Category: News

  • စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    စစ်ကောင်စီကို ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ခတ်ရပ်စဲရန် အာဆီယံတိုက်တွန်း

    ပြည်တွင်းစစ် ဆိုးရွားလာနေသည့်ကြားမှ မြန်မာစစ်အစိုးရ၏ ရွေး ကောက်ပွဲကျင်းပရန် အစီအစဉ်သည်ဦးစားပေးမဖြစ်သင့်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးပြောကြားသည်။

    မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။

    ဝန်ကြီး မိုဟာမက်ဟာဆန်က “မြန်မာစစ်အစိုးရအနေနဲ့ ဘာတွေကို ရည် ရွယ်ထားသလဲဆိုတာ မလေးရှားက သိရှိလို ပါတယ်။ ရွေးကောက်ပွဲဟာ ဦးစားပေးမဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အရေးတကြီးလိုအပ်နေတာက အပစ်အခတ်ရပ်စဲရေးသာ ဖြစ်ပါတယ်” ဟု ပြောသည်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အသီးသီးအား တိုက်ပွဲများရပ်တန့်ရန် တောင်းဆိုထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားကင်းစွာ ပေးအပ်ခြင်းကို ခွင့်ပြုပေးရန် စစ်အစိုးရကိုယ်စားလှယ်ထံတောင်းဆိုထားကြောင်း ယခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အစပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရာမှစ၍ နိုင်ငံ၏ နယ်မြေအများအပြား လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ပြောင်းလဲခဲ့သည်။

    နယ်ပယ်အသီးသီးတွင် ထိုးစစ်ဆင်တိုက်ခိုက်ခံနေရခြင်း၊ စီးပွားရေး ပြိုလဲပျက်စီးခြင်းနှင့် နိုင်ငံရေးပါတီ အများအပြားကို ပိတ်ပင်တားမြစ်ခြင်းတို့ ကြုံတွေ့နေရသော်လည်း စစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေဆဲ ဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်များအနေဖြင့် ၎င်းတို့၏ လက်အောက်ခံများမှတဆင့် အာဏာဆက်လက်ထိန်းချုပ်ရန် ကြံစည်သော အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောင်း ဝေဖန်သူများက ရှုတ်ချထားကြသည်။

    ထို့ပြင် မလေးရှားနိုင်ငံသည် မြန်မာအတွက် အထူးကိုယ်စားလှယ်အဖြစ် သံတမန်ဟောင်း ဟာရှင်မ်အော်သမန်အား ခန့်အပ် ခဲ့သလို ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ “မကြာမီ” သွားရောက်ကာ တိုးတက်မှု တစုံတရာမရှိသေးသည့် အာဆီယံ၏ ငြိမ်းချမ်းရေး မူငါးရပ်အစီအစဉ်ကို အကောင် အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ဆုံဆက်ဆံရန်လည်း တာဝန်ပေးအပ်ခံထားရသည်။

    ဓာတ်ပုံ- AFP/Asean

  • စစ်ကောင်စီ၏ နမခ ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် စစ်တိုင်းမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီးအပါအဝင် ၁၅ ဦးသေဆုံး

    စစ်ကောင်စီ၏ နမခ ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် စစ်တိုင်းမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီးအပါအဝင် ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရှော့တိုက်ဒုံးများ ဖြင့်ပစ်ခတ် တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ ည ၉ နာရီ ၄၇ မိနစ်တွင် Chindwin Rocket Brothers-CRB နှင့် မဟာမိတ်အဖွဲ့များက “ရမခ စစ်ရှုံးပြေး နမခရောက် အရှုံးသမား တိုင်းမှူးဝက်ဘီလူးမျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ခိုက်မှုကြောင့် စစ်တိုင်းအတွင်းရှိ တိုင်း ရုံးကြီး၊ တိုင်းမှူးနေထိုင်သည့် အိမ်ရာဝန်း၊ အရာရှိကြီး နေအိမ်ခုနစ်လုံးတန်းဝင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြကွင်း၊ ဆေးတပ်ရင်း၊ ဇေယျာ သီရိခန်းမ၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ် ကွင်းသစ် Mi 35 ခဲယမ်းသိုလှောင်ရုံ၊ ဂိတ်ကင်းတဲ၊ လက်နက်ကြီးပစ်ကွင်း၊ သံချပ်ကာယာဉ်နှင့် လက်နက်ကြီးတင်ယာဉ် အမြောက်ထားရာ မော်တော် ယာဉ်ရုံနှင့် စစ်သည်နေအိမ်ခြောက်ခန်းတွဲ အနီးတို့၌ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    “စစ်တိုင်းမှူးကိုယ်ရေးအရာရှိ ဗိုလ်ကြီးတစ်ဦးအပါ ၁၅ ဦးလောက် ထိတယ်(သေတယ်)ပေါ့နော်”ဟု တပ် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက် မှ စစ်တိုင်းမှူး ကိုယ်အရေးအရာရှိ ဗိုလ်ကြီး ကောင်းခန့်ဇော်အပါအတင် တပ်ကြပ်ကြီးတစ်ဦးအပါအဝင် အခြားအဆင့် ငါး ဦးသေဆုံးကာ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁၂) မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခြောက် ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်နေ့တွင် ထပ်တိုးသေဆုံးမှုများရှိကြောင်း သိရသည်။

    မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ တိုက်ခိုက်သိမ်း ပိုက်လိုက်သည့် လားရှိုးမြို့အခြေစိုက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်(ရမခ)မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြောင်းရွှေ့လာသည့် စစ်တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို ကြိုစစ်ဆိုသည့်စစ်ဆင်ရေးဖြစ်ပြီး တိုက်ခိုက်မှုကို တစ်လကျော်ကြာပြင်ဆင်ခဲ့ရကြောင်း CRB ထံက သိရသည်။

    ပူးပေါင်းတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် Chindwin Rocket Brothers CRB ဦးဆောင်၍ မဟာ မိတ်အဖွဲ့များဖြစ်သည့် Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ)၊ Advance -47၊ Chindwin Brothers၊ ဗိုလ်မုတ်ဆိတ်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- Chindwin Rocket Brothers-CRB

  • ရွှေ​သောင်ယံမှာ သက်​သေတည်

    ရွှေ​သောင်ယံမှာ သက်​သေတည်

    ​နွေဦး​တော်လှန်​ရေးတွင် ငြိမ်သက်လွန်းခဲ့​သောဧရာဝတီတိုင်းအတွင်း ပထမဆုံးတိုက်ပွဲက အများပြည်သူမထင်မှတ်ထားသည့် နေရာမှ စတင်ခဲ့ပြီ။ ရွှေသောင်ယံတွင် ဖြစ်သည်။

    ဘင်္ဂလားပင်လယ်အော်အစပ်တွင် လှပပြန့်ပြူးသောကမ်းခြေကြောင့် ​ရွှေသောင်ယံကမ်းခြေအဖြစ် လူသိများသည်။

    ရွှေသောင်ယံသည် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် ဂွမြို့နှင့် နယ်စပ်ဖြစ်သည်။

