Category: News

  • စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

    စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

    မြစ်ခြေ-ကမ္မ အစပ်ကို စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

    မကွေးတိုင်း၊ မြစ်ခြေ-ကမ္မ အစပ်ကို အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ အစပ်ကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်က်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ရှေ့ပြေးပွိုင့်ကို တော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကာ နောက်မှ တက်လာသော အကြမ်းဖက် စစ်သားများကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ခ န့်အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲမှာတော့ စစ်ခွေး ၁၀ ကောင်ခန့် သေပါတယ်။ ခွေးစစ်ကြောင်း အခြေအနေကိုတော့ ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပကဖအမှတ် ၁ တပ်ရင်း ၊ မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C) နှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်ခြေမြို့နှင့် ကမ္မမြို့ အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကမ္မမြို့ရှိ ချိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ မြို့ ၂ မြို့ အစပ်ရှိ ကျေးရွာ ၂၀ ခန့်ပါ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

  • စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်

    စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်

    စမ်းချောင်း မိုင်းဖောက်ခွဲမှု Joker အဖွဲ့က ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ပြီး စစ်တပ်က အဆိုတော်ယုန်လေးကို ခေါ်ထုတ်သွား၍ လွတ်မြောက်သွားခဲ့သော်လည်း ရေဆုံးမြေဆုံး ရှာဖွေမည်ဟုဆို

    အကြမ်းဖက်စစ်ကောင်စီ၏ အဓိကထောက်တိုင် ဖြစ်သည့် အောင်ဖုန်းကျော် ခေါ် အဆိုတော် ယုန်လေးနှင့် လက်ပါးစေများကို စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းအတွင်း ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Joker အဖွဲ့က ထုတ်ပြန်ကြေညာသည်။

    ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၈ မိနစ် အချိန်တို့တွင် ချိန်ကိုက်မိုင်းဖြင့် အဆိုတော် ယုန်လေး နေထိုင်ရာ ဖျာပုံလမ်းအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုတော် ယုန်လေး သည် အကြမ်းဖက်စစ်တပ်အတွက် ပွဲလမ်းများ စီစဉ်ပြုလုပ်ကာ လော်ဘီလုပ် ဝါဒဖြန့်စည်းရုံးလှုံ့ဆော်နေသည့်အပြင် အခြား သရုပ်ဆောင်နှင့် အနုပညာရှင်များကို အကြမ်းဖက်စစ်တပ်နှင့် ခြိမ်းခြောက်အကျပ်ကိုင် ခံဝန်ထိုးခိုင်းခြင်းများ လုပ်ဆောင်နေ၍ အပြစ်ပေးအရေးယူသည့် အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Joker အဖွဲ့က ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုတွင် ယုန်လေးသည် ပစ်မှတ်နေရာမှ လွဲချော်လွတ်မြောက်သွားခဲ့သော်လည်း ယုန်လေး၏ လက်ပါးစေ ယောက်ဖ ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိ၍ ၎င်းတို့ စီးသည့် ကားများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်တပ်သည် ယုန်လေးနှင့် မိသားစုကို ချက်ချင်းအကာအကွယ်ပေးကာ ပစ်မှတ်နေရာမှ ကားများဖြင့် ခေါ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။

    အဆိုတော် ယုန်လေးသည် အမြဲလိုလို ပြည်သူကို အကာအကွယ်ယူကာ သွားလာလှုပ်ရှားလေ့ရှိသည့်အတွက် တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် အခက်အခဲများစွာရှိခဲ့ကြောင်း၊ ပြည်သူထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပစ်မှတ်အနီးအနားရှိ ပြည်သူ ၁ ဦးထိခိုက်ကာ ပြည်သူ့နေအိမ်အချို့နှင့် ကားအချို့ ပျက်စီးမှုရှိခဲ့သည့်အတွက် နားလည်ခွင့်လွှတ်ပေးရန် အနူးအညွတ်ပန်ကြားကြောင်းလည်း Joker အဖွဲ့က ပြောသည်။

    Joker အဖွဲ့အနေဖြင့် စစ်တပ်ဘက်တော်သား အဆိုတော်ယုန်လေးကို ရေဆုံးမြေဆုံး ရှာဖွေမည်ဖြစ်ကြောင်း၊ ၎င်းနှင့် ကြံရာပါ အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းနေကြသည့် ဒေါက်တိုင်များကို ထိထိရောက်ရောက်အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

  • အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရ

    အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရ

    အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ပြည်သူများပြော

    ပြည်တွင်းတွင် အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ငွေဆုံးရှုံးနေသည့် ပြည်သူများက ပြောဆိုကြသည်။

    ယခုရက်ပိုင်းအတွင်း ကမ္ဘောဇဘဏ်အကောင့်များနှင့် ချိတ်ထားသော K Pay အကောင့်များသည် အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ဘဏ်အကောင့်မှ ငွေများကို K Pay အတွင်းသို့ အလိုအလျောက် လွှဲပြောင်းပြီးနောက် အခြားမသိသော K Pay အကောင့်များသို့ လွှဲပြောင်းခြင်းများ ဖြစ်ပေါ်ပြီး ငွေများ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အော်ရီဒူးဖုန်းနံပါတ်ဖြင့် ဖွင့်ထားသော K Pay အကောင့်များ ထိုသို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ညပိုင်း ကျနော့် ဖုန်းထဲကို မက်ဆေ့ဝင်လာတယ်။ K Pay ကနေ ငွေလွှဲပြောင်းတာ။ ဘဏ်အကောင့်ထဲကနေ K Pay ကို ငွေလွှဲတယ်။ အဲဒီငွေကို အခြားမသိတဲ့ K Pay တစ်ခုထဲကို ထပ်လွှဲတယ်။ OTP ကျလာတယ်။ အဲဒီ OTP လည်းမဖြည့်ဘဲကို အော်တိုတွေ ဖြစ်နေတာ။ ကြည့်ရတာ ဘဏ်ဝန်ထမ်းတွေ ပါတယ်ထင်တယ်။ လုံခြုံရေးကျိုးပေါက်တာလားမသိဘူး။အဲဒါ ကွန်ပလိန်းတက်တော့ ရဲစခန်းမှာ အမှုဖွင့်ပြီး ထောက်ခံစာပါမှ စစ်ဆေးပေးမယ်ပြောတယ်။ အကောင့်ကို ပိတ်ပေးပါလို့ပြောတာလည်း မပိတ်ပေးဘူး။ အဲဒါ စုစုပေါင်း သိန်း ၂၀ အကုန်အခိုးခံလိုက်ရတယ်” ဟု K Pay သုံးစွဲသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

    မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းအဝယ်လုပ်သူတစ်ဦးကလည်း K Pay အတွင်းမှ ငွေကျပ် သိန်း ၅၀ နီးပါး ခိုးယူခံရကြောင်း၊ ယင်းဖြစ်စဉ်ကို K Pay သို့ ဖုန်းဆက်၍ အကြောင်းကြား တိုင်ကြားသော်လည်း တာဝန်ယူမှု တစ်စုံတစ်ရာမရှိကြောင်း၊ သုံးစွဲသူကိုပင် Kpay က ပြန်လည် အပြစ်တင်နေကြောင်း ပြောဆိုသည်။

    “ဖုန်းထဲက OTP ကျလာတာလည်း ဘယ်သူ့ကို မှမပေးပါဘူး။ ဖုန်းကလည်း ကိုယ်လက်ထဲမှာ ။ မိနစ်ပိုင်းအတွင်း ငွေတွေ လွှဲနေတာ။ K pay Centerကို ဖုန်းဆက်ပေမယ့် ဘာမှတာဝန်မယူဘူး။ ရဲစခန်းမှာ အမှုဖွင့်ပြီး စာရွက်စာတန်းယူလာရမယ်တဲ့။ ရဲစခန်းမှာ အမှုသွားဖွင့်တော့ ဖုန်းကို သိမ်းပြီး စစ်ဆေးပြီးမှ အမှုဖွင့်ပေးမယ်တဲ့။ ကိုယ်ဆုံးသွားတာက သိန်း ၅၀ ပြန်ရမှာလား ပြန်ရမှာလားမသေချာဘူး။ တကယ့်ကို ဒုက္ခပေးလွန်းတယ်။ ကိုယ့်မှာ ဘာမှမလုပ်ဘဲ ဖြစ်ရတာလေ” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းဝယ်လုပ်သူက ရှင်းလင်းပြောဆိုသည်။

    ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ကမ္ဘောဇဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသော K Pay အကောင့်များ၊ ငွေများစွာ သိမ်းဆည်းထားသော K Pay အကောင့်များအတွင်းမှ ငွေများ ခိုးယူခံရသည့်ဖြစ်စဉ်များအတွက် တိုင်ကြားသည့်အမှုပေါင်း ၂၀ ထက်မနည်းရှိနေပြီး အဆိုပါ အမှုများနှင့်ပတ်သက်၍ K Pay စင်တာသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

    KBZ Pay ဟု အများခေါ်သည့် K Pay သည် ပြည်တွင်းတွင် လူသုံးများပြီး စစ်အာဏာသိမ်းချိန်ကာလကလည်း တော်လှန်ရေးသို့ လှူဒါန်းမှု ပြုသည်ဟုဆိုကာ အကောင့်များစွာကို ကမ္ဘောဇဘဏ်က အကြောင်းပြချက်မရှိဘဲ ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

    ဓာတ်ပုံ- KBZ Pay အကောင့်တစ်ခု ဝင်မရတော့ဘဲ ဖြစ်နေစဉ်။

  • ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးအကြိုနေ့အတွက် အခန်းများပြည့်နေပြီး Countdown ပါတီပွဲများကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    ဆီဒိုးနားဟိုတယ်၊ Sayarsan ဟိုတယ် ၊ Summit Parkview ဟိုတယ်များအပါအဝင် Bar နှင့် ရေကူးကန် ပါဝင်သည့် ဟို တယ်များတွင် နှစ်ကူးရက်အတွက် အခန်းများပြည့်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

    အဆိုပါရက်ပိုင်းအတွက်ဟိုတယ်အများစု၏ အခန်းဈေးနှုန်းများတွင် အနိမ့်ဆုံး ကျပ်နှစ်သိန်းကျော် ရှိကြောင်းသိရသည်။

    Park Royal ဟိုတယ်တွင်မူ နှစ်သစ်ကူးအတွက် အခန်းရရှိနိုင်ပြီး နှစ်သစ်ကူးအကြို DJ ဖျော်ဖြေပွဲ များရှိကာ လူနှစ်ယောက်စာကို အမေရိကန်ဒေါ်လာ ၁၂၈ ဈေးနှုန်းရှိကြောင်းသိရသည်။

    Zealax ဟိုတယ်ပေါ်ရှိ Evolera Sky Lounge Bar တွင် နှစ်သစ်ကူးညအတွက်ဘိုကင်များ ပြည့်နေပြီဖြစ်ကြောင်း ယင်းဆိုင်က ကြေညာထားသည်။

    ယင်းပြင် Inya Lake Grden တွင် အဆိုတော် ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်နှင့် ဂျူဝယ်တို့ ပါဝင်သော နှစ်သစ်ကူး Countdown ပါတီပွဲကျင်းပမည်ဖြစ်ပြီး စားပွဲဝိုင်းတစ်ခုံစာလျှင် ကျပ်နှစ်သိန်း အနိမ့်ဆုံးရှိကြောင်း စုံစမ်းသိရသည်။

    ထို့ပြင် နှစ်သစ်ကူးပိတ်ရက်တွင် ချောင်းသာ၊ ငွေဆောင်ပြည်တွင်းဘုရားဖူးနှင့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရားကမ်းခြေသို့လည်ပတ်သူများကြောင်းသိရသည်။

    အထွေထွေကျပ်တည်းနေသည့်အချိန်တွင် အခြေခံလူတန်းစားများ၏ လုပ်ခလစာတစ်စာနှင့်ညီမျှသော ကျပ်နှစ်သိန်းတန်ဖျော်ဖြေရေးပွဲများကို အထင်ကရဟိုတယ်များတွင် ကျင်းပနေပြီး စစ်ကောင်စီ အာဏာသိမ်းလိုက်သည့် နောက်ပိုင်းတွင် လူတန်းစားကွာခြားချက်ပိုမိုကြီးမားလျက်ရှိသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်နေသူများ၊ အထက်တန်းလွှာဟု သတ်မှတ်ထားသူများသာ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနိုင်ကြပြီး လက်လုပ်လက်စား အခြေခံလူတန်းစား များမှာမူ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းနေရသည်။