Category: News

  • မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ

    မန္တလေးမှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ အကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုတွေ ပိုလုပ်လာ

    ဖုန်းစစ်ဆေးရာမှာ VPN သာမက ဖုန်း Contact list တွေအထိ စစ်ဆေးနေ

    မန္တလေးမြို့မှာ ယခု ဇန်နဝါရီ လဆန်းကစလို့ စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ ပိုမို လုပ်ဆောင်နေပြီး ဖုန်းတွေကို အဓိကထား စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၁ရက်မှာ စစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေကို အတည်ပြုပြီးနောက် အခုလို စစ်ဆေး ငွေညှစ်တာတွေ ပိုလုပ်နေတာ ဖြစ်ပြီး ဖုန်းတွေကို စစ်ဆေးရာမှာ VPN (Virtual Private Network) သာမက Contact list (ဖုန်းနံပါတ် မှတ်တမ်းစာရင်း) တွေ၊ Call History (ခေါ်ဆိုမှုမှတ်တမ်း) တွေအထိ စစ်နေတယ်လို့ ဆိုပါတယ်။

    မန္တလေးမြို့တွင်း လမ်းမတွေပေါ်မှာ စစ်အုပ်စု၊ ရဲ၊ ယာဉ်ထိန်း၊ ပျူစောထီး၊ မီးသတ်၊ ရပ်ကွက်လုံခြုံရေး စတဲ့ လက်နက်ကိုင်တွေရော၊ အရပ်ဝတ်တွေရော အပါအဝင် အင်အား ၅၀ လောက် ပါတဲ့ အဖွဲ့တွေနဲ့ လမ်းသွား လမ်းလာတွေကို တားဆီးစစ်ဆေးကာ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ ဖြစ်ပြီး ရှောင်လို့မလွတ်အောင်ကို စစ်ဆေးနေတာလို့ ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူတွေက ဆိုပါတယ်။

    “သူတို့ (စစ်အုပ်စု)က အဓိက ကတော့ သာမန်လူ ဆိုလို့ရှိရင် ဆိုင်ကယ် ဦးထုပ်လောက်နဲ့ ယာဉ်မောင်း လိုင်စင် လောက်နဲ့ပဲ စစ်တာပဲ ရှိတာ။ လူငယ် လူရွယ်တွေ လူလတ်ပိုင်းတွေ ဆိုလို့ရှိရင်တော့ ဖုန်းကို အဓိကထားပြီး စစ်တာပေါ့နော။ စစ်တဲ့ဟာက သူတို့က အဓိကက မော်တော်ပီကယ်ကတော့ ယာဉ်မောင်းလိုင်စင်တို့ ဆိုင်ကယ် ဦးထုပ်တို့ ဘာတို့ စစ်တယ်။ စစ်သားနဲ့ ရဲနဲ့ကတော့ ဖုန်းကို ယူစစ်တယ်။ သူတို့ ဘာကို အဓိကထားပြီး ဝင်ကြည့်လဲ ဆိုတော့ VPN ကြည့်တယ်၊ VPN မတွေ့တော့ မေးတယ်၊ မင်း Facebook မသုံးဘူးလားဆိုတော့ Facebook က ဘယ် VPN ချိတ်ရမယ်မှန်း မသိတာနဲ့ မသုံးဖြစ်ဘူးဆိုပြီးတော့ ပြောရတာပေါ့နော။ နောက်တစ်ခုကကျ သူတို့ Titok ကို ဝင်ကြည့်တယ်။ Titok ကို ဝင်ကြည့်ပြီးတော့ ကျွန်တော်တို့တောင်မှ မရှာတတ်ပါဘူး။ ကျွန်တော်လည်း Titok သုံးတယ်ဆိုတာ တက်လာတဲ့ဟာလေးတွေလောက် ကြည့်တာဆိုတော့ ဟိုလိုလည်း မသုံးဖြစ်ဘူး။ ဒါပေမဲ့ သူတို့က ဘယ်လို ဝင်ကြည့်တာလဲတော့ ကျွန်တော် မသိဘူး။ Titok ထဲမှာ သူက follow လုပ်ထားတဲ့ဟာတွေ ကြည့်တယ်။ ပြီးလို့ရှိရင် Titok ထဲကနေပြီးမှ အသဲလေးတွေ ပေးထားတဲ့ file တွေ သူတို့ ဝင်ကြည့်တယ်။ အဲ့ထဲကနေမှ ဒီဘက် (တော်လှန်ရေး)ကဟာတွေနဲ့ ပတ်သက်တဲ့ဟာတွေ့ရင် သူတို့ ဆွဲစိ(ဖမ်း)မယ့်ပုံပေါ့နော်။ ကျွန်တော်က Titok ထည့်ပဲ ထားတာရှိတာ ဘာမှမသုံးတော့ သူတို့မတွေ့ဘူး။ သူတို့ အဲ့ထဲတွေ ဝင်ကြည့်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    စစ်အုပ်စုက Social media (ဆိုရှယ်မီဒီယာ) တွေတင်မကဘဲ ဆက်သွယ်ရေး Application (အက်ပ်လီကေးရှင်း) တွေကိုလည်း ဝင်ကြည့်ပြီး စစ်ဆေးတာတွေ လုပ်တယ်လို့ ဆိုပါတယ်။