    ဂွမြို့နယ်နှင့် ရွှေ သောင်ယံမြို့နယ်ခြားရှိ မကျီးစင်စဉ်ကျေးရွာတွင် ဇန်နဝါရီလ ၈ရက်နေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းအတွင်း လူထုတော်လှန်ရေးတိုက်ပွဲခေါ်သံ စတင်ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီတပ်အထိနာပြီး ဧရာဝတီတိုင်းအတွင်းပထမဆုံး လေကြောင်းသုံးတိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်သည် ရွှေသောင်ယံကို ကြည်း၊ရေ၊လေအင်အားသုံး၍တပ်ဖြန့်ခဲ့သည်။ ရွှေသောင်ယံကမ်းခြေတလျှောက် စစ်ရေယာဉ်များ ခုတ်မောင်းဝင်လာကြသည်။ ရဟတ်ယာဉ်များ အဆက်မပြတ်ပျံသန်းခဲ့ကြသည်။ ထိုမျှမကသေး ပုသိမ်-ချောင်းသာလမ်းမှတစ်ဆင့် ရွှေသောင်ယံကမ်းခြေပတ်လမ်းကြီးပေါ်သို့ တင့်ကားများ ဝင်ရောက်လာခဲ့သည်။

    “၂၀၁၈ တုန်းက ကြည်း၊ ရေ‌၊လေဆင်ရေးလုပ်သလိုကို အင်အားတွေတိုးချခဲ့တာ။ အဲဒီရက်ကဆိုရင် ပင်လယ်မှာ စစ်သင်္ဘောတွေ ဒင်းကြမ်းပြည့်နေခဲ့တာဗျ”

    မကျီးစင် ကျေးရွာတိုက်ပွဲအပြီးရွှေသောင်ယံမြို့နယ်အခြေအနေကို ဒေသခံတဦးက ပြောပြသည်။

    စစ်တပ်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရွှေသောင်ယံမြို့နယ် ဝက်သေကျေးရွာတွင် တပ်ဖွဲ့ဝင် အင်အား ၈၀၀၀ ကျော်သုံး၍၊ ကမ်းတက်ရေယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့သည်။

    ရခိုင်ပြည်နယ်တွင် စစ်တပ်က ARSA က လုံခြုံ​ရေးတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်သည်ဆိုကာနယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် စစ်တပ်က ရိုဟင်ဂျာပြည်သူများအ​​ပေါ်လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်ပြီးလပိုင်းအကြာတွင်ဖြစ်သည်။

    ​ရွှေ​သောင်ယံတွင် ကြည်းရေ​လေပူး​ပေါင်းစစ်ဆင်​ရေးကို သမိုင်းတွင် ပြည်ပနိုင်ငံများအထိပါ စစ်​အောင်နိုင်ခဲ့သည်ဆို​​သော ဆင်ဖြူရှင်မင်း အမည်ကိုစစ်ဆင်ရေးအမည်တပ်ခဲ့သည်။ ပြည်ပရန်ကို ကာကွယ်ရန်ဟုလည်းဆိုခဲ့ကြသည်။ ထိုအချိန်က စစ်ရေးလေ့ကျင့်စဉ်ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်အချို့ကလည်း ဒေသခံများအတွက် ရယ်စရာဖြစ်ခဲ့သည်။

    တပ်ချုပ် နှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက နေကာမျက်မှန်တဝင့်ဝင့်ဖြင့် ကြည့်ရှုနေခဲ့သည့် စစ်ရေးလေကျင့်မှုသတင်းကို ရုပ်မြင်သံကြားမှ ထုတ်ပြန်ခဲ့ရာတွင် မြေပြင်မှ မြင်ကွင်းအချို့ကို ချပ်လှပ်သွားခဲ့သည်။ ဆင်ဖြူရှင်စစ်ဆင်ရေးတွင် ‌ကွန်မန်ဒိုဝတ်စုံဖြင့် ဟန်ရေးပြခဲ့သည့် တိုက်ခိုက် ရေးအထူးတပ်ဖွဲ့ဝင်များဟုဆိုသူများသည် ရဟတ်ယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ဆင်းပြသည်။အချို့က ပင်လယ်ကမ်းစပ်အနီးသို့ ကျသည်။ အချို့က ဒေသခံများ၏ ခြံများအနီးသို့ကျသည်။

