတ်နေရတယ်လို့ မုံရွာမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

    မုံရွာမြို့မှာ စစ်အုပ်စုက တွေ့သမျှလူ ပေါ်တာဆွဲနေလို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကနေ မုံရွာမြို့ကို သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတဲ့ နေ့စား၊ လခစား ဝန်ထမ်းတွေလည်း အလုပ်မသွားရဲတာ ရက်သတ္တပတ်ကျော် ကြာရှိနေပြီလို့ ဆိုပါတယ်။

    မုံရွာမြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေမှာ သာမက မုံရွာ – မန္တလေး လမ်းပိုင်းမှာလည်း စစ်အုပ်စုက အစစ်အဆေး ကြမ်းပြီး ပေါ်တာဆွဲနေလို့ ခရီးသွားပြည်သူ နည်းပါးသလို လိုင်းကားတွေလည်း ကားမထွက်ဘဲ ရပ်နားထားရတယ်လို့ ဒေသခံ ကားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၅ရက်ကနေ ၂၇ရက်အထိ မုံရွာမှာ စစ်အုပ်စုက တွေ့သမျှလူ ပေါ်တာဆွဲနေပြီး အရေအတွက် အတိအကျ မသိရပေမယ့် ဖမ်းဆီးပေါ်တာဆွဲခံရသူလည်း ရာနဲ့ချီတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နိုင်ငံတဝန်းက စစ်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်အုပ်စုက ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းနေတာ ဖြစ်ပြီး စစ်ကိုင်းတိုင်း အပါအဝင် ခုခံတော်လှန်စစ် အားကောင်းတဲ့ ဒေသတွေက ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီး၊ပေါ်တာဆွဲ စစ်သားသစ် စုနေတာ ဖြစ်ပါတယ်။

    စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းမိသူတွေကို ရက်တို စစ်သင်တန်းပေးကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသခံတွေဆီ အသေခံ စစ်သားအဖြစ် ပို့လွှတ်နေတာလို့ ပြန်လည် လွတ်မြောက်လာသူတချို့က ပြောပါတယ်။

    လူသူကင်းရှင်းနေတဲ့ မုံရွာမြို့က လမ်းနဲ့ စျေးတချို့၊ မုံရွာမြို့ အပါအဝင် စစ်ကိုင်းတိုင်းထဲ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းမှုတွေ ဦးဆောင်လုပ်နေသူတချို့/Photo – စစ်အုပ်စု၊ CJ