Category: News

  • အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

    အင်းတော်မြို့အား သိမ်းပိုက်ထားပြီဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ပြော

    နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ယမန်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက ပြောကြားသည်။

    အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။

    ထို့ကြောင့် အဆိုပါစခန်းကုန်းအား ယမန်နေ့ (ဇန်နဝါရီ ၂၇ရက်)ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

    ” အင်းတော်တိုက်ပွဲအခြေအနေကတော့ မနေ့ကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတယ်ပေါ့။ အရင်ကလည်း ကြိုကြားပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတာပါ။ ၂၀၂၄ ဒီဇင်ဘာထဲမှာတည်းကစခဲ့ကြတာ။ ဒီဇင်ဘာလထဲမှာ နဘားလမ်းဆုံတို့ ကျွန်တော်တို့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အင်းတော်မြို့ကိုလည်း ကျွန်တော်တို့သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်။နောက်တစ်ခါ အနီးမှာရှိတဲ့ နဘားလမ်းဆုံတို့ နံ့သာတို့ ဒါတွေလည်း ၂၀၂၄ မှာကတည်းက သိမ်းပိုက်ရရှိပြီးဖြစ်ပါတယ်။ ကျန်နေတာကတော့ အများခေါ်နေတဲ့ ဂျပန်လှိုင်ဂူဆိုတဲ့ ကုန်ပေါ့။ အဲဒီကုန်းတစ်ခုပဲ ကျန်နေတာ။ ဒါကတော့ စောစောကပြောတဲ့ မနေ့ကစပြီးတော့ တိုက်ပွဲအရှိန်ပိုပြီးတော့ မြင့်လာတယ်ပေါ့”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။

    အင်းတော်တစ်မြို့လုံးအနက် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ သိမ်းရန်ကျန်နေဟု ၎င်းက ဆက်ပြောသည်။

    ” သူ့ရဲ့ပတ်ပတ်လည်နားက ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိမယ်။ ကုန်းနှစ်ခုရှိမယ်။ နောက်တစ်ခါ သူတို့ ပြောက်ကျားနေရာယူထားတဲ့ အိမ်တန်းလေးတစ်ခုရှိမယ်။ ဆင်ခြေလျောဘက်မှာ ။ အဲဒီလောက်ပဲကျန်တယ်။ ကျန်တာအကုန်လုံးက ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့က အမှတ်(၁)စစ်ဒေသမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့များက ထိန်းချုပ်ထားပြီဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

    အဆိုပါ ဂျပန်လှိုင်ဂူကုန်း၌ ကျန်ရှိ စစ်ကောင်စီတပ်သားအင်အားမှာ ခန့်မှန်းရန် ခက်ခဲကြောင်း သို့သော် စစ်ကောင်စီအနေဖြင့် ထပ်မံ၍ အင်အားပို့ဆောင်နိုင်ခြင်း မရှိတော့ကြောင်းလည်း ၎င်းက ဆိုသည်။

    ” ကျွန်တော်တို့က အားလုံးထိန်းချုပ်ထားပြီ။ လေကြောင်းကနေ လက်နက်ရိက္ခာတော့ပေးပို့မှုရှိပါတယ်။ ရတစ်ဝက်၊ မရတစ်ဝက်ပေါ့။ အဲဒီလိုအနေအထားတော့ရှိပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

    အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ​၊ စစ်ကိုင်းတိုင်း ပကဖများ ၊ကျောင်းသားတပ် ABSDF အပါအဝင် ​တော်လှန်​​ရေးတပ်ဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။​​

    ” အင်းတော်ကိုတိုက်နေတာက PDFတပ်ရင်းများ၊ ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ABSDF တပ်ဖွဲ့များနဲ့ KIAတပ်ဖွဲ့ဝင်တချို့ ကွပ်ကဲမှုအနေနဲ့ ပါဝင်ပါတယ်။ ကသာခရိုင်ကွပ်ကဲရေးမှူးက ABSDFက တပ်မှူးကြီးတစ်ဦးဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။

    အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

    အင်းတော်မြို့မြောက်ဘက် မိုင် (၅၀)ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လလယ်တွင် ​တော်လှန်​ရေးတပ်များက အင်း​တော် ၊ပင်လည်ဘူး နှင့်ထီးချိုင့်မြို့တို့ကို တပြိုင်နက်မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သည်။

    သို့​သော် အင်းတောမ်မြို့ကိုမူ မသိမ်းနိုင်​​သေးဘဲ တိုက်ပွဲ ​ခေတ္တရပ်နားပြီး​နောက် ၂၀၂၄ နိုဝင်ဘာ ၁ ရက်တွင် အင်းတော်မြို့သိမ်းတိုက်ပွဲကို PDFများ ဦး​ဆောင်သည့် ​တော်လှန်​ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

    ထို့အပြင် ပင်လည်ဘူးမြို့ကို​ ၂၀၂၄ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

    ပထမတစ်ကြိမ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး အင်းတော်မြို့နှင့် (၄)မိုင်ကွာဝေးသော နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းယူနိုင်ခဲ့သည်။

    စစ်တပ်မီးရှို့ဖျက်ဆီးထားသာ အင်း​တော်မြို့မှ​နေအိမ်များ၊အင်းတော်မြို့မရဲစခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။(ဓာတ်ပုံ – CJ)

  • ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

    ငွေကျပ်နှစ်သိန်း၊ ဆန်နှစ်အိတ်ပေးပြီး စစ်တွေက မွတ်ဆလင်များကို စစ်မှုထမ်းရန် စစ်ကောင်စီ စည်းရုံးပြီး အခြေခံစစ်ပညာသင်တန်းပေးနေ

    ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်းမြို့ပြင်ရှိ မွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွတ်ဆလင်လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူနေသလို ငွေနှင့်ဆန်ပေးပြီး စည်းရုံးခေါ်ယူမှုများလည်း ရှိကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

    စစ်တွေမြို့ထဲက မွတ်ဆလင်ရပ်ကွက်ဖြစ်သည့် အင်ဘာလာ (ခေါ် ) အောင်မင်္ဂလာ ရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် သဲချောင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မွတ်ဆလင် လူငယ်များကို စည်းရုံးခေါ်ယူနေသည်ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

    “တစ်လကို ငွေကျပ် နှစ်သိန်းပေးမယ်။ ဆန်နှစ်အိတ်ပေးမယ်။ စစ်မှုထမ်းကြဖို့ ခေါ်နေပါတယ်။ အရင်က တစ်လမှာ ငွေကျပ် ၁၂၀,၀၀၀ ပဲပေးတာ။ အခု လစာတိုးထားတယ်ဆိုပြီး စည်းရုံးနေတာပါ။ လိုက်တဲ့သူလည်းရှိသလို မလိုက်တဲ့သူလည်း ရှိကြပါတယ်” ဟု ပြောသည်။

    စစ်တွေမြို့မှာရှိသည့် တပ်ထိန်းတပ်ရင်းနှင့် ပါဒလိပ်က တပ်ရင်းများတွင် စစ်ကောင်စီက မွတ်ဆလင်များကို အခြေခံစစ်ပညာများ ပေးနေသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

    မွတ်ဆလင်အချို့၏ ပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ခေါ်ယူသင်တန်း ပေးနေခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း မွတ်ဆလင် ၂၀၀၀ ခန့်ကို စစ်သင်တန်းပေးထားပြီဖြစ်ကြောင်းလည်း ခန့်မှန်းပြောဆိုထားကြသည်။

    စစ်ကောင်စီတပ်အပြင် ရခိုင်တပ်တစ်ခုဖြစ်သည့် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA တပ်ကလည်း မင်းဂံက မွတ်ဆလင်အချို့ကို ခေါ်ယူ စစ်သင်တန်းပေးနေကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။

    “ပြီးခဲ့တဲ့ လတွေက မွတ်ဆလင် ၆၀ ဦးထက်မနည်းကို ALP ရုံးတွေမှာ စစ်သင်တန်းတွေ ပေးနေပါတယ်။ ပြီးခဲ့တဲ့လက မင်းဂံက ALP ရုံးမှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ စစ်သင်တန်းတက်ကြတဲ့ မွတ်ဆလင်တွေ ပျော်လို့ရွှင်လို့ မြင်တွေ့လိုက်ရပါတယ်” ဟု ပြောသည်။

    စစ်တွေမြို့မှာရှိသော မွတ်ဆလင်များထဲတွင် စစ်ကောင်စီကို လိုလားသူရှိနေသလို မလိုလားသူလည်းရှိနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

    “စစ်ကောင်စီက စစ်မှုထမ်းဖို့ ခေါ်တဲ့အခါ ဝမ်းသာအားရ လိုက်ကြသူရှိသလို အတင်းငြင်းနေတဲ့သူတွေလည်းရှိပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက ငွေနဲ့ ဖုံးဖိလိုက်ပြီး ပိုက်ဆံမရှိတဲ့သူတွေက မလိုက်ချင်ဘဲ လိုက်သွားရတဲ့သူတွေလည်း ရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ သူတို့ခေါ်တဲ့ အိမ်က မလိုက်ဘူးဆိုရင် အမျိုးမျိုးခြိမ်းခြောက်တာတွေရှိပါတယ်” ဟု ပြောသည်။

    အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားပြီး နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုများရှိနေကြသည်။

    စစ်ကောင်စီသည် စစ်တွေမြို့ထဲကို AA က ထိုးဖောက်မဝင်ရောက်နိုင်စေရန် မြို့အဝင်တံတားကို မိုင်းခွဲဖျက်ဆီးထားသလို ကမ်းနားလမ်း/ရှုခင်းသာလမ်းတစ်လျောက်ကိုလည်း သံဆူးကြိုးများဖြင့် ကာရံထားသည်။

    စစ်ကောင်စီသည် စစ်တွေမြို့ထဲသို့ မည်သူမှ ဝင်ခွင့်မပေးသလို မြို့ပြင်ကိုလည်း မည်သူ့ကိုမှ ထွက်ခွင့်မပေးဘဲ တပ်ရင်းများထဲတွင် လူအင်အား၊ လက်နက်အင်အားနှင့် ရေတပ်ကို အင်အားဖြည့်တင်းနေသည်။

    “စစ်တွေမြို့ကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသလို မြို့ထဲက သူတွေကိုလည်း ထွက်ခွင့်မပေးဘူး။ အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စရှိမှ ဒါမှမဟုတ် နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေဆိုရင် ဂိတ်တွေမှာ မှတ်ပုံတင်တွေ ထားခဲ့ရပြီး အချိန်မီပြန်လာခိုင်းတာတွေရှိပါတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

    ရခိုင်ပြည်ထဲတွင် အာရက္ခတပ်တော် AA သိမ်းပိုက်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိပြီး ယခုရက်ပိုင်းအတွင်း ရခိုင်ရိုးမတောင်ပေါ်က စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်လိုက်ပြီး ရိုးတောင်တစ်လျှောက်ကို AA က ထိန်းချုပ်လိုက်ပြီဖြစ်သည်။

    အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့ လက်လွှတ်မဆုံးရှုံးရစေရန် မွတ်ဆလင်များကို စစ်မှုထမ်းစည်းရုံးကာ သင်တန်းပေးနေသလို ALP ကိုလည်း စစ်သင်တန်းများပေးကာ AA ထိုးစစ်ကို ခုခံကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

    ယင်းအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဟုဆိုသောကြောင့် စစ်တွေမြို့က ဝန်ထမ်းအသိုင်းအဝိုင်းထဲက အမျိုးသမီးအချို့နှင့် လက်လုပ်လက်စား အမျိုးသမီးများမှာ စစ်မှုထမ်းပါရန် အလွန်စိုးရိမ်လျှက်ရှိနေကြသည်။

  • စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

    စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

    အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဇန်နဝါရီ ၂၇ ရကိ မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်တာပါ။

    ဒါ့အပြင် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က အသိပေးထားပါတယ်။

    အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)မှာ စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့ ဇန်နဝါရီ ၂၇ရက်မှာ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

    ဒါဟာ AA ကနေ ရခိုင်ရိုးမတောင်တန်းတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

    “ဂုတ်စီးရိုးစခန်းကိုလည်း AA က ရသွားပြီ.. ဒါပြီးရင် တုန်းဟီးစခန်းရှိမယ်… အဲ့ဒါပြီးရင်တော့ နတ်ရေကန်ပေါ့နော် အဲ့ဒါပြီးရင်တော့ အဆင်းလမ်း ပုသိမ်-မုံရွာလမ်းဆုံကို ရောက်ပါပြီ… ဒါက မကွေးတိုင်းထဲအထိကို ဝင်ရောက်လာနိုင်တဲ့ အနေအထားမျိုးပါ၊ ဧရာဝတီကတော့ မော်တင်စွန်းအထိကို ဆက်ပြီး ချီတက်မယ့် သဘောရှိပါတယ်၊ ပဲခူးတိုင်း ပဒါန်း-ရွှေစက်တော်ဘက်မှာလည်း တိုက်ပွဲတွေ ပိုစိပ်လာနိုင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

    အခုလို AA ကနေ နယ်စပ်စခန်းတွေကို စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်နေတာဟာ စစ်ကောင်စီရဲ့ အင်အားတွေကို ဘယ်ပို့ရမှန်းမသိအောင် စစ်ဗျူဟာလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုပါတယ်။

    “AA နဲ့အတူ ပူးပေါင်းတိုက်နေတဲ့ ဒေသခံတပ်ဖွဲ့တွေလည်းရှိပါတယ်… အဲ့ဒါတွေအတွက် လမ်းဖွင့်တာပေါ့နော်၊ လမ်းဖွင့်တယ်ဆိုတာက တဖက်မှာ စစ်ရေးအရှိန်တိုးထားလိုက်ရင် စစ်ကောင်စီက ကျန်နေတဲ့မြို့တွေကို အင်အားတိုးရမှာလား.. ဘယ်ကိုအင်အားတိုးရမှာလဲပေါ့နော် စကစက ဘယ်အကွက်ကို ရွှေ့ရမလဲ မသိအောင် စစ်မြူတာမျိုးလည်း ဖြစ်နိုင်ပါတယ်၊ ပြီးတော့ တစ်နေရာတည်းကနေ AA ချည်းပဲ တိုက်နေလို့ မရဘူးပေါ့နော်… တခြားနေရာတွေကပါ စစ်မျက်နှာဖွင့်မှ ဇောက်ချတိုက်နေတဲ့ AA အတွက်လည်း လုပ်ရကိုင်ရတာ ပိုလွယ်မှာပေါ့” လို့ သူကဆိုပါတယ်။

    ဒါဟာ AA က ရခိုင်ပြည်နယ်ထဲက သိမ်းဖို့ကျန်နေတဲ့ မြို့ (၃) မြို့ကို အထိအခိုက် အပျက်အစီး အနည်းဆုံးအဖြစ် သိမ်းပိုက်နိုင်အောင် ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။

    AA ဟာ ရခိုင်ပြည်နယ်မှာ မြို့ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်တို့ကို သိမ်းပိုက်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

    ဗိုလ်ကြီးဇင်ယော်က “သိမ်းဖို့ကျန်တဲ့ မြို့တွေကလည်း စစ်ရေးအနေအထားအရဆို ဝိုင်းပတ်ပိတ်ဆို့ထားပြီးပြီဗျ၊ ပြောရမယ်ဆိုရင် ခြင်းထဲကကြက် အနေအထားမျိုး ထားထားတာပါ” လို့ ပြောပါတယ်။

    တဖက်မှာလည်း AA တပ်တွေဟာ ရခိုင် ရိုးမတောင်တန်းအထက်က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၅ ရက်ခန့်အကြာ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    တဆက်တည်းမှာပဲ ရခိုင်နယ်စပ် ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပွိုင့် (၂၆၃) စခန်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေရယူကာ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် AA ရဲ့တိုက်ခိုက်မှုကြောင့် အဆိုပါစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့ ဖော်ပြထားပါတယ်။ ထိတွေ့တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း AA က စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

    ပုံစာ – တစ်မြို့ပြီးတစ်မြို့ သိမ်းယူနေသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ စစ်သုံ့ပန်းများ (ပုံဟောင်း)

  • အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁အတွင်း အင်းစိန်လူမိုက် ကျင်ဟုတ်သည် အကိုဖြစ်သူ လူမိုက် ကျော်ဝင်းစိန်နှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သူဟုဆိုသည်။

    “ကျင်ဟုတ်က မရမ်းကုန်း (၁)ရပ်ကွက်ထဲက မနေ့တနေ့က ရောက်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းတယ်။စစ်တပ်ထဲထည့်တယ်။ပိုက်ဆံရှိတဲ့သူဆို ငွေညှစ်တယ်။အခုလည်း ဘုရင့်နောင်ပွဲရုံထဲမှာပါ လောင်းကစားရုံ ဖွင့်ပြီး သောင်းကျန်းနေတယ်”ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦး​က ပြောသည်။

    မရမ်းကုန်းမြို့နယ်၊သမိုင်း (၁)ရပ်ကွက်သို့ လူမိုက်ကျင်းဟုတ် ရောက်ရှိလာပြီးနောက်ပိုင်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ တပည့်ဆိုသူများက ဘုရင့်နောင်ပွဲရုံတွင်ပါ မိုက်ကြေးခွဲဆက်ကြေးတောင်းမှုရှိကြောင်းလည်း သိရသည်။

    “သိရသလောက်ဆို ငါးယောက်လောက်က စစ်ထဲပါသွားတယ်။ကျန်တဲ့ လေးငါးယောက်လောက်က ကျပ်သိန်း ၂၀၊ ၃၀ ပေးပြီး ပြန်ရွေးရတာရှိတယ်။စိန်ဝင်းမြင့်က အရင်ကအဲဒီလောက်မဆိုးဘူး။အခု ကျင်ဟုတ် နဲ့ပေါင်းပြီး တော်တော်ဆိုးလာတာ”ဟု မရမ်းကုန်း (၁)ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

    လူမိုက်ဂိုဏ်းနယ်ပယ်တွင် အကိုဖြစ်သူကျော်ဝင်းစိန်နှင့် ညီ​ဖြစ်သူကျင်ဟုတ်တို့သည် အင်းစိန်နှင့်ရွှေပြည်သာမြို့နယ်အပိုင်စားဟု လူသိများသည်။ အကိုဖြစ်သူ ကျော်ဝင်းစိန်မှာ ၂၀၂၃ ဒီဇင်ဘာ ၈ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တွင် သတ်ခံခဲ့ရသည်။

    (အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်အား တွေ့ရစဉ်)

  • မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား  စကားများပြီး ပစ်ခတ်မှုဖြစ်

    မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား စကားများပြီး ပစ်ခတ်မှုဖြစ်

    ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သားများ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    မြန်အောင်မြို့မှ ကြံခင်းမြို့ဘက်သို့အထွက် မြို့စွန်ရှိ KTV တခုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ ညပိုင်း၌ ကွင်းကောက်တပ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ( ၃ ) ဦးနှင့် မြန်အောင်မြို့ နယ်မြေခံရဲတို့ အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ သူတို့ အချင်းချင်း ဆော်ညှိတဲ့ ကိစ္စကနေပြီးတော့ မြန်အောင်ရဲက လိုချင်တာနဲ့ အဲ့ကိစ္စတွေပဲ နေမှာပါ။ အချင်းချင်းပြသနာတက်တာကနေ စစ်တပ်ကကောင်က လေပေါ်ကို သေနတ်ဖောက်တယ်။ ဖောက်တော့ ရဲက G1 နဲ့ တိုင်ရမလားလုပ်တော့ မင်းက ငါ့ကို G1 နဲ့ ချိန်းခြောက်တယ်ဆိုပြီးတော့ နောက်ကနေ လိုက်ပစ်တာ မြန်အောင်ရဲက ထွက်ပြေးရတယ်” ဟု မြန်အောင်မြို့ခံ တစ်ဦးက ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။

    ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထွက်ပြေးသည့် ရဲ လည်ပင်းကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

    ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း အဓမ္မစုဆောင်းသည့် သတင်းများကြောင့် ဒေသခံအများစု ညပိုင်းတွင် အပြင်ထွက်ခြင်း မရှိကြတော့ဘဲ KTV များတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများသာ အများဆုံးသွားလာ ပျော်ပါးနေကြကြောင်း ဒေသခံများထံမှ သိရသည်။