    “Viber, Telegram အဲ့ဒီဟာတွေလည်း ကြည့်တယ်။ Telegram ဆိုလို့ရှိရင်လည်း channel တွေ join ထားတာ ရှိလားပေါ့နော။ Viber ဆိုလို့ရှိရင်လည်း စကားပြောထားတာတွေ စာပေးစာယူလုပ်ထားတာတွေပေါ့” လို့ စစ်အုပ်စုက စစ်ဆေးငွေညှစ်တဲ့အကြောင်းကို အထက်ပါ မြို့ခံ အမျိုးသားက ပြောပါတယ်။

    ဒါ့အပြင် Phone contact list (ဖုန်းနံပါတ် မှတ်တမ်းစာရင်း) နဲ့ Phone call list (ဖုန်းခေါ်စာရင်း) တွေ အထိပါ ရှာဖွေ စစ်ဆေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

    “ဖုန်း contact list ကို ဝင်ကြည့်ပြီးတော့မှ သူတို့ထဲမှာ ရှိတဲ့စာရင်း၊ အဲ့တာကိုတော့ ကျွန်တော် မမြင်ရဘူး။ သူတို့ထဲမှာ ဖုန်းနံပါတ်တချို့ ရှိလိမ့်မယ် ထင်တယ်၊ အဲ့ဒီဖုန်းနံပါတ်တွေကို သူတို့ ရိုက်ကြည့်တယ်။ contact list မှာ ရှိလား၊ phone call list မှာ ရှိလား၊ ရိုက်ကြည့်တယ်နဲ့တူတယ်”

    မန္တလေးမှာ စစ်အုပ်စုက ရှောင်လို့ မလွတ်အောင်ကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပြီး အဓိကအားဖြင့် ငွေညှစ်ဖို့ စစ်ဆေးတာ ဖြစ်ပေမယ့် တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ဖမ်းဆီးနိုင်ဖို့၊ စစ်အုပ်စုကို ပိုမို ရိုသေ ကျိုးနွံလာဖို့ အတွက်ပါ အာဏာပြ စစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

    မန္တလေးမှာ စစ်အုပ်စုက ဖုန်းစစ်ဆေးတာတွေ ပိုများလာပြီး စစ်ဆေးခံရသူ အများစုကို အပြစ်မရှိ အပြစ်ရှာပြီး ငွေကျပ် ၃၀,၀၀၀ ၊ ၅၀,၀၀၀ စသဖြင့် ငွေညှစ်တောင်းယူလေ့ ရှိတယ်လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ တစ်ခုဖြစ်တဲ့ Voice of Mandalay – Vomdy က ပြောပါတယ်။

    “စစ်ဆေးမှု နေ့တိုင်း ပိုများလာတယ်၊ ဆိုင်ကယ်ဦးထုပ် ပါပြီး အကုန်ပြည့်စုံရင်တောင် ဖုန်းယူ စစ်ကြတယ်၊ အရင်က အစစ်အဆေး နေရာတွေဆို တူးဘောက် (ဆိုင်ကယ် Tool Box) ကိုပဲ စစ်ဆေးကြတာ၊ ဆိုက်ဘာဥပဒေ ထုတ်ပြီးနောက်ပိုင်းတော့ နေရာ တော်တော်များများ ဖုန်း စစ်လာကြတယ်၊ စကစရဲ့ ဆိုက်ဘာ ဥပဒေကတော့ သိတဲ့အတိုင်းပဲ VPN စစ်တယ်ဆိုတာကတော့ အောက်ကကောင်တွေရဲ့ ငွေရှာပေါက်ပေါ့ဗျာ”

    စစ်ဆေးသူ အများစုဟာ ပျူစောထီးနဲ့ ရပ်ရွာလုံခြုံရေး အမည်ခံ အပြာယူနီဖောင်းဝတ်တွေ ဖြစ်ပြီး ငွေရဖို့ အဓိကထား စစ်ဆေးနေကြကာ အခုလို လမ်းပေါ်မှာ ပြည်သူတွေရဲ့ ဖုန်းတွေကို ယူငင်စစ်ဆေးတာဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာကိုတောင် သိရှိသဘောပေါက်ကြဟန် မရှိဘူးလို့ မန္တလေးမြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

    “လူ့အခွင့်အရေးကို အဆုံးထိ ချိုးဖောက်နေတာပဲလေ။ ကိုယ့်ဖုန်းတောင် စိတ်ကြိုက် ယူစစ်ကြတယ်။ အပြင်သွားရင်တောင် မလုံခြုံဘူး ဘာမှ။ မန္တလေးက စစ်တာတွေက သူခိုး၊ဓားပြထက် ပိုကြောက်နေရတယ်။ ခုက စစ်ရင် ရခ နဲ့ စခ တွေ များတယ်။ တချို့ဆို ‌အဖြူကောင်တွေ (ယာဉ်ထိန်း) သိပ်မပါဘူး။ ရခတွေနဲ့ အရပ်ဝတ်ပဲ ပါပြီး စစ်ကြတာ။ လမ်းဆုံမှာတောင် မဟုတ်ဘူး။ လမ်းဘေးတွေကနေ ကွယ်ပြီး စောင့်နေတာ။ ပြီးမှ ထွက်ထွက် လာတာ”

    လမ်းပေါ်မှာ စစ်ဆေးနေတဲ့ စစ်အုပ်စုကို ရှောင်ရှားဖို့ မလွယ်ဘူးလို့ မြို့ခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

    “မြင်လိုက်လို့ ရှောင်လို့လည်း မရဘူး။ အဲ့ဒီ ယူနီဖောင်းဝတ်တွေက စစ်တယ်ဆေးတယ် လုပ်တယ်။ ဒါမဲ့ သူတို့ အရပ်ဝတ်တွေ၊ ပျူစောထီးလို ကောင်တွေက လမ်းထောင့်တွေ၊ တခြားလမ်းထောင့်တွေမှာ ပြန်ကွေ့တဲ့ဟာတွေကို ဖမ်းတာ ရှိတယ်။ အဲ့လိုမျိုး သွားရင်းလာရင်းနဲ့တောင်မှ ဖုန်း မယူသွားတဲ့ပုံစံမျိုးလည်း လုပ်လို့ မရလောက်ဘူး ထင်တယ်။ ဘာလို့လဲဆို ကျွန်တော့်ဘေးမှာ စစ်ခံရတဲ့ ယောက်ျားလေး နှစ်ယောက်ပေါ့နော။ သူတို့ဆိုလို့ရှိရင် စစ်တယ်၊ ဖုန်းမေးတယ်ပေါ့နော် တစ်ယောက်က ဖုန်းမပါဘူးတဲ့။ ဖုန်းမပါဘူးဆို မင်းဖုန်း ဘယ်မှာတုန်းဆို မီးမလာလို့ အားသွင်းထားခဲ့တာပေါ့နော်၊ မရဘူး၊ မင်းဖုန်းကို ပြန်သွားယူ ဘာညာအထိ လုပ်တာရှိတယ်။ ဒီကောင်တွေကိုက ခုနောက်ပိုင်း ဘယ်လို စီမံချက်လဲ မသိဘူး။ အဲ့တော့ ဖုန်းနှစ်လုံးလောက် ကိုင်ထားပြီး တစ်လုံးကို အလွတ် သီးသန့်ထားထားတာပဲ ကောင်းတယ်”

    အပြင်ထွက် သွားလာမယ်ဆိုရင် အရေးကြီးတဲ့ဖုန်းကို အိမ်မှာထားခဲ့တာမျိုး၊ ဘယ်နေရာတွေ စစ်ဆေးနေလဲ ဆိုတာကို ကြိုတင်စုံစမ်းပြီးမှ သွားလာတာမျိုး လုပ်သင့်တယ်လို့ မြို့ခံအချင်းချင်း အကြံပြုကြပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ စစ်အုပ်စုရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမှာ စစ်အုပ်စုရဲ့ ခွင့်ပြုချက် မရှိဘဲ VPN ထူထောင်တာ၊ ဝန်ဆောင်မှုပေးတာတွေ လုပ်ခွင့်မရှိဘဲ လုပ်ဆောင်ပါက ထောင်ဒဏ် တစ်လကနေ ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေ ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ အရေးယူမယ်လို ပါရှိပါတယ်။

    မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Social Media platform တွေဖြစ်တဲ့ Facebook, Instagram, Twitter စတာတွေကို ၂၀၂၁ စစ်အာဏာသိမ်းစ ကတည်းက စစ်အုပ်စုက အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် VPN တွေကို ကြားခံပြီး အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

    “ဆိုက်ဘာလုံခြုံရေးဥပဒေကို အကြောင်းပြုကာ ဖုန်းများကို စစ်ဆေးပြီး မတရား ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်း များကို နေ့စဉ်ဆိုသလို ကျူးလွန်နေသည်ကို တွေ့ရှိရပါသည်။ …။ နေအိမ်ပြင်ပသို့ သွားလာသော အခါတွင် မိမိ သွားရမည့် လမ်းများပေါ်တွင် စစ်ဆေးမှုများ ရှိနိုင်သော အခြေအနေ ရှိပါက မိမိဖုန်းအတွင်းမှ VPN အပါအဝင် ဖျက်သင့် ဖျက်ထိုက်သည်များကို ကြိုတင် ဖျက်ထားကြရန်နှင့် ညအချိန်မတော် ဧည့်စာရင်း ဝင်ရောက် စစ်ဆေး ပါကလည်း VPN အပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များကို ဖျက်ထားကြပါရန်” လို့ မန္တလေးမှာ စစ်အုပ်စုက စစ်ဆေးငွေညှစ်တာတွေ လုပ်နေကြောင်း မန္တလေးသပိတ်အင်အားစုကလည်း ထုတ်ပြန်သတိပေးထားပါတယ်။

    မန္တလေးမှာ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ

  • စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ စစ်ကောင်စီကို နိုင်ငံရေးပါတီတွေ အကြံပေး

    စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ စစ်ကောင်စီကို နိုင်ငံရေးပါတီတွေ အကြံပေး

    စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက်နေ့ညက ဖော်ပြပါတယ်။

    ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်တွေက နိုင်ငံရေးပါတီတွေနဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်အပါအဝင် စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့သလို စစ်ကောင်စီရဲ့ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ၂၀၂၅ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံတော်အေးချမ်းအောင် လုပ်ဆောင်သင့်တဲ့ အစီအမံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လက်နက်ချအလင်းဝင်တာတွေ များလာအောင်လုပ်ဖို့ကိုလည်း အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးခဲ့ကြပြီး သဘောတူထားတဲ့ အချက် ၄၃ ချက်နဲ့ ဆက်လက်ဆွေးနွေးမယ့် အချက် ခုနစ်ချက် ရရှိထားသလို နိုင်ငံရေးတည်ငြိမ်အောင် အခြေခံဥပဒေရဲ့ တချို့ပုဒ်မကြီးတွေကို ပြင်ဖို့ ဆွေးနွေးထားတယ်လို့ တက်ရောက်လာတဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က စစ်ကောင်စီ သတင်းဌာနတွေကို ပြောထားပါတယ်။

    စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွှု်းခဲ့သလို တစ်နှစ်နီးပါးအကြာမှာ နည်းဥပဒေကို ဆက်လက် ပြဋ္ဌာန်းလိုက်တာပါ။

    စစ်မှုထမ်းသင်တန်းတွေကိုလည်း နည်းဥပဒေ မပြဋ္ဌာန်းခင်ကတည်းက ဖွင့်လှစ်နေတာ အခုဆိုရင် အပတ်စဉ် (၉) အထိ ရောက်နေပြီဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၁၁၆၀ ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦးရှိတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ်ပြန်ချက်အရ စစ်မှုထမ်းအမှတ်စဉ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,ဝဝဝ) ရှိပါတယ်။

    စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

  • မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

    မြစ်ကြီးနားလေတပ်ကို KIA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တော်လှန်ရေးတပ်များက အပြီးသတ် ထိုးစစ်ဆင်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်အတွင်းသို့ KIA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြော ဆို သည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းအတွင်းသို့ KIA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးသည် လေတပ်ဝင်းအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

    “ဟုတ်တယ်။ မြစ်ကြီးနား လေတပ် ကို ငါတို့လက်နက်ကြီးနဲ့ပစ်တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

    မြစ်ကြီးနားလေတပ်မှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မကြာ ခဏဆိုသလို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

    ထို့ပြင် ယနေ့ နံနက် ၆ နာရီမှစတင်၍ KIA က ဗန်းမော်မြို့တွင် ကျန်ရှိနေသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။

    “ဒီမနက် ဗန်းမော်မှာတိုက်ပွဲ ရက်စက်ပြင်းထန်နေပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

    ဗန်းမော်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကမူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက် နက်ကြီး ပစ်ခတ်မှုများကို အကြီး အ ကျယ် လုပ်နေပြီး ဒရုန်းများပါ တိုက်ပွဲအတွင်း အသုံးပြုနေကြောင်း၊ စကခ ၂၁ တွင် တိုက်ပွဲ အပြင်းအထန်ဆုံးဖြစ်ပွားနေကြောင်း ပြောဆိုသည်။

    ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေရာတွင် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ ၊ ၂၃၆၊ ၂၃၇ တပ်နှင့် ၃၆၆-အမတ ကျန်ရှိနေသေးကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ရန် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဗန်းမော်မြို့မှာမူ ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်

    Non-CDM ဝန်ထမ်းများစစ်မှုထမ်းရမည်

    ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။

    စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်သော်လည်း မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုသာ လက်ခံရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

    စစ်ဗိုလ်များသည်အရပ်ဘက်ပြောင်းပါက စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာများ ရသော်လည်း စစ်မှုထမ်း Non-CDM ဝန်ထမ်းများကတော့ ယင်းအခွင့်အရေးရရှိမည်မဟုတ်ပါ။

    ယင်းအစားNon-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့် ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

    Non-CDM ဝန်ထမ်းများသည် စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း စစ်မှုထမ်းနည်းဥပဒေတွင်ပါဝင်သည်။

    အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။

    ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။

    အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။

  • မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

    မြိုင် လင်းကတော ရဲစခန်းနှင့် ငါန်းဇွန် မြို့သာရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး

    မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို လာရောက် ပူးပေါင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းများ ဖြင့်ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Eagle Brigade (ANyar Eagles) တပ်မှူး Leo9 က ပြောဆိုသည်။

    ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် လာရောက် ပူးပေါင်း အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို 4Kg ဗုံးသီး ၁ လုံး ၊ 2Kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်။