    ခြံများအနီးကျလာသော အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟုဆိုသူများ ခြေပစ်လက်ပစ် ပုံပျက်ပန်းပျက်မောပန်းနေသည်ကို ဒေသခံများကတွေ့ခဲ့ကြသည်။ ဝါဒဖြန့်ချိရေးသတင်းများတွင်တော့ Standard Army အဆင့်မီတပ်မ​တော်ဟု အပ်ကြောင်းထပ်အောင်ဝါဒဖြန့်ချီခဲ့ကြသည်။

    နောက် ၅နှစ်အကြာ ၂၀၂၃ တွင် Standard Army ၏ မျက်နှာဖုံးကို အာရက္ခတပ်​တော်-AA ဆွဲခွာပြလိုက်သည်။၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ AA က တစ်မြို့ပြီးတစ်မြို့သိမ်းပြသည်။ ဆင်ဖြူရှင် စစ်ဆင်ရေးနေရာ နှင့်မိုင် ၃၀ ခန့်အကွာ၌ရှိ​သော ဂွမြို့၊ သံတွဲမြို့တို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ရာ ကြည်း၊ရေ၊လေ စစ်ဆင်ရေးဖြင့် ခုခံခဲ့သော်လည်းလအနည်းငယ်အတွင်းစစ်ရှုံးခဲ့သည်။

    စစ်တပ်၏ ​ရေငုပ်အထူးတပ်ဖွဲ့ဝင်​တွေကို​ အဓိကလေ့ကျင့်​မွေးထုတ်​ပေးခဲ့သည်ဆိုသည့် သံတွဲ မြို့နယ်ရှိ ​မောင်​ရွှေ​လေး​ရေတပ်စခန်းကိုလည်း AAက သိမ်းပိုက်ပြခဲ့သည်။

    ဧရာဝတီတိုင်း နှင့်ထိစပ်​နေ​သော ဂွမြို့နှင့် ဂွမြို့နယ်မကျရန် စစ်တပ်က စစ်ကူများစွာပို၍ခုခံ​သော်လည်းရှုံးနိမ့်ခဲ့သည်။ ဧရာဝတီတိုင်းသို့ ခုခံ​တော်လှန်စစ်မီးမကူးလာ​စေရန် စစ်​ကောင်စီ၏ အားထုတ်မှုမှာ သဲထဲ​ရေသွန်ဖြစ်ခဲ့သည်။၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်တွင် AA က ဂွမြို့ကိုသိမ်းပိုက်လိုက်သည်။

    စစ်တပ်က ဂွမြို့နယ်ပြန်ရရန် စစ်ကူများပို့၍ တန်ပြန်တိုက်ခိုက်ရန် အကြံအစည်မှာ AA နှင့် PDF များ က ဧရာဝတီတိုင်းထဲအထိပါလိုက်လာ၍ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စစ်တပ်အစီအစဥ် ပျက်စီးခဲ့သည်။ဤသို့ဖြင့် ဧရာဝတီတိုင်း ​၊ပုသိမ်မြို့နယ် ​ရွှေသောင်ယံ​ဒေသတွင် တိုက်ပွဲများ ၂၀၂၅ ဇန်နဝါရီလဆန်းဤ စတင်ဖြစ်ပွားခဲ့သည်။

    ​ရွှေ​သောင်ယံမကျ​စေရန် စစ်​ကောင်စီက ဆင်ဖြူရှင်စစ်ဆင်ရေးအလား ကြည်း၊ရေ၊လေပူးပေါင်းတပ်များကို အင်အားဖြည့်ခဲ့ပြန်သည်။ သို့သော် မိုက်ကြေးခွဲပြီး ဓားစွဲ၍ ထွက်သွားသည့် ရွာစော်လူမိုက်လို နဖူးကွဲ၍သာ ပြန်ခေါက်လာရပြန်သည့်အဖြစ်မျိုး ကြုံလိုက်ရပြီဖြစ်၏ ။

