Category: News

  • ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

    ရွှေသောင်ယံမြို့နယ်၊ဘောမိရွာတွင် တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း ရက်အနည်းငယ်အကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီ၁၆ရက်ညနက်ပိုင်းမှစ၍ ဘောမိကျေးရွာအနီး၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းမှပါ ခုခံတိုက်ခိုက်ခဲ့သည်။

    ဘောမိကျေးရွာသည် ရွှေသောင်ယံမြို့ပေါ်နှင့် ၁၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲနှင့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

    “ဘောမိရွာမှာ ဖြစ်နေတာ။ လေကြောင်းက ပစ်လို့ အိမ်တွေ ပျက်စီးတယ်။ လူတွေထိခိုက်မှုရှိ ၊မရှိကတော့ ပြေးလွှားနေရတုန်းကိုမသိနိုင်သေးဘူး။ အခုက စစ်ရှောင်တွေက ရွှေသောင်ယံမြို့ပေါ်ကိုအများကြီးရောက်လာတာ” ဟု ဒေသခံတဦးကပြောသည်။

    တိုက်ပွဲမှာ အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားနေခြင်းဟု သတင်းရရှိသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း အသေးစိတ်မသိရှိရပေ။

    ရွှေသောင်ယံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ ရက်မှစ၍ တိုက်ပွဲငြိမ်သက်သွားပြီး ရံဖန်ရံခါလက်နက်ကြီးပစ်ခတ်သံများကိုသာကြားခဲ့ရသည်။

    ရွှေ သောင်ယံနှင့် ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း၌မူ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုအခါ တိုက်ပွဲသည်ဘောမိကျေးရွာအနီးတွင် ပြန်လည်ဖြစ်ပွားပြီး ရွှေ သောင်ယံမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

    ​ရွှေ​သောင်ယံ မြို့နယ် ဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

    “လက်နက်ကြီးပစ်သံတွေ ကြားနေရတုန်းပဲ”ဟု ယ‌နေ့ (ဇန်နဝါရီလ ၁၈ ရက်)မနက်ပိုင်းတွင် ဒေသခံတစ်ဦးကပြောသည်။

    စစ်ကောင်စီကရွှေသောင်ယံမြို့နယ်ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားသည်။ စစ်သင်္ဘောများသွားလာနေသည်ကိုတွေ့ရသည်။

    မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။

    မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။

    ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းယူပြီးနောက် စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

  • အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    ခင်ဦးမြို့နယ်မှာ အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး

    ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

    ဇန်နဝါရီ ၁၇ရက် မနက်၄နာရီကျော်မှာ ပျူစောထီးအများစုနေထိုင်ပြီး ပျူစောထီးရွာလို့သတ်မှတ်ခံထားရတဲ့ ပျဥ်ထောင်ကျေးရွာက အင်အား ၅၀ခန့်ပါ ပျူစောထီးတွေဟာ သေနတ်တွေ ပစ်ဖောက်ကာ ရွှေကူတဲစုကျေးရွာကို ဝင်လာတာလို့ သိရပါတယ်။

    အလှူအဝင်နေမို့ ချက်ပြုတ်နေကျချိန် ပျူစောထီးတွေက ဝင်​ရောက်စီးနင်းခြင်းဖြစ်ပြီး အလှူအိမ်အပါအဝင် အနီးနားကနေအိမ်တွေကနေပါ ရိက္ခာတွေယူဆောင်သွားတာလို့ သိရပါတယ်။

    “အလှူလုပ်မယ့်ဟာသိတဲ့အခါကျတော့ သူတို့ကစားစရာမရှိတော့ဘူးလေ။အဲတာကြောင့်မို့ သူတို့အစီစဥ်နဲ့သူတို့လာပြီး လုပ်ချင်ရာလုပ်သွားတာ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ပျဥ်ထောင်ကျေးရွာဟာရွှေကူတဲစုကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။

    အဲဒီရွာကို တော်လှန်ရေးတပ်​တွေ ပိတ်ဆို့ထားတာမို့ အပြင်ထွက်မရဘဲ ရိက္ခာပျက်လက်နေတာဖြစ်တယ်လို့ သိရပါတယ်။