    “အရင်က ၄၀ လောက်ပဲ ရှိတာကို အင်အား ၁၀၀ ကျော် လာပေါင်းတယ်လို့ သိရတယ်။ စစ်ခွေး သေတာတော့ ၃ ကောင် သေတယ်။ Drone နဲ့ ချတာက ဒဏ်ရာရ စာရင်းတော့ မသိရသေးပါဘူး။ ည ၈ နာရီ ကျွန်တော်တို့ drone ကြောင့် သေတာပါ။ ကျွန်တော်တို့ Page မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ကြည့်ရင် အမျိုးသမီးစစ်သည်တွေ Drone Team မှာ တက်တက်ကြွကြွ ပါဝင် တိုက်ခိုက်နေကြတာတွေ့ပါလိမ့်မယ်။ အားနွဲ့တဲ့ မိန်းမသားတွေ ဖြစ်ပါသော်လည်း စိတ်ဓာတ်ပြင်းထန် ခိုင်မာမှုနဲ့ ANyar Eagles မှာ Drone ပညာ သင်ယူပြီး စစ်အာဏာရှင်ကို တော်လှန်လို့ ရပါတယ် ဆိုတာ ပြောချင်ပါတယ်” ဟု ANyarEagles ရဲ့ တပ်မှုး Leo9 က ပြောဆိုသည်။

    အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြား ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ရဲစခန်းအနီးရှိ ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီး လိုက်ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းအတွင်း အင်အား ဖြည့် ထားသော အကြမ်းဖက် စစ်သား၊ ပျူစောထီး ၄၀၀ ခန့်ကို နေ့စဉ် ရက်ဆက် ဒရုန်းဖြင့် လက်လုပ် 3kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1kg ဒရုန်း ဗုံးသီး ၆ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများ ကို တိကျစွာ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီများ ထိခိုက် သေဆုံးမှုရှိ ကြောင်း သိရသည်။

    “ထိခိုက်သေဆုံးမှုက ရှိတယ်။ စုံစမ်းလို့မရတာ အဓိကချတာက မြို့သာရဲစခန်းပေါ့။ ရဲစခန်း ပင်မ ဆောင်ရယ် စစ်ခွေးတွေနေတဲ့ လိုင်းခန်းတွေ အဆောက်အအုံတွေပေါ် ချခဲ့တာ ပစ်မှတ်ကို ထိထိ ရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ ညနေ့ပိုင်း ချုံထဲမှာ ကင်းပုန်းဝပ်တာကိုလည်း ကွက်တိ ချနိုင်ခဲ့တယ်။ ကျရောက်ပေါက်ကွဲတာ အဲဒီကင်းပုန်း စစ်ခွေးတွေလည်း တော်တော်များများ သေ တယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေး က ပြောကြားသည်။

    အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း ဦးဆောင်၍ မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃ နှင့် ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

    ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်သားများက မြို့သာရဲစခန်းအနီးပတ်ဝန်းကျင်ရှိ ပြည်သူပိုင် နေအိမ်များနှင့် ဘီယာဆိုင်တစ်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ဘီယာဆိုင်တစ်ဆိုင်မီးလောင်ပြာကျခဲ့ ကြောင်းသိရှိရသည်။

    “မီးရှို့တာက ရဲစခန်းပတ်ပတ်လည် နေအိမ်တွေကို လိုက်ရှို့တာ ရှေ့လည်း သိပ်မတက်ရဲဘူး။ တက်ရ သလောက်တက်ပြီးရှို့တာ၊ ဘီယာဆိုင်ကတော့ ပြာကျသွားတယ်။ ပြည်သူတွေက ဝိုင်းငြှိမ်းဖို့လုပ်တာ ကို အငြှိမ်းမခံဘူး။ နေအိမ်တွေကတော့ နည်းနည်းပါးပါးလောက်လောင်သွားတာ” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ရင်း တပ်ရင်းမှူး ဆရာလေးက ဆက်လက်ပြောဆိုသည်။

    ယခုအခါအကြမ်းဖက်စစ်ကောင်စီက ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်တို့ အ တွင်းသို့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း၊ စစ်သားများနှင့်အနီးကပ်စွာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။