    ရွှေ‌သောင်ယံတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ရေးပရိယာယ်ကို စစ်ကောင်စီလိုက်မမီခဲ့ပေ။ တိုက်ပွဲစတင်ဖြစ်ပွားသည့် မကျီးစင်ရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် မိုင် ၃၀ ခန့် ဝေးသည်။ ဇန်နဝါရီလ၈ရက်မှ ၁၀ရက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

    တော်လှန်ရေးပူးပေါင်းတပ်များ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားခဲ့ကြသည်။ခြေရာဖျောက်သွားခြင်းဟု ဒေသခံများက ပြောသည်။ အဘယ်ကြောင့်တိုက်ပွဲရပ်သွားသလဲ၊ တော်လှန်ရေးတပ်များ အဘယ်ကြောင့်ခြေရာဖျောက်သွားသလဲ စသည်တို့ကို ဒေသခံများ မမှန်းဆနိုင်ခဲ့ကြ။ သို့သော် စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် AAနှင့် PDFများ စစ်ရှုံးပြီး အထိနာ၍ ပြန်ဆုတ်ခွာသွားခြင်းဖြစ်ပြီး မကျီးစင်ရွာကို ပြန်လည်ထိန်းချုပ်လိုက်ကြောင်းဝမ်းသာအားရ ဝါဒဖြန့်ချီခဲ့ကြသည်။ သို့​သော် အဆိုပါဝါဒဖြန့်သတင်းများအပေါ် ဒေသခံများက ရယ်စရာအဖြစ်သတ်မှတ်ခဲ့ကြသည်။

    မကျီးစင်ရွာမှဆုတ်ခွာလာခဲ့ရသည့်စစ်ကောင်စီက ဘောမိကျေးရွာတွင် ခံစစ်အကြီးအကျယ်ပြင်ခဲ့သည်။ ဘောမိရွာကို စစ်သင်္ဘောများဖြင့် တင့်ကားများ၊ အမြောက်များပို့ဆောင်ခဲ့သည်။ အင်အားငါးရာခန့် အထိ ဖြန့်ကျက်နေရာယူခဲ့သည်။

    ရှေ့ရက်က မကျီးစင်ရွာမှ ရုတ်တရက်ပျောက်သွားသော တော်လှန်ရေးပူးပေါင်းတပ်များသည် ဇန်နဝါရီလ၁၆ရက်ညတွင် ဘောမိရွာ၌ ရုတ်တရက်ပြန်ပေါ်လာပြီး စစ်ကောင်စီစခန်းများကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ထိုညတိုက်ပွဲမှာပင် စစ်ကောင်စီတပ် ဝရုန်းသုန်းကားဆုတ်ခွာထွက်ပြေးရပြန်သည်။

    ” စတိုက်တာက ပူးပေါင်းတပ်ဖက်က။ ဒရုန်းနဲ့စဆော်တာ။ စစ်တပ်က ထွက်ပြေးတာ ရုပ်ပျက်ဆင်းပျက်”

    တိုက်ပွဲကို ကြုံလိုက်သည့် ဒေသခံတစ်ဦးက ပြန်ပြောခြင်းဖြစ်သည်။

    ဘောမိကျေးရွာတိုက်ပွဲတွင် ဗျူဟာမှူးတစ်ဦးအရာရှိအချို့အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် အဆက်အသွယ်ပြတ်နေပြီး ပြန်သယ်ရန်ခက်ခဲသည့် တင့်ကား သုံးစီးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု တိုက်ပွဲဖြစ်စဥ်ကိုသိ​သော စစ်ရေးသတင်းရင်းမြစ်တဦးကလူထု​နွေဦးကိုပြောသည်။

