နွေဦးတော်လှန်ရေးတွင် ငြိမ်သက်လွန်းခဲ့သောဧရာဝတီတိုင်းအတွင်း ပထမဆုံးတိုက်ပွဲက အများပြည်သူမထင်မှတ်ထားသည့် နေရာမှ စတင်ခဲ့ပြီ။ ရွှေသောင်ယံတွင် ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အစပ်တွင် လှပပြန့်ပြူးသောကမ်းခြေကြောင့် ရွှေသောင်ယံကမ်းခြေအဖြစ် လူသိများသည်။
ရွှေသောင်ယံသည် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် ဂွမြို့နှင့် နယ်စပ်ဖြစ်သည်။
ဂွမြို့နယ်နှင့် ရွှေ သောင်ယံမြို့နယ်ခြားရှိ မကျီးစင်စဉ်ကျေးရွာတွင် ဇန်နဝါရီလ ၈ရက်နေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းအတွင်း လူထုတော်လှန်ရေးတိုက်ပွဲခေါ်သံ စတင်ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ စစ်ကောင်စီတပ်အထိနာပြီး ဧရာဝတီတိုင်းအတွင်းပထမဆုံး လေကြောင်းသုံးတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်သည် ရွှေသောင်ယံကို ကြည်း၊ရေ၊လေအင်အားသုံး၍တပ်ဖြန့်ခဲ့သည်။ ရွှေသောင်ယံကမ်းခြေတလျှောက် စစ်ရေယာဉ်များ ခုတ်မောင်းဝင်လာကြသည်။ ရဟတ်ယာဉ်များ အဆက်မပြတ်ပျံသန်းခဲ့ကြသည်။ ထိုမျှမကသေး ပုသိမ်-ချောင်းသာလမ်းမှတစ်ဆင့် ရွှေသောင်ယံကမ်းခြေပတ်လမ်းကြီးပေါ်သို့ တင့်ကားများ ဝင်ရောက်လာခဲ့သည်။
“၂၀၁၈ တုန်းက ကြည်း၊ ရေ၊လေဆင်ရေးလုပ်သလိုကို အင်အားတွေတိုးချခဲ့တာ။ အဲဒီရက်ကဆိုရင် ပင်လယ်မှာ စစ်သင်္ဘောတွေ ဒင်းကြမ်းပြည့်နေခဲ့တာဗျ”
မကျီးစင် ကျေးရွာတိုက်ပွဲအပြီးရွှေသောင်ယံမြို့နယ်အခြေအနေကို ဒေသခံတဦးက ပြောပြသည်။
စစ်တပ်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရွှေသောင်ယံမြို့နယ် ဝက်သေကျေးရွာတွင် တပ်ဖွဲ့ဝင် အင်အား ၈၀၀၀ ကျော်သုံး၍၊ ကမ်းတက်ရေယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများဖြင့် ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်တပ်က ARSA က လုံခြုံရေးတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်သည်ဆိုကာနယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် စစ်တပ်က ရိုဟင်ဂျာပြည်သူများအပေါ်လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်ပြီးလပိုင်းအကြာတွင်ဖြစ်သည်။
ရွှေသောင်ယံတွင် ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးကို သမိုင်းတွင် ပြည်ပနိုင်ငံများအထိပါ စစ်အောင်နိုင်ခဲ့သည်ဆိုသော ဆင်ဖြူရှင်မင်း အမည်ကိုစစ်ဆင်ရေးအမည်တပ်ခဲ့သည်။ ပြည်ပရန်ကို ကာကွယ်ရန်ဟုလည်းဆိုခဲ့ကြသည်။ ထိုအချိန်က စစ်ရေးလေ့ကျင့်စဉ်ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်အချို့ကလည်း ဒေသခံများအတွက် ရယ်စရာဖြစ်ခဲ့သည်။
