သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံးပြီး အလောင်းပြန်ယူနိုင်ခြင်းမရှိသေး
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်းက မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦး စနိုက်ပါထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ဒုရဲမှူးသည် သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအကျော် တောတွင်း၌ ခံစစ်ပြင်ထားသော စစ်ကောင်စီနှင့်ရဲများ ထံသို့ အရပ်ဘက်ကားကိုအသုံးပြုကာ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကာ ယခုအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသောကြောင့် အလောင်းကိုပြန်မယူနိုင်သေးကြောင်းသိရသည်။
“ညက ရဲနဲ့စစ်တပ်နဲ့ပေါင်းပြီး အလောင်းသွားကောက်တာ ဟိုဘက်က ပြန်ပစ်နေလို့ တိုက်ပွဲဖြစ်နေလို့ကောက်လို့မရသေးဘူး။ သူနဲ့ပါသွားတဲ့ကားသမားတွေနဲ့ရဲတွေက ထွက်ပြေးသွားတာ စနိုက်ပါမှန်ပြီးသေတာကတော့သူတစ်ယောက်ထဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။
အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များ သည်မကျီးဇင်မှတစ်ဆင့်သာပေါင်းမြို့နယ် အစပ်သို့ရောက်ရှိနေပြီး ယခုကဲ့သို့ စစ်တပ်နှင့်ရဲတံဆိပ်ပါကားများကို အသုံးပြုခြင်းမရှိပဲ အရပ်ဘက်ကားကိုအသုံးပြုလာသော ဒုရဲမှူးကို အတိအကျပစ်ခတ်ခံရခြင်းကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ရဲများထိတ်လန့်နေကြကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊မကျီးဇင်-သာပေါင်းကားလမ်းတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှခံစစ်ပုံစံပြင်ဆင်ထားပြီးကျားခေါင်း၊သဲဖြူ၊သစ်ဖြူ ကျေးရွာတို့တွင် စစ်ကောင်စီမှကတုတ်ကျင်းများတူးထားပြီး ကြက်သွန်ကွင်းဂိတ်တွင်လည်း စစ်ကောင်စီနှင့်ရဲများကို လက်နက်အပြည့်အစုံတပ်ဆင်ထားကာ သဲအိတ်ဘန်ကာများပြုလုပ်ထားကြောင်းသိရှိရသည်။
ဓာတ်ပုံ- သာပေါင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ၀င်းနိုင်ဦး
Leave a Reply