    “ဘောမိကို ဖြန့်ခွဲပြီးသွားတာ ၅၀၀ မကဘူး။ ဗျူဟာမှူးနှစ်ဦးမှာ တစ်ဦးပဲ ကျတော်တို့ဆီ ပြန်ရောက်တယ်။ တစ်ဦး အဆက်အသွယ်ပြတ်နေတယ်။ကျတာက ၁၀၀ အနည်းဆုံးရှိတယ်။ ပြန်ရောက်လာတဲ့ ဒဏ်ရာရ ၈၀ ခန့်ကလည်း လက်နက်ပါမလာကြဘူး။ ချောင်းထဲ ဆင်းပြေးတာက ၂၀၀ ခန့်ရှိပြီး သူတို့လည်း ဘာတွေဖြစ်နေလဲ မသိဘူး။ တင့်တွေပါ မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ဘောမိရွာသည် ရွှေသောင်ယံမြို့ နှင့် ဘောမိချောင်းခြားသည်။ ပင်လယ်ထွက်ပေါက်ရှိသော ပေရာချီကျယ်သည့် ဘောမိချောင်းအတွင်း ဇန်နဝါရီလ၁၆ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငယ်သံပါအောင် အော်ဟစ်ကူးခတ်နေခဲ့ကြသည်။

    တိုက်ပွဲအတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများအနက် ပြန်တွေ့သူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်းဇန်နဝါရီလ ၁၇ရက် ည‌နေမှစ၍ စစ်ကောင်စီက သယ်ဆောင်သွားသည်။

    ရွှေ‌သောင်ယံရှိ စစ်တပ်ရိပ်သာတွင်လည်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာဂဏန်းနီးပါး ရောက်လာသည်။ အများစုက လူချည်းသက်သက်။ သေနတ်များပြန်ပါမလာ​တော့။

    အင်အားငါးရာခန့်ရှိပြီး ကြည်း၊ရေ၊လေဝန်းရံပေးထားသောစစ်ကောင်စီစစ်ကြောင်းသည် နာရီအနည်းငယ်အတွင်း အလဲလဲအကွဲကွဲဖြင့် ဆုတ်ခွာထွက်ပြေးရခြင်းကို ဝါဒဖြန့်ချိရေးစာမျက်နှာများက မရမကလိုက်ဖုံးနေသည်။ ဘောမိရွာကို အထိနာခဲ့သည့်စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ရာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့သည်။

    စစ်ကောင်စီက ဆုတ်ခွာခဲ့သဖြင့် ​တော်လှန်​ရေးပူးပေါင်းတပ်များသည် ဂွနယ်စပ်မှတဆင့် ရွှေသောင်ယံမြို့ဘက်သို့ နယ်မြေစိုးမိုးမှု ပိုရလာသည်။

    စစ်ကောင်စီက ရွှေသောင်ယံမြို့နယ် ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ထပ်မံပြင်ထားပြန်သည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။ ​ဒေသခံပြည်သူများကိုလူသားဒိုင်းလုပ်​လေ့ရှိ​သော စစ်တပ်က မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် ခြိမ်းခြောက်ဖိအားပေးနေသည်။

    ထရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့နယ်တို့ဘက်တွင် စစ်​ကောင်စီကအင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေ​​လေသည်။ ​တော်လှန်​ရေးအဖွဲ့များက​တော့ ဧရာဝတီတိုင်းမှ ပြည်သူများကို တိုက်ပွဲများအချိန် မ​ရွေးဖြစ်လာနိုင်၍ စစ်​ရေးအထူးသတိပြုရန် ၊ကြိုတင်ကာကွယ်​ရေးပြင်ဆင်ထားရန် သတိ​ပေး​နေကြသည်။

    စစ်​ကောင်စီကမူ ​​ဒေသခံများကို ဗုံးခိုကျင်းတူးခြင်းအ​ပေါ် လိုက်လံတားမြစ်​နေပြီး ​နေရပ်မှမတိမ်းရ​​ရှောင်ရန်လည်း ခြိမ်း​ခြောက်​နေ​သည်။