တပ်ချုပ် နှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက နေကာမျက်မှန်တဝင့်ဝင့်ဖြင့် ကြည့်ရှုနေခဲ့သည့် စစ်ရေးလေကျင့်မှုသတင်းကို ရုပ်မြင်သံကြားမှ ထုတ်ပြန်ခဲ့ရာတွင် မြေပြင်မှ မြင်ကွင်းအချို့ကို ချပ်လှပ်သွားခဲ့သည်။ ဆင်ဖြူရှင်စစ်ဆင်ရေးတွင် ကွန်မန်ဒိုဝတ်စုံဖြင့် ဟန်ရေးပြခဲ့သည့် တိုက်ခိုက် ရေးအထူးတပ်ဖွဲ့ဝင်များဟုဆိုသူများသည် ရဟတ်ယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ဆင်းပြသည်။အချို့က ပင်လယ်ကမ်းစပ်အနီးသို့ ကျသည်။ အချို့က ဒေသခံများ၏ ခြံများအနီးသို့ကျသည်။
ခြံများအနီးကျလာသော အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟုဆိုသူများ ခြေပစ်လက်ပစ် ပုံပျက်ပန်းပျက်မောပန်းနေသည်ကို ဒေသခံများကတွေ့ခဲ့ကြသည်။ ဝါဒဖြန့်ချိရေးသတင်းများတွင်တော့ Standard Army အဆင့်မီတပ်မတော်ဟု အပ်ကြောင်းထပ်အောင်ဝါဒဖြန့်ချီခဲ့ကြသည်။
နောက် ၅နှစ်အကြာ ၂၀၂၃ တွင် Standard Army ၏ မျက်နှာဖုံးကို အာရက္ခတပ်တော်-AA ဆွဲခွာပြလိုက်သည်။၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ AA က တစ်မြို့ပြီးတစ်မြို့သိမ်းပြသည်။ ဆင်ဖြူရှင် စစ်ဆင်ရေးနေရာ နှင့်မိုင် ၃၀ ခန့်အကွာ၌ရှိသော ဂွမြို့၊ သံတွဲမြို့တို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ရာ ကြည်း၊ရေ၊လေ စစ်ဆင်ရေးဖြင့် ခုခံခဲ့သော်လည်းလအနည်းငယ်အတွင်းစစ်ရှုံးခဲ့သည်။
စစ်တပ်၏ ရေငုပ်အထူးတပ်ဖွဲ့ဝင်တွေကို အဓိကလေ့ကျင့်မွေးထုတ်ပေးခဲ့သည်ဆိုသည့် သံတွဲ မြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းကိုလည်း AAက သိမ်းပိုက်ပြခဲ့သည်။
ဧရာဝတီတိုင်း နှင့်ထိစပ်နေသော ဂွမြို့နှင့် ဂွမြို့နယ်မကျရန် စစ်တပ်က စစ်ကူများစွာပို၍ခုခံသော်လည်းရှုံးနိမ့်ခဲ့သည်။ ဧရာဝတီတိုင်းသို့ ခုခံတော်လှန်စစ်မီးမကူးလာစေရန် စစ်ကောင်စီ၏ အားထုတ်မှုမှာ သဲထဲရေသွန်ဖြစ်ခဲ့သည်။၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်တွင် AA က ဂွမြို့ကိုသိမ်းပိုက်လိုက်သည်။
စစ်တပ်က ဂွမြို့နယ်ပြန်ရရန် စစ်ကူများပို့၍ တန်ပြန်တိုက်ခိုက်ရန် အကြံအစည်မှာ AA နှင့် PDF များ က ဧရာဝတီတိုင်းထဲအထိပါလိုက်လာ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်တပ်အစီအစဥ် ပျက်စီးခဲ့သည်။ဤသို့ဖြင့် ဧရာဝတီတိုင်း ၊ပုသိမ်မြို့နယ် ရွှေသောင်ယံဒေသတွင် တိုက်ပွဲများ ၂၀၂၅ ဇန်နဝါရီလဆန်းဤ စတင်ဖြစ်ပွားခဲ့သည်။
ရွှေသောင်ယံမကျစေရန် စစ်ကောင်စီက ဆင်ဖြူရှင်စစ်ဆင်ရေးအလား ကြည်း၊ရေ၊လေပူးပေါင်းတပ်များကို အင်အားဖြည့်ခဲ့ပြန်သည်။ သို့သော် မိုက်ကြေးခွဲပြီး ဓားစွဲ၍ ထွက်သွားသည့် ရွာစော်လူမိုက်လို နဖူးကွဲ၍သာ ပြန်ခေါက်လာရပြန်သည့်အဖြစ်မျိုး ကြုံလိုက်ရပြီဖြစ်၏ ။