    “လပိုင်းလောက်ကြာပြီလေ။စစ်တပ်က ရဟတ်ယာဥ်နဲ့ ရိက္ခာချပြီး ထပ်လာမပို့တော့တာ။အဲတာကြောင့် လုတာ”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

    အဲဒီပျူစောထီးတွေဟာ ရိက္ခာတွေသယ်ယူပြီးတဲ့နောက်နေအိမ်တွေကိုမီးရှို့ကာ ပျဥ်ထောင်ရွာဘက်ကိုပြန်ထွက်သွားတယ်လို့ သိရပါတယ်။

    ရွှေကူတဲစုကျေးရွာဟာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး ဒီတကြိမ်နဲ့ဆို ၅ကြိမ်မီးရှို့ခံထားရတာလို့သိရပါတယ်။

    (ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွှေကူတဲစုကျေးရွာမှ နေအိမ်များ။ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

  • ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

    ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

    ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ပြည်ခရိုင် ဒုရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူးသန်းလွင် အပါအဝင် ရဲအရာရှိ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုဖြင့် ဖမ်းဆီးထားသော ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင် နှင့် ရဲအုပ် အောင်ကျော်စိုး တို့ကို ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ နေပြည်တော် ရဲချုပ် ဦးစီးသော ရဲအထူးတရားရုံးက ပြည်ခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်ကို ထောင် ဒဏ် ၁၀ နှစ် ၊ ပန်းတောင်းမြို့နယ်မှူး ရဲမှူး သန်းလွင်ကို ထောင်ဒဏ် ၇ နှစ် နှင့် ရဲအုပ်အောင်ကျော်စိုး ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်သည်။

    အဆိုပါ ရဲအရာရှိ ၃ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး အရေးယူသော်လည်း မြေပြင်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက် ကားမှု အကြီးအကျယ် လုပ်ဆောင်နေသော မူးယစ်ဂိုဏ်းများကို စစ်တပ်က ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

    “ပြည် ခရိုင်ဒုရဲတပ်ဖွဲ့မှူးကို ၁၀ နှစ်၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို ၇ နှစ်နဲ့ ရဲအုပ် အောင်ကျော်စိုးကို ၆ နှစ်ကို ရဲစည်းကမ်း ဥပဒေနဲ့ အမိန့်ချလိုက်တယ်လို့သိရတယ်။ နောက်ထပ် ဆေးမှုနဲ့ အမှုထပ်ရင်ဆိုင် ရဦးမယ်လို့လည်းသိရတယ်။ ဘယ်နှစ်မှုကျန်သေးလဲတော့ မသိသေးဘူး။ စစ်ခွေးတွေက မြေပြင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ အကြီးအကျယ် လုပ်နေတဲ့ သူတွေကိုတော့ မဖမ်းဘူး။ ရဲ ၃ ဦးကိုပဲ ငွေကြေး ခွဲဝေတာတွေ ပြဿနာဖြစ်ပြီး ဖမ်းတာ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဇွန် ၁၆ ရက်နေ့ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်း ကို စစ်ကောင်စီက ဖမ်းဆီးရရှိပြီးနောက် အဆိုပါ မူးယစ်ဆေးဝါးသယ်ယူမှုတွင်ပါဝင်သော ရဲအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နှင့် ရဲအုပ်ဗလအောင်ကျော်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရဲချုပ် ဦးဆောင်ပါဝင်သော ရဲအထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှီရသည်။

    ဓာတ်ပုံ- ထိပ်ဆုံးတွင် ထိုင်နေသူမှာ မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရသော ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းလွင်ဖြစ်သည်။(ပုံအဟောင်းဖြစ်ပါသည်။)