    ကြည်း​ရေ​လေ ပူး​ပေါင်း၍ ခံစစ်ပြင်ထားသည်ဆို​သော စစ်​​ကောင်စီတပ် ​ရွှေ​သောင်ယံ ​၊ဘောမိရွာတိုက်ပွဲတွင် တင့်ကားမီးရှို့၍ ရုပ်ပျက်ဆင်းပျက် ဆုတ်​ပြေးရခြင်းအ​ပေါ် ပြည်သူတဦးက ​အောက်ပါအတိုင်း မှတ်ချက်ပြု​လေသည်။

    “ဓါးမကြီး ဆွဲပြီး ထွက်သွားလိုက် ခေါင်းဟတ်တက်ကွဲနဲ့ ပြန်လာလိုက်ဆိုတာခုမှစစ်တပ် ဖြစ်နေတာ”။

  • ရွှေသောင်ယံ၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော စစ်သား ၆၀ ခန့်ကို လျှပ်စစ်မီးဖြတ်၍ ပုသိမ် နတခ နှင့် မဆရ ၄ သို့ ပို့ဆောင်

    ရွှေသောင်ယံ၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော စစ်သား ၆၀ ခန့်ကို လျှပ်စစ်မီးဖြတ်၍ ပုသိမ် နတခ နှင့် မဆရ ၄ သို့ ပို့ဆောင်

    ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ ဘောမိရွာ တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်သား ၆၀ ခန့်ကို လျှပ်စစ်မီးဖြတ်တောက်၍ ပုသိမ် နတခ နှင့် မဆရ ၄ သို့ ပို့ဆောင်ခဲ့ကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်း ရွှေသောင်ယံမြို့၊ ဘောမိရွာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်သား ၆၀ ခန့်ကို စစ်ကောင်စီ တပ်သားများက စက်လှေများဖြင့် ချောင်းသာသို့ ပို့ဆောင်ပြီးနောက် လူနာတင်ကားများ၊ ကုန်ကားများဖြင့် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

    အဆိုပါ ဒဏ်ရာရ စစ်သားများကို ပို့ဆောင်ရာ လမ်းတစ်လျှောက်၌လည်း အကြမ်းဖက် စစ်တပ်က လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရ စစ်သား အများစုသည် တပ်သားသစ်များ ဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ရွှေသောင်ယံမြို့ တိုက်ပွဲများအတွင်း ရှေ့တန်း စစ်မြေပြင်ကို လူအင်အား၊ ရိက္ခာနှင့် လက် နက်များ ပို့ဆောင်ရာတွင်လည်း ပြည်သူပိုင် ကုန်ကားများကို ချောဆွဲ၍ ပို့ဆောင်နေ၍ ယာဉ်မောင်းများ အသက်အန္တရယ် စိုးရိမ်နေရကြောင်း သိရသည်။

  • မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရရှိသူများတွင် အမျိုးသမီးများနှင့်ကလေးများ ပါဝင်

    မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး အပြင်းအထန် ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရရှိသူများတွင် အမျိုးသမီးများနှင့်ကလေးများ ပါဝင်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်၊ ညနေ ၄ နာရီ ၄၆ မိနစ်နှင့် ညနေ ၄ နာရီ ၄၇ မိနစ်အချိန်တို့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ အချိုမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ၎င်းထဲမှ ဒဏ်ရာပြင်းထန်သူအချိုမှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်ကြောင်း AA က ဆိုသည်။

    ယခုကဲ့သိုဗုံးကျဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    နိုင်ငံတစ်ဝန်း စစ်ရှုးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA က ပြောသည်

    ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သိုသော အကြမ်းဖက်တိုက်မှုများကို ဖက်ဆစ်စစ်ကောင်စီမှ ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါရန် AA က တိုက်တွန်းနှိုးဆော်ထားသည်။

    Photo: ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ ရန်သူ့စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူများအား အာရက္ခတပ်တော် ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသမှုပေးနေစဉ်