Category: News

  • မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    မောင်တောမြို့ထဲတွင် ပြည်သူများ လုံခြုံရေးအတွက် အာရက္ခတပ်တော် AA က နေ့ ၊ည ကင်းလှည့်

    အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ထားသည့် မောင်တောမြို့ထဲတွင် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် အာရက္ခတပ်တော်က နေ့၊ ည မပြတ် ကင်းလှည့်နေသည်ကို ကွင်းဆင်းတွေ့ရှိခဲ့ရသည်။

    ဘူးသီးတောင် ၊ မောင်တောတွင် အကြမ်းဖက် ARSA ၊ RSO ၊ ARA အဖွဲ့များသည် ပြည်သူများအား ခြုံခိုပစ်ခတ်ခြင်းနှင့် နေအိမ်များသို့ ဝင်ရောက်သတ်ဖြတ်ခြင်းများ ရှိနေသောကြောင့် အာရက္ခတပ်တော်က လုံခြုံရေး တင်းကြပ်စွာ ထားရှိခြင်းဖြစ်သည်ဟု မောင်တော ဒေသခံများက ပြောသည်။

    ယခုလို အာရက္ခတပ်တော် AA က ပြည်သူများလုံခြုံရေးအတွက်နေ့ညမပြတ် ကင်းလှည့် စောင့်ရှောက်ပေးနေသည့် အတွက် လုံခြုံမှုရှိသည်ဟု ခံစားရကြောင်း မောင်တောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

    ” အခုလို နေ့ရော့ ၊ ညဥ့်ပါ ကင်းလှည့်စောင့်ရှောက်ပေးတဲ့အတွက် အာရက္ခတပ်တော် AA ကို အထူးကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျမတို့က စိတ်ချလက်ချ စျေးရောင်းနိုင်တယ်၊ သွားလာနိုင်တယ်။ ညဥ့်အချိန်လည်း လုံလုံခြုံခြုံအိပ်စက်နိုင်တယ်။ ပိုပြီးတေ့ာ လုံခြုံမှုရှိသလို ခံစားလာရတယ်” ဟု ဆိုသည်။

    အာရက္ခတပ်တော် AA က မောင်တောမြို့ကို ၂၀၂၄ ၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၅ ၊ဇန်နဝါရီလ ၁ ရက်နေ့တွင် အာရက္ခတပ်တော်က မောင်တောမြို့မှ စစ်ဘေးရှောင်ပြည်သူများကို မြို့ထဲသို့ ပြန်ဝင်ခွင့်ပေးခဲ့ရာတွင် မိသားစု၊ နာမည်များကို စိစစ်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

    ဇန်နဝါရီလ ၁ ရက် မှ ၂၆ ရက်နေ့ထိ မောင်တောမြို့ ရပ်ကွက် ၁၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၇ နှင့် အောင်ဗလရွာတို့တွင် အိမ်ထောင်စု ၈၉၉ စုမှ လူဦးရေ ကျား/မပေါင်း ၂၀၀၀ နီးပါး ဝင်ရောက်နေထိုင်နေပြီဟု အာရက္ခပြည်သူ့အစိုးရထံမှ သိရသည်။

    ထို့အပြင် ၂၀၂၅ ခုနှစ် ၊ ဇန်န၀ါရီလ ၂၃ ရက်နေ့မှစတင်ပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် မူဆလင်ပြည်သူများကိုလည်း အာရက္ခတပ်တော် AA က နေရပ်ပြန်ခွင့်ပေးခဲ့ပြီး ၂၇ ရက်နေ့အထိ ၄ ရက်အတွင်း မူဆလင်ပြည်သူ အိမ်ထောင်စုအရေအတွက် ၅၄၁ စု၊ လူဦးရေ ကျား၊မပေါင်း ၂၆၀၀ ဦး နေရပ်ပြန်ပို့ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

  • လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    လုံခြုံရေး စိုးရိမ်ရသည့်အတွက် စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းရန် စစ်ကောင်စီ စီစဉ်နေ

    တော်လှန်ရေးအင်အားစုများက အချိန်မရွေးတိုက်ခိုက်လာနိုင်သဖြင့် လုံခြုံရေးစိုးရိမ်နေရသည့်အတွက် ပြင်ဦးလွင်ရှိစစ်တက္ကသိုလ်ကို နေပြည်တော် ရေဆင်းတက္ကသိုလ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံက သိရသည်။

    နေပြည်တော် ဇေယျသီရိမြို့နယ်အတွင်းရှိ ရေဆင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်နှင့် သစ်တောတက္ကသိုလ်တို့ရှိပြီး အဆိုပါတက္ကသိုလ်များကို ဧရာဝတီတိုင်းအတွင်းရှိ မအူပင်မြို့နယ်ကို ပြောင်းရွှေ့ရန် လျာထားကြောင်း အဆိုပါအစီအစဉ်ကို သိရှိသည့် အရာရှိကြီးအချို့ထံမှ သိရသည်။

    “စစ်တက္ကသိုလ်ကို နေပြည်တော်ပြောင်းဖို့ စီစဉ်နေတာပါ။ ဒီနှစ်အတွင်း နေပြည်တော် တက္ကသိုလ် သုံးခုက ကျောင်းသားတွေပြောင်းဖို့ကိစ္စ ကြိုတင်စီစဉ်ခိုင်းထားပါတယ်” ဟု နေပြည်တော်မှ သတင်းရင်းမြစ်က ပြောသည်။

    လတ်တလောတွင် ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး ယခင်ကလည်း ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

    “စစ်တက္ကသိုလ်ကို ပြောင်းဖို့ဆိုတာ စစ်ခေါင်းဆောင်တွေမှာ စဉ်းစားချက်က ရှိပြီးသား။ ဒါပေမယ့် ဘယ်နေရာကို ပြောင်းမလဲဆိုတာ တွက်ချက်နေတယ်လို့ထင်တယ်။ မိတ္ထီလာ၊ မှော်ဘီနဲ့ ရန်ကုန်က စစ်ဆေးတက္ကသိုလ်နေရာတွေကို စဉ်းစားတဲ့အခါ အကန့်အသတ်တွေရှိနေတယ်။ နေပြည်တော်ရေဆင်းလိုနေရာမျိုးဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်နေရာ ရွှေ့ရွှေ့ တော်လှန်ရေးအင်အားစုတွေ လက်ကမလွတ်နိုင်ပါဘူး” ဟု စီဒီအမ်ဗိုလ်မှူး နောင်ရိုးက ပြောသည်။

    စစ်တက္ကသိုလ်တစ်ခုအနေဖြင့် စာသင်ဆောင်၊ ပိပ်ဆောင်၊ လေ့ကျင့်ရေးကွင်း နှင့် ရာသီဥတုအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း ပြင်ဦးလွင်သည် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသည့်အတွက် အရေးပေါ်ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်မှာ သေချာကြောင်းလည်း ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပြုသည်။

    နေပြည်တော် ဇေယျာသီရိမြို့နယ်သည် စစ်ရုံးချုပ်တည်ရှိပြီး စစ်ခေါင်းဆောင်များလည်း နေထိုင်သည့် မြို့နယ်ဖြစ်သည်။

    ဓာတ်ပုံ-အင်တာနက် (ပြင်ဦးလွင်စစ်တက္ကသိုလ်)

  • ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ကျပ်သိန်း ၅၀ ထိ ဈေးပေါက်

    ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ကျပ်သိန်း ၅၀ ထိ ဈေးပေါက်

    အလည်အပတ်ဗီဇာ PV(Passport for visit) ဖြင့် ပြည်ပထွက်မည့်သူများ အနေဖြင့် ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ဝန်ဆောင်မှု ယူမည်ဆိုပါက မြန်မာငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရကြောင်း ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များက ပြောသည်။

