ခင်ဦးမြို့နယ်မှာ အလှူလုပ်နေတဲ့ကျေးရွာကို ပျူစောထီးတွေဝင်စီးပြီး အလှူအိမ်အပါအဝင် နေအိမ် ၈လုံး မီးရှို့ဖျက်ဆီး
ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ဇန်နဝါရီ ၁၇ရက် မနက်၄နာရီကျော်မှာ ပျူစောထီးအများစုနေထိုင်ပြီး ပျူစောထီးရွာလို့သတ်မှတ်ခံထားရတဲ့ ပျဥ်ထောင်ကျေးရွာက အင်အား ၅၀ခန့်ပါ ပျူစောထီးတွေဟာ သေနတ်တွေ ပစ်ဖောက်ကာ ရွှေကူတဲစုကျေးရွာကို ဝင်လာတာလို့ သိရပါတယ်။
အလှူအဝင်နေမို့ ချက်ပြုတ်နေကျချိန် ပျူစောထီးတွေက ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလှူအိမ်အပါအဝင် အနီးနားကနေအိမ်တွေကနေပါ ရိက္ခာတွေယူဆောင်သွားတာလို့ သိရပါတယ်။
“အလှူလုပ်မယ့်ဟာသိတဲ့အခါကျတော့ သူတို့ကစားစရာမရှိတော့ဘူးလေ။အဲတာကြောင့်မို့ သူတို့အစီစဥ်နဲ့သူတို့လာပြီး လုပ်ချင်ရာလုပ်သွားတာ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ပျဥ်ထောင်ကျေးရွာဟာရွှေကူတဲစုကျေးရွာနဲ့ တစ်မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။
အဲဒီရွာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတာမို့ အပြင်ထွက်မရဘဲ ရိက္ခာပျက်လက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“လပိုင်းလောက်ကြာပြီလေ။စစ်တပ်က ရဟတ်ယာဥ်နဲ့ ရိက္ခာချပြီး ထပ်လာမပို့တော့တာ။အဲတာကြောင့် လုတာ”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
အဲဒီပျူစောထီးတွေဟာ ရိက္ခာတွေသယ်ယူပြီးတဲ့နောက်နေအိမ်တွေကိုမီးရှို့ကာ ပျဥ်ထောင်ရွာဘက်ကိုပြန်ထွက်သွားတယ်လို့ သိရပါတယ်။
ရွှေကူတဲစုကျေးရွာဟာ အိမ်ခြေ ၅၀၀ကျော်ရှိပြီး ဒီတကြိမ်နဲ့ဆို ၅ကြိမ်မီးရှို့ခံထားရတာလို့သိရပါတယ်။
(ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွှေကူတဲစုကျေးရွာမှ နေအိမ်များ။ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
Leave a Reply