  • ခလရ ၁၅ စစ်ကြောင်းမှ  ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

    ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

    အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

    ဗိုလ်မှူး ကျော်စိုးနိုင် သေဆုံးကြောင်းကို ၎င်းနှင့်အတူ တောထဲ၌ ပိတ်မိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်ရင်းကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များကို အသိပေးခြင်းရှိ၊ မရှိကို မသိရသေးကြောင်း၊ ဗိုလ်မှူး ကျော်ိစုးနိုင်သည် ပဲခူးတိုင်း ကျောက်ကြီးဇာတိဖြစ်ပြီး ရက္ခိုင်ပြည်သို့ ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ခလရ ၁၅ က ဗိုလ်မှူးကျော်စိုးနိုင် ရခိုင်မှာ စနိုက်ပါ မှန်ပြီး သေပြီလို့သိရတယ်။ သူက ပဲခူး ကျောက်ကြီး ဇာတိပါ။ ရခိုင်ကို အပို့ခံရပြီး မနေ့က သေတယ်ကြားတယ်။ သူတို့က ရက္ခိုင်မှာ ပိတ်မိနေတာကြာပြီ သေတာတော့ မနေ့ကမှ ကျည်မှန်တာ သူ့အပြင် နောက်ထပ် ပိတ်မိနေတဲ့ စစ်သားတွေရှိသေးတယ်။ သူသေတဲ့သတင်းက သူနဲ့အတူ တောထဲ တောင်ထဲ ပိတ်မိနေတဲ့ သူ့ နောက်လိုက် စစ်သားတွေ လှမ်းသတင်းပို့တာ လို့သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ခလရ ၁၅ သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အခြေစိုက်ထားကြောင်း၊ စစ်ကောင်စီက ရခိုင်ဘက်သို့ စစ်ကူစစ်ကြောင်းများ စေလွှတ်ရာတွင် တိုက်ခိုက်ရေးတပ်များ၊ လက်ရုံးတပ်များ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်းတပ်သားများကို စုပေါင်း၍ စစ်ကြောင်းပုံစံ ဖွဲ့စည်း၍ စေလွှတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

    လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည် ထိုးစစ်ဆင်ရန် မကွေး တိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းမှတစ်ဆင့် စစ်ကူစစ်ကြောင်းများ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း၊ အများစုသော စစ်ကြောင်းများမှာ တော်လှန်ရေးတပ်များ၏ ချေမှုန်းခံရပြီး စစ်ကြောင်းလိုက်ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။

  • မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး

    မြဝတီအခြေစိုက်ကျားဖြန့်ဂိုဏ်းများကို ခြေရာခံနိုင်ခဲ့ပြီးနောက် အစွမ်းကုန်ခြေမှုန်းမည်ဟုတရုတ်အစိုးရ ရာဇသံပေး

    မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို

    တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။

    အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။

    တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။

    တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ တရုတ်နိုင်ငံတွင် လူသုံးများသည့် WeChat လူမှုကွန်ရက်ကိုအသုံးပြုပြီး တရုတ်သရုပ်ဆောင်များကို ရိုက်ကူးရေးဝန်ထမ်းအလုပ်ပေးမည်ဟု စည်းရုံးခဲ့သည်၊ ယုံကြည်သူများကိုထိုင်းသို့ခေါ်ကာ ထိုမှတဆင့် မြန်မာဘက်ခြမ်းသို့ပို့ကာ ကျားဖြန့်လိမ်ညာရေးဇုန်များသို့ လူကုန်ကူးခဲ့သည်ဟု ဆိုသည်။

    “ဝမ်” ဟုတရုတ်အစိုးရက ရည်ညွှန်းသည့် သရုပ်ဆောင်သည် ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းသို့ရောက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေး လိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရသည်ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းကရေးသားသည်။

    “ဝမ်” အပါအဝင် လူ ၆ ဦးကို ကျားဖြန့်ဂိုဏ်းများထံမှ ပြန်ကယ်ထုတ်နိုင်ပြီး ထိုအမှုများအတွက် သံသယရှိသူ ၁၂ ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့်ပေါင်းကာ ဖမ်းထားသည်ဟုလည်း တရုတ်သတင်းကဆိုသည်။

    မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြမထားပေ။

    ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများ၏ ခြိမ်းခြောက်မှုသည် တရုတ်ပြည်သူများကြား အထူးအာရုံစိုက်ခံခဲ့ရကြောင်း တရုတ်အစိုးရဘက်က ဝန်ခံထားသည်။

    ထိုဂိုဏ်းနှင့် ရင်းနှီးမြှုပ်နှံသူများ၊ အမာခံအဖွဲ့ဝင်များကို အစွမ်းကုန် ချေမှုန်းပြီး ရာဇဝတ်ဂိုဏ်းများထံ ပိတ်မိနေသူများကို ကယ်ဆယ်သွားမည်ဖြစ်ကြောင်းလည်း တရုတ်အစိုးရကဆိုသည်။