    ပြည်ပထွက်မည့်လူ ခုနစ်ဦးကို မေးမြန်းရာတွင် သုံးဦးက လေယာဉ်မထွက်မီ ၎င်းတို့ထံမှ အကျိုးဆောင်ခ ပိုက်ဆံလာတောင်းကြောင်း ပြောသလို လမ်းကြောင်းရှင်းပေးနေသူ တဦးကလည်း အကျိုးဆောင်ခ ပေါက်ဈေးသည် ကျပ်သိန်း ၅၀ ဝန်းကျင်ရှိကြောင်း ပြောသည်။

    လူကြီးလမ်းကြောင်းရှင်းခဆိုသည်မှာ ရန်ကုန်လေဆိပ်တွင် အရစ်မခံရအောင်နှင့် အတားအဆီးမခံရအောင် လေဆိပ်တွင် တာဝန်ကျနေသည့် စစ်တပ်၊ ရဲဝန်ထမ်းများ နှင့် ပွဲစားများမှ ပူးပေါင်း လုပ်ဆောင်ပေးကာ ၎င်းတို့အတွက် အခကြေးငွေ ပြန်လည်ပေးဆောင်ရခြင်းကို ဆိုလိုသည်။

    လူကြီးလမ်းကြောင်းရှင်းခ ကို VIP Pass ဟုလည်း ခေါ်ကြသည်။

    “ကျွန်တော် လက်မှတ်နှစ်ခါဆုံးတယ်။ သူတို့နဲ့ ချိတ်ထားပေမယ့်လည်း လေဆိပ်မှာ ဘာမှ သူတို့က လာလုပ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့သွားကြတာ ကိုယ်တိုင်အစအဆုံး ကိုယ့်ဟာကိုပဲ လုပ်ရပြီး ကျွန်တော့်သူငယ်ချင်းက အဆင်ပြေသွားတဲ့အခါကျတော့ သူ့ဆီကနေ ပိုက်ဆံတော့ လာတောင်းသွားတယ်။ မထွက်ရတဲ့ ကျွန်တော့်ကိုကျတော့ ဘာမှတောင် လာမပြော၊ ဘာမှလဲ မလုပ်ပေးဘူး” ဟု ပြည်ပထွက်ခွာခွင့် ငြင်းပယ်ခံခဲ့ရသည့် လူငယ်တဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလပိုင်းက ရန်ကုန်လေဆိပ်တွင် အလည်ဗီဇာများ ထွက်ခွာခွင့်မရကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် “လူကြီးလမ်းကြောင်းရှင်းခ” ဈေးကွက်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

    ပထမအကြိမ် ပြည်ပထွက်မည့်သူများအတွက် အမျိုးသမီးဆိုပါက ကျပ်သိန်း ၄၀ ခန့် ဝန်ဆောင်ခယူပြီး အမျိုးသားဆိုပါက ၄၅ သိန်း ဝန်ဆောင်ခယူကာ ဒုတိယအကြိမ် ပြည်ပ ထပ်ထွက်မည့်သူဖြစ်ပါက ကျပ်သိန်း ၅၀ အထက် ယူကြောင်း အဆိုပါ ဝန်ဆောင်မှု လုပ်ဆောင်ပေးနေသူက ပြောသည်။

    ထွက်ခွာခွင့်ရ၍ လေယာဉ်ပေါ်တက်ခါနီးမှသာ ငွေပေးချေရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

    “လေဆိပ်မှာ ပြန်မလှည့်ရအောင် ကျွန်တော်တို့က ဝန်ဆောင်ပေးတာပါ။ ပိုက်ဆံက ကြိုလဲ မပေးရပါဘူး။ အကုန် Pass ဖြစ်မှ လေယာဉ်တက်ဖို့စောင့်နေတဲ့အချိန်မှ ပေးရမှာပါ။ လုပ်ပေးတဲ့ အရာရှိနာမည်ကိုတော့ ပြောပြလို့ မရပေမယ့် ကိုယ်တိုင်သွားလုပ်ပြီး ပြန်လှည့်ရလို့ နောက်တကြိမ် ထပ်ထွက်ရမယ်ဆိုရင်တော့ သိန်း ၅၀ အထက်ဈေးပါပဲ”ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထွက်ပေါ်လာသည့် ယခုရက်ပိုင်းမှစ၍ ရန်ကုန်လေဆိပ်၌ “လူကြီးလမ်းကြေင်းရှင်းခ” ဝန်ဆောင်ခသည် ယခင်ကထက် ငါးဆခန့် ခုန်တက်သွားကြောင်း သိရသည်။

    စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းအမိန့်စာရရှိထားသူများနှင့်ဆေးစစ်အောင်မြင်ပြီးသူများသည် ပြည့်သူစစ်မှုထမ်းခြင်းကို ကင်းလွတ်ခွင့်ပြုရန်၊ လျော့ပေါ့ပေးရန် ၊ ရွေ့ဆိုင်းရန် လျှောက်ထားခဲ့ပါက ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့် မရမီ ပြည်ပထွက်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

    ယင်းကြောင့် ပြည်ပဝန်ဆောင်မှု လုပ်ငန်းရှင်များအနေဖြင့်လည်း ပြည်ပသွား ရောက် အလုပ်လုပ်ကိုင်မည့်သူများကို ပိုမိုစိစစ်ရန် လိုအပ်လာပြီး လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေကြရသည်။

    ပြည်ပဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက “ အစ်ကိုတို့အနေနဲ့လည်း အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေကို သေချာစိစစ်မေးမြန်းဖို့ ပိုလိုအပ်လာတာပေါ့။ သူတို့ဘက်ကလည်း သေချာ ပွင့်ပွင့်လင်းလင်း ပြောပြ သင့်တာပေါ့နော် ကိုယ်က စစ်မှုထမ်း စာရင်းပါလား၊ ဆေးအောင်ပြီးသားလား ဆိုတာကို မဟုတ်ရင် အကုန်လုံး အလုပ်ရှုပ်တာပေါ့လေ။ အခုကတော့ အေဂျင်စီတွေ အနေနဲ့လည်း တော်တော်ခက်ခဲလာတယ်။ အမှန်အတိုင်းပြောရရင် ပို့ရမယ့်လူကို မရှိတော့ဘူး” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ခေါ်ယူထားပြီး အမှတ်စဉ် တခုတွင် သင်တန်းသား ၅,၀၀၀ ခေါ်ယူရန် သတ်မှတ်ထားကာ နည်းဥပဒေ ၂၉ အရ အမိန့်စာဆင့်ခေါ်ရမည့် လူစာရင်းအနက် လိုအပ်သည့်အရေအတွက်အပေါ် မူတည်၍ ဆန္ဒပြုသူကို ဦးစားပေးရွေးခေါ်ရန်နှင့် ဆန္ဒပြုသူအရေအတွက်သည် မပြည့်မှီပါက မဲနှိုက်ရွေးချယ်ရမည့်နည်းလမ်းကို အသုံးပြုရမည်ဟု ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ဖော်ပြထားသည်။

    ပုံအညွှန်း- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- AFP)

  • အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၈ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၈ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defense Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်းက ပြောကြားသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော အ ကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ အမ်း – ပဒါန်း လမ်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး MA-1 အမျိုးအစား သေနတ် ၅ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုးအစား သေနတ် ၁ လက်၊ MA-15 အမျိုးအစား သေနတ် ၁ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

