အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရ

အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ပြည်သူများပြော

ပြည်တွင်းတွင် အော်ရီဒူး ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားသော KBZ Pay အကောင့်များမှ ငွေများ ခိုးယူခံနေရပြီး ကမ္ဘောဇဘဏ်က တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဟု ငွေဆုံးရှုံးနေသည့် ပြည်သူများက ပြောဆိုကြသည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘောဇဘဏ်အကောင့်များနှင့် ချိတ်ထားသော K Pay အကောင့်များသည် အလိုအလျောက် ငွေကြေးများကို လွှဲပြောင်းခြင်း၊ ဘဏ်အကောင့်မှ ငွေများကို K Pay အတွင်းသို့ အလိုအလျောက် လွှဲပြောင်းပြီးနောက် အခြားမသိသော K Pay အကောင့်များသို့ လွှဲပြောင်းခြင်းများ ဖြစ်ပေါ်ပြီး ငွေများ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အော်ရီဒူးဖုန်းနံပါတ်ဖြင့် ဖွင့်ထားသော K Pay အကောင့်များ ထိုသို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညပိုင်း ကျနော့် ဖုန်းထဲကို မက်ဆေ့ဝင်လာတယ်။ K Pay ကနေ ငွေလွှဲပြောင်းတာ။ ဘဏ်အကောင့်ထဲကနေ K Pay ကို ငွေလွှဲတယ်။ အဲဒီငွေကို အခြားမသိတဲ့ K Pay တစ်ခုထဲကို ထပ်လွှဲတယ်။ OTP ကျလာတယ်။ အဲဒီ OTP လည်းမဖြည့်ဘဲကို အော်တိုတွေ ဖြစ်နေတာ။ ကြည့်ရတာ ဘဏ်ဝန်ထမ်းတွေ ပါတယ်ထင်တယ်။ လုံခြုံရေးကျိုးပေါက်တာလားမသိဘူး။အဲဒါ ကွန်ပလိန်းတက်တော့ ရဲစခန်းမှာ အမှုဖွင့်ပြီး ထောက်ခံစာပါမှ စစ်ဆေးပေးမယ်ပြောတယ်။ အကောင့်ကို ပိတ်ပေးပါလို့ပြောတာလည်း မပိတ်ပေးဘူး။ အဲဒါ စုစုပေါင်း သိန်း ၂၀ အကုန်အခိုးခံလိုက်ရတယ်” ဟု K Pay သုံးစွဲသူ ပြည်သူတစ်ဦးက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းအဝယ်လုပ်သူတစ်ဦးကလည်း K Pay အတွင်းမှ ငွေကျပ် သိန်း ၅၀ နီးပါး ခိုးယူခံရကြောင်း၊ ယင်းဖြစ်စဉ်ကို K Pay သို့ ဖုန်းဆက်၍ အကြောင်းကြား တိုင်ကြားသော်လည်း တာဝန်ယူမှု တစ်စုံတစ်ရာမရှိကြောင်း၊ သုံးစွဲသူကိုပင် Kpay က ပြန်လည် အပြစ်တင်နေကြောင်း ပြောဆိုသည်။

“ဖုန်းထဲက OTP ကျလာတာလည်း ဘယ်သူ့ကို မှမပေးပါဘူး။ ဖုန်းကလည်း ကိုယ်လက်ထဲမှာ ။ မိနစ်ပိုင်းအတွင်း ငွေတွေ လွှဲနေတာ။ K pay Centerကို ဖုန်းဆက်ပေမယ့် ဘာမှတာဝန်မယူဘူး။ ရဲစခန်းမှာ အမှုဖွင့်ပြီး စာရွက်စာတန်းယူလာရမယ်တဲ့။ ရဲစခန်းမှာ အမှုသွားဖွင့်တော့ ဖုန်းကို သိမ်းပြီး စစ်ဆေးပြီးမှ အမှုဖွင့်ပေးမယ်တဲ့။ ကိုယ်ဆုံးသွားတာက သိန်း ၅၀ ပြန်ရမှာလား ပြန်ရမှာလားမသေချာဘူး။ တကယ့်ကို ဒုက္ခပေးလွန်းတယ်။ ကိုယ့်မှာ ဘာမှမလုပ်ဘဲ ဖြစ်ရတာလေ” ဟု မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်မှ Online Shop အရောင်းဝယ်လုပ်သူက ရှင်းလင်းပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ကမ္ဘောဇဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသော K Pay အကောင့်များ၊ ငွေများစွာ သိမ်းဆည်းထားသော K Pay အကောင့်များအတွင်းမှ ငွေများ ခိုးယူခံရသည့်ဖြစ်စဉ်များအတွက် တိုင်ကြားသည့်အမှုပေါင်း ၂၀ ထက်မနည်းရှိနေပြီး အဆိုပါ အမှုများနှင့်ပတ်သက်၍ K Pay စင်တာသို့ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

KBZ Pay ဟု အများခေါ်သည့် K Pay သည် ပြည်တွင်းတွင် လူသုံးများပြီး စစ်အာဏာသိမ်းချိန်ကာလကလည်း တော်လှန်ရေးသို့ လှူဒါန်းမှု ပြုသည်ဟုဆိုကာ အကောင့်များစွာကို ကမ္ဘောဇဘဏ်က အကြောင်းပြချက်မရှိဘဲ ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

ဓာတ်ပုံ- KBZ Pay အကောင့်တစ်ခု ဝင်မရတော့ဘဲ ဖြစ်နေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *