Category: News

  • မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

    မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူနှင့် ပြည်သူ့စစ်များသည် ညပိုင်းအချိန်တွင် ကားများဖြင့် လူငယ်များ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဟု မြဝတီမြို့ခံများက ပြောသည်။

    “သူက မြဝတီကလူငယ်တွေကို ညဘက်မှာ သူ့ပြည်သူ့စစ်တွေနဲ့ ကား၄စီးထွက်ပြီး လူငယ်တွေကိုပေါ်တာဆွဲတယ်။ စစ်မှုထမ်းထဲ တစ်ခါတည်းထည့်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များ လိုက်လံဖြေရှင်းပါက (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူက ရိုင်းပြစွာဆဲဆိုလေ့ရှိသည်ဟု ဆိုသည်။

    ” လောလောဆယ် ဆယ်ဂဏန်းလောက်ရှိမယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

    ၂၀၂၄ ဒီဇင်ဘာ၂၈ရက်ကလည်း စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။ မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရမှုတွင် ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၄ ဧပြီလအတွင်း မြဝတီမြို့စောင့်တပ်အားတိုက်ခိုက်ပြီးနောက် မြဝတီမြို့မရဲစခန်းအား ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

    ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။

    နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား ၂၀၂၄ မတ်လ ၇ရက်ကထိုးစစ်စတင်ရာ တစ်လအကြာ ဧပြီ ၅ ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ၂၀၂၄ ဧပြီ ၁၀ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။

    မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆ နာရီကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ဧပြီ ၂၁ ရက် နံနက်တွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

    ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

    လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။

    (မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူအား တွေ့ရစဉ်)

  • ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို  ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား၊ ငတ်ပြတ်ပြီး မသေချင်ရင် အမြန် လက်နက်ချဖို့ ဖိတ်ခေါ်

    ချင်းပြည်၊ ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မြို့ထဲမှာ ကျန်ရှိနေတဲ့ စစ်အုပ်စု စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

    ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တပ်ကုန်းပေါ်မှာ အခြေ ပြုနေထိုင်တဲ့ စစ်အုပ်စုကို ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ သောက် သုံးရေတွေ ပိတ်ဆို့ဖြတ်တောက် ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။

    “ရိက္ခာ ဖြတ်တောက်ထားတာက ကြာပါပြီ ။ အဓိကတော့ တောင်ပေါ်မှာက ရေပဲ။ ရေက မသောက်လို့ နေလို့မှ မရတာ။ ရေပြတ်ရင် ကြာကြာခံမယ် မထင်ဘူး” လို့ စစ်အုပ်စုကို ရိက္ခာ ဖြတ်ထောက်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

    တော်လှန်ရေးတပ်တွေကတော့ ရိက္ခာအဖြတ်ခံထားရတဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ အနေနဲ့ အငတ်ဘေးနဲ့ မသေချင်ရင် လက်နက်ချလာရောက် ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ် လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    ချင်းညီနောင်တပ်ဖွဲ့ဝင်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်က စပြီး ချင်းညီနောင်စစ်ဆင်ရေး (Opration CB) အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်ပြီး‌ အဲ့ဒီတိုက်ပွဲအတွင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ရဲ စခန်း၊ ခရိုင်ရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဖလမ်းမြို့ပေါ် နောက်ဆုံးကျန်ရှိနေတဲ့စစ်အုပ်စု ခြေကျင်တပ်ရင်း (ခလရ) ၂၆၈ လက်အောက်ခံ တပ်ကုန်းစခန်းတစ်ခုကို ဝိုင်းဝန်းပိတ်ဆို့ကာ ရိက္ခာ ဖြတ်တောက်ထားပြီး စစ်အုပ်စုတပ်တွေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတာလို့ ချင်းညီနောင် စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

  • ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့်

    ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။

    ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။ အခမ်းအနားနဲ့ လုပ်ပြီး အလံအုပ်သင်္ဂြိုဟ်တာ။ သေနတ်တွေလည်း ပစ်ဖောက်တယ်”ဟု ပုသိမ်မြို့ရှိ သတင်းရင်းမြစ်က ပြောသည်။

    ထို့အပြင် ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကလည်း ချောင်းသာဘက်မှနေ၍ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်သုံးဖောကားတစ်စီးဖြင့် မဆရ ၄ ဘက် သို့ အရေးပေါ်လာရောက်ပို့ဆောင်သွားကြောင်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်ထံက သိရသည်။

    ဒဏ်ရာရရှိသူများအနက် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညပိုင်းအချိန်များတွင်ပါ ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်၌ သင်္ဂြိုဟ်နေရပြီး သင်္ဂြိုဟ်သည့် အခမ်းအနားတွင် ပစ်ဖောက်သည့်သေနတ်သံများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ ထိတ်လန့် လျက်ရှိကြောင်း သိရသည်။

    စစ်ကောင်စီသည် ဧရာဝတီ-ရခိုင်အစပ် တိုက်ပွဲများမှ ထိခိုက်ဒဏ်ရာရရှိ သူများနှင့် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပုသိမ်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ သို့ စစ်သုံးဖောကားများဖြင့် နေ့စဉ်နီးပါး ခေါ်ဆောင်လာနေရပြီး AA နှင့်တိုက်ပွဲများသည်လည်း ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်း၊ ပွိုင့် ၃၆၉ စခန်းတို့ကို AA က ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့နှင့်၂၆ ရက်နေ့တို့တွင် အပြီးသတ်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာထား သည်။

    လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

    ပုံစာ-ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်နေစဉ် (ပုံဟောင်း)

  • သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံးပြီး အလောင်းပြန်ယူနိုင်ခြင်းမရှိသေး

    ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်းက မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦး စနိုက်ပါထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရှိရသည်။

    အဆိုပါ ဒုရဲမှူးသည် သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအကျော် တောတွင်း၌ ခံစစ်ပြင်ထားသော စစ်ကောင်စီနှင့်ရဲများ ထံသို့ အရပ်ဘက်ကားကိုအသုံးပြုကာ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကာ ယခုအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသောကြောင့် အလောင်းကိုပြန်မယူနိုင်သေးကြောင်းသိရသည်။

    “ညက ရဲနဲ့စစ်တပ်နဲ့ပေါင်းပြီး အလောင်းသွားကောက်တာ ဟိုဘက်က ပြန်ပစ်နေလို့ တိုက်ပွဲဖြစ်နေလို့ကောက်လို့မရသေးဘူး။ သူနဲ့ပါသွားတဲ့ကားသမားတွေနဲ့ရဲတွေက ထွက်ပြေးသွားတာ စနိုက်ပါမှန်ပြီးသေတာကတော့သူတစ်ယောက်ထဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

    အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များ သည်မကျီးဇင်မှတစ်ဆင့်သာပေါင်းမြို့နယ် အစပ်သို့ရောက်ရှိနေပြီး ယခုကဲ့သို့ စစ်တပ်နှင့်ရဲတံဆိပ်ပါကားများကို အသုံးပြုခြင်းမရှိပဲ အရပ်ဘက်ကားကိုအသုံးပြုလာသော ဒုရဲမှူးကို အတိအကျပစ်ခတ်ခံရခြင်းကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ရဲများထိတ်လန့်နေကြကြောင်း သိရသည်။

    သာပေါင်းမြို့နယ်၊မကျီးဇင်-သာပေါင်းကားလမ်းတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှခံစစ်ပုံစံပြင်ဆင်ထားပြီး​ကျားခေါင်း၊သဲဖြူ၊သစ်ဖြူ ကျေးရွာတို့တွင် စစ်ကောင်စီမှကတုတ်ကျင်းများတူးထားပြီး ကြက်သွန်ကွင်းဂိတ်တွင်လည်း စစ်ကောင်စီနှင့်ရဲများကို လက်နက်အပြည့်အစုံတပ်ဆင်ထားကာ သဲအိတ်ဘန်ကာများပြုလုပ်ထားကြောင်းသိရှိရသည်။

    ဓာတ်ပုံ- သာပေါင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ၀င်းနိုင်ဦး

  • မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာန အုပ်ချုပ်ရေး ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးကြီးများဖြင့် အလုံးအရင်း ပြောင်းရွှေ့ သွတ်သွင်းနေ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ကြီးအဆင့်အထိ အရာရှိများကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်း အရပ်ဘက်ရာထူးကြီးများဖြင့် အစားထိုးလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်အရ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့်အထိ အရာရှိငယ်များကို ဝန်ကြီးဌာနဆိုင်ရာ ယန္တရားများအတွင်းသို့ အလုံးအရင်းဖြင့် ခန့်ထားသွပ်သွင်းလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင်ပင် စစ်ကောင်စီက ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများမှစ၍ ဗိုလ်ကြီးအဆင့် အရာရှိငယ် ၅၀ ဝန်းကျင်ကို စစ်ကောင်စီ၏ ယန္တရားများအတွင်းသို့ အရပ်ဘက်ရာထူးများဖြင့် သွပ်သွင်းခဲ့ကြောင်း၊ စစ်အရာရှိများကို အရပ်ဘက် အနိမ့်ဆုံး ဦးစီးအရာရှိရာထူးမှ အမြင့်ဆုံး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတွင်းဝန်ရာထူးများအထိ သွပ်သွင်းခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

    “နိုင်ငံရေးရာထူး ဒုဝန်ကြီးနဲ့ ဝန်ကြီးအဆင့် ရာထူးတွေမှာလည်း အရန်အင်အားသွင်းထားတဲ့ စစ်ဗိုလ်ချုပ်တွေကို ခန့်အပ်နေသလို ဝန်ကြီးဌာန ယန္တရားတွေမှာလည်း ဗိုလ်မှူးချုပ်အဆင့်ကနေပြီး ဗိုလ်ကြီးအဆင့်အထိ အရာရှိတွေကို အရပ်ဘက်အသွင်းပြောင်းပြီး ခန့်အပ်တာတွေ အရမ်းကိုများလာနေပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရှိရသည်။

    “နှစ်ပိုင်းရှိပါတယ်။ တချို့ စစ်ဘက်ရာထူးကြီး အရာရှိကြီးတွေကို အရပ်ဘက် ဝန်ကြီးဌာနဘက်မှာ နိုင်ငံရေးရာထူးဖြစ်တဲ့ ဒုဝန်ကြီး၊ ဝန်ကြီး မဟုတ်ဘဲ အခြားယန္တရား ရာထူးကြီးတွေကို ပေးတာက အပြစ်ပေးတဲ့ အနေနဲ့ ပို့တာရှိသလို အပြစ်ပေးတာမဟုတ်ဘဲ တမင်ကို ရည်ရွယ်ချက်ရှိရှိ ပို့တာလည်းရှိပါတယ်။ ဗိုလ်မှူးချုပ် မျိုးကျော်သူကို အားကစားနဲ့ လူငယ်ရေးရာ ဝန်ကြီးဌာနကို ပို့တာကတော့ သူ့လူမို့ ရာထူးတမင်ပေးပြီး လုပ်ပိုင်ခွင့်ပေးတာဖြစ်ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး စိုးမြတ်သူကို နေပြည်တော်စည်ပင်တွင် လက်ထောက်ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူး) ရာထူးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်ကြီး မင်းကိုကိုဦး ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးကျော်မိုးထွန်းကို မော်လမြိုင်မြို့အခြေစိုက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ထို့ပြင် ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် ဗိုလ်မှူးကြီး မင်းသော်အေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း ၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူး မျိုးဇေယျာအောင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဗိုလ်ကြီးအောင်အောင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်လွင်ကို ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူး အာကာလရောင်ကိုလည်း အဆိုပါဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ပြန်သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဗိုလ်မှူးနေနိုင်ထွန်းကို ငါးလုပ်ငန်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်မှူးထင်လင်းကျော်ကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗိုလ်ကြီးနေထူးနိုင်ကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဦးစီးအရာရှိများအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရေတပ်မှ ဗိုလ်ကြီးကျော်ဇေယျာလွင်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ ဓာတ်အားဖြန့်ဖြူးရေးဌာနမှ မန်နေဂျာရာထူးနေရာသို့ လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမှတ် ၁၅ တပ်မတော်ဆေးရုံမှ ဗိုလ်ကြီး ညီညီထွန်းကို မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၏ မန်နေဂျာ(စီမံ) ရာထူးသို့လည်းကောင်း ပြောင်းရွှေ့ ခန့်အပ်ထားသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗိုလ်ကြီးဝင်းမောင်ကို စီးပွား/ကူသန်းဝန်ကြီးဌာန၏ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဦးစီးအရာရှိ အဖြစ်လည်းကောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အမှတ် ၅၁၅ ခြေမြန်တပ်ရင်းမှ အီးအေ ၁ အရာရှိ ဗိုလ်ကြီး ကျော်မိုးထွေးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၏ ဦးစီးအရာရှိအဖြစ်လည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်၏ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ ကျင်းပဖြစ်၍ အရပ်သားအစိုးရ အပြောင်းအလဲများ ဖြစ်လာသည့်တိုင် စစ်အရာရှိများ ကြီးစိုးထားသော အုပ်ချုပ်ရေးယန္တရားကို ဆက်လက် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။