ရွှေသောင်ယံတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ စစ်ရေးပရိယာယ်ကို စစ်ကောင်စီလိုက်မမီခဲ့ပေ။ တိုက်ပွဲစတင်ဖြစ်ပွားသည့် မကျီးစင်ရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် မိုင် ၃၀ ခန့် ဝေးသည်။ ဇန်နဝါရီလ၈ရက်မှ ၁၀ရက်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်များ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားခဲ့ကြသည်။ခြေရာဖျောက်သွားခြင်းဟု ဒေသခံများက ပြောသည်။ အဘယ်ကြောင့်တိုက်ပွဲရပ်သွားသလဲ၊ တော်လှန်ရေးတပ်များ အဘယ်ကြောင့်ခြေရာဖျောက်သွားသလဲ စသည်တို့ကို ဒေသခံများ မမှန်းဆနိုင်ခဲ့ကြ။ သို့သော် စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများတွင် AAနှင့် PDFများ စစ်ရှုံးပြီး အထိနာ၍ ပြန်ဆုတ်ခွာသွားခြင်းဖြစ်ပြီး မကျီးစင်ရွာကို ပြန်လည်ထိန်းချုပ်လိုက်ကြောင်းဝမ်းသာအားရ ဝါဒဖြန့်ချီခဲ့ကြသည်။ သို့သော် အဆိုပါဝါဒဖြန့်သတင်းများအပေါ် ဒေသခံများက ရယ်စရာအဖြစ်သတ်မှတ်ခဲ့ကြသည်။
မကျီးစင်ရွာမှဆုတ်ခွာလာခဲ့ရသည့်စစ်ကောင်စီက ဘောမိကျေးရွာတွင် ခံစစ်အကြီးအကျယ်ပြင်ခဲ့သည်။ ဘောမိရွာကို စစ်သင်္ဘောများဖြင့် တင့်ကားများ၊ အမြောက်များပို့ဆောင်ခဲ့သည်။ အင်အားငါးရာခန့် အထိ ဖြန့်ကျက်နေရာယူခဲ့သည်။
ရှေ့ရက်က မကျီးစင်ရွာမှ ရုတ်တရက်ပျောက်သွားသော တော်လှန်ရေးပူးပေါင်းတပ်များသည် ဇန်နဝါရီလ၁၆ရက်ညတွင် ဘောမိရွာ၌ ရုတ်တရက်ပြန်ပေါ်လာပြီး စစ်ကောင်စီစခန်းများကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ထိုညတိုက်ပွဲမှာပင် စစ်ကောင်စီတပ် ဝရုန်းသုန်းကားဆုတ်ခွာထွက်ပြေးရပြန်သည်။
” စတိုက်တာက ပူးပေါင်းတပ်ဖက်က။ ဒရုန်းနဲ့စဆော်တာ။ စစ်တပ်က ထွက်ပြေးတာ ရုပ်ပျက်ဆင်းပျက်”
တိုက်ပွဲကို ကြုံလိုက်သည့် ဒေသခံတစ်ဦးက ပြန်ပြောခြင်းဖြစ်သည်။
ဘောမိကျေးရွာတိုက်ပွဲတွင် ဗျူဟာမှူးတစ်ဦးအရာရှိအချို့အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် အဆက်အသွယ်ပြတ်နေပြီး ပြန်သယ်ရန်ခက်ခဲသည့် တင့်ကား သုံးစီးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု တိုက်ပွဲဖြစ်စဥ်ကိုသိသော စစ်ရေးသတင်းရင်းမြစ်တဦးကလူထုနွေဦးကိုပြောသည်။
“ဘောမိကို ဖြန့်ခွဲပြီးသွားတာ ၅၀၀ မကဘူး။ ဗျူဟာမှူးနှစ်ဦးမှာ တစ်ဦးပဲ ကျတော်တို့ဆီ ပြန်ရောက်တယ်။ တစ်ဦး အဆက်အသွယ်ပြတ်နေတယ်။ကျတာက ၁၀၀ အနည်းဆုံးရှိတယ်။ ပြန်ရောက်လာတဲ့ ဒဏ်ရာရ ၈၀ ခန့်ကလည်း လက်နက်ပါမလာကြဘူး။ ချောင်းထဲ ဆင်းပြေးတာက ၂၀၀ ခန့်ရှိပြီး သူတို့လည်း ဘာတွေဖြစ်နေလဲ မသိဘူး။ တင့်တွေပါ မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဘောမိရွာသည် ရွှေသောင်ယံမြို့ နှင့် ဘောမိချောင်းခြားသည်။ ပင်လယ်ထွက်ပေါက်ရှိသော ပေရာချီကျယ်သည့် ဘောမိချောင်းအတွင်း ဇန်နဝါရီလ၁၆ရက်ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငယ်သံပါအောင် အော်ဟစ်ကူးခတ်နေခဲ့ကြသည်။
တိုက်ပွဲအတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများအနက် ပြန်တွေ့သူများကို ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်းဇန်နဝါရီလ ၁၇ရက် ညနေမှစ၍ စစ်ကောင်စီက သယ်ဆောင်သွားသည်။
ရွှေသောင်ယံရှိ စစ်တပ်ရိပ်သာတွင်လည်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာဂဏန်းနီးပါး ရောက်လာသည်။ အများစုက လူချည်းသက်သက်။ သေနတ်များပြန်ပါမလာတော့။
အင်အားငါးရာခန့်ရှိပြီး ကြည်း၊ရေ၊လေဝန်းရံပေးထားသောစစ်ကောင်စီစစ်ကြောင်းသည် နာရီအနည်းငယ်အတွင်း အလဲလဲအကွဲကွဲဖြင့် ဆုတ်ခွာထွက်ပြေးရခြင်းကို ဝါဒဖြန့်ချိရေးစာမျက်နှာများက မရမကလိုက်ဖုံးနေသည်။ ဘောမိရွာကို အထိနာခဲ့သည့်စစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ရာ တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီက ဆုတ်ခွာခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဂွနယ်စပ်မှတဆင့် ရွှေသောင်ယံမြို့ဘက်သို့ နယ်မြေစိုးမိုးမှု ပိုရလာသည်။
စစ်ကောင်စီက ရွှေသောင်ယံမြို့နယ် ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ထပ်မံပြင်ထားပြန်သည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်နေကြသည်။ ဒေသခံပြည်သူများကိုလူသားဒိုင်းလုပ်လေ့ရှိသော စစ်တပ်က မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် ခြိမ်းခြောက်ဖိအားပေးနေသည်။
ထရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့နယ်တို့ဘက်တွင် စစ်ကောင်စီကအင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေလေသည်။ တော်လှန်ရေးအဖွဲ့များကတော့ ဧရာဝတီတိုင်းမှ ပြည်သူများကို တိုက်ပွဲများအချိန် မရွေးဖြစ်လာနိုင်၍ စစ်ရေးအထူးသတိပြုရန် ၊ကြိုတင်ကာကွယ်ရေးပြင်ဆင်ထားရန် သတိပေးနေကြသည်။
စစ်ကောင်စီကမူ ဒေသခံများကို ဗုံးခိုကျင်းတူးခြင်းအပေါ် လိုက်လံတားမြစ်နေပြီး နေရပ်မှမတိမ်းရရှောင်ရန်လည်း ခြိမ်းခြောက်နေသည်။
ကြည်းရေလေ ပူးပေါင်း၍ ခံစစ်ပြင်ထားသည်ဆိုသော စစ်ကောင်စီတပ် ရွှေသောင်ယံ ၊ဘောမိရွာတိုက်ပွဲတွင် တင့်ကားမီးရှို့၍ ရုပ်ပျက်ဆင်းပျက် ဆုတ်ပြေးရခြင်းအပေါ် ပြည်သူတဦးက အောက်ပါအတိုင်း မှတ်ချက်ပြုလေသည်။
“ဓါးမကြီး ဆွဲပြီး ထွက်သွားလိုက် ခေါင်းဟတ်တက်ကွဲနဲ့ ပြန်လာလိုက်ဆိုတာခုမှစစ်တပ် ဖြစ်နေတာ”။
Leave a Reply