    “တိုက်ပွဲတော့မဖြစ်ခဲ့ဘူး။ တားဆီးတဲ့အချိန်မှာလည်း ဒီတစ်ခါတော့ ပြန်လည်ပစ်ခတ်တာမျိုး မဖြစ်ခဲ့ ကြဘူး။ ဒါပေမယ့် ၁၇ ယောက်လုံးကို တစ်နေရာတည်း တစ်ချိန်တည်းမိတာတော့ မဟုတ်ဘူး။ ရက် အသီးသီးမှာမှ ၁ ယောက်တည်းမိတာမျိုးလည်း ရှိသလို၊ နှစ်ယောက်တစ်ဖွဲ့၊ ၅ ယောက်တစ်ဖွဲ့၊ ၄ ယောက်တစ်ဖွဲ့ ဒီလိုမျိုးတွေလည်း ရှိပါတယ်၊ ဖမ်းဆီးရမိတဲ့အထဲမှာလည်း လက်နက်ပါတဲ့သူရှိသလို လက်နက်တွေကို တောတောင်တွေထဲမှာ စွန့်ပစ်ခဲ့တဲ့သူ၊ ရခိုင်ပြည်နယ်ထဲက သူတို့တပ်စွဲထားတဲ့ စခန်းတွေမှာ လက်နက်တွေဖွတ်ခဲ့ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ပြေးလာကြသူတွေလည်းရှိတယ်” ဟု Chin Defense Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်းက ပြောကြားသည်။

    ဖမ်းဆီးရရှိသူ စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာ ပြုစုထိန်းသိမ်းစောင့်ရှောက်ထားပြီး ကျန်း မာရေးမကောင်းသူ၊ နာတာရှည်ရောဂါပါလာသူ၊ ခြေလက်မသန်စွမ်းတဲ့သူများကို အစွမ်းရှိသမျှ ဆေးဝါး ကုသပေးထားကာ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။

  • ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး

    ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး

    ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေ

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီးတွင် အရက်မူးပြီး ရေးဆင်းကူးသည့် ရဲ ၃ ဦး နေနစ်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ သီတာမောင်တော်နှမတော်နှင့် အမေသီတာ နတ်နန်း အနီးရှိ ချောင်းထဲတွင် အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေတိမ်နစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ရဲများသည် ဟင်္သာတမြို့ မှ အင်အားဖြည့်ရန် ရေကြည်မြို့နယ်ကို ပို့ဆောင် ခံထားရသူများဖြစ်ကြောင်း၊ ၎င်းတို့ ရေနစ်သေဆုံးခဲ့သော နေရာများသည် ရိုးရာ နတ်နန်းများရှိသည့်အတွက် အရက်သေစာ သောက်သုံးကာ မထီမဲ့မြင် ပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲ ကျင်းပနေသော မဏ္ဍပ်များ၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက အန္တရာယ်ကင်းပဌာန်း ရွတ်ဖတ်ရန် မဏ္ဍပ်တိုင်းကို ဖိအားပေးစေခိုင်းနေခြင်းဖြစ်ပြီး ပဌာန်းရွတ်ဖတ် ပူဇော်ရန် စီစဉ်ပြီးသော မဏ္ဍပ်များအနေဖြင့် သတ်မှတ်ရက် အချိန်အတိုင်း ရွတ်ဖတ် ပူဇော်ပြီး ရပ်ကွက်လူကြီးများမှ တဆင့်မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ပေးပို့ပေးကြရန် နှင့် စီစဉ်ထားခြင်းမရှိသော မဏ္ဍပ်များအနေဖြင့်လည်း ရွတ်ဖတ်ပူဇော်နိုင်ရေး လိုက်လံ ဖိအားပေးခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိချိန်တွင် AA ၏ ထိုးစစ်များကြောင့် ချောင်းသာနှင့် ပုသိမ်မြို့ အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကြောက်လန့်နေခြင်းဖြစ်ပြီး ဘောမိရွာ တိုက်ပွဲတွင် ထိခိုက် ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့သော စစ်သားမသာအလောင်းများကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွှေမြင်တင် မီးသဂြိုလ်စက်၌ ထပ်မံသဂြိုလ်နေကြောင်း သိရှိရသည်။