Category: News

  • ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

    ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးနိုင်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၁ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စက်ရုံအတွင်း အဆောက်အဦးများ ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှုကြောင့် ကပစ ၂၁ ဗုံးသီးထုတ် စက်ရုံ အတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦး သတင်းရရှိခဲ့ပြီး ပျက်စီးမှု အသေးစိပ်နှင့် နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

    ထိုသို့ တိုက်ခိုက်ခြင်းသည် ကပစ ၂၁ စက်ရုံက နိုင်ငံတဝန်းရှိ ပြည်သူလူထုကို ဗုံးကျဲ သတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများ ၊ cluster ဗုံးသီးများ အပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို အဓိက ထုတ်လုပ်ပေးနေသည့်စက်ရုံဖြစ်သည့်အတွက် လေတပ် ဆက်စပ် ပစ်မှတ်အဖြစ် သော်လည်းကောင်း၊ အရေးပါသော အကြီးစား စစ်ရေး ပစ်မှတ် အဖြစ်သော်လည်းကောင်း သတ်မှတ်၍ Brave Warriors for Myanmar (BWM) အဖွဲ့က Mission 31 အဖြစ် ဖော်ဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ကျနော်တို့ အဖွဲ့အနေနဲ့ တော်လှန်ရေးအတွက် အကောင်းဆုံး ဆက်လက်ကြိုးပမ်းနေပါတယ်။ ပြည်သူတွေ ဆက်လက်တောင့်ခံဝ န်းရံပေးထားကြဖို့ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Eagle Brigade (ANyar Eagle) အဖွဲ့၊No More Dictatorship-NMD အဖွဲ့၊ Shadow (Mandalay)အဖွဲ့နှင့် ဒေသခံ တော်လှန်ရေး ရဲဘော်အင်အားစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ယင်း စစ်ဆင်ရေး Misison 31 ဖြစ်မြောက်ရေးအတွက် တတ်နိုင်သော ကဏ္ဍမျိုးစုံမှ ပူးပေါင်း ပါဝင် ပေးခဲ့ကြသည့် မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း၊ ရှေ့ဆက်၍လည်း ထိရောက်သော တော်လှန်ရေးအရွေ့ဖြစ်စေမည့် အကြီးစားစစ်ရေးပစ်မှတ်များကို ရှာဖွေဖော်ထုတ်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

  • ရေးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ဒရုန်းဗုံးသီး အလုံးရေ ၁၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

    ရေးမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ ဒရုန်းဗုံးသီး အလုံးရေ ၁၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း ဒရုန်းဖြင့် ဗုံးသီး ၁၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေါနတပ်ခွဲ(၄) KBDF ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၉ ရက်နေ့မှစ၍ ကျုံလောင်းရွာဟောင်းဘက်သို့ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ရေးမြို့နယ်အခြေစိုက် တပ်ရင်းများမှ အင်အား ရာနှင့်ချီ၍ စစ်ကြောင်းထိုးခဲ့သည်။ ထိုစစ်ကောင်စီစစ်ကြောင်းနှင့် မွန်၊ ကရင်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စသည့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ပစ်ခတ်မှုများ ရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

    အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ကူတို့ကို အဓိကသုံး၍ ခုခံခဲ့သည်။

    ထို့ပြင် စစ်ကောင်စီ​၏ စစ်အင်အားဖြည့်တင်းခြင်း၊ လေကြောင်းမှကင်းထောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ပေးနေခြင်းများကြောင့် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကြောင်း ပူးပေါင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ” အခုထိလည်း သူတို့ အင်အားတွေ ဖြည့်ဖို့ လုပ်နေဆဲပဲ။ တပ်ရင်းတွေက အစုံပါတယ်။ စကခ (၁၉) က ရင်းတွေဆိုတော့ သံဖြူဇရပ်၊ ရေး၊ လမိုင်း အဲ့ဒီဘက်တွေက တပ်တွေပေါ့။ တခြား အမြှောက်တပ် (၃၁၆) လို တပ်တွေကနေလည်း လက်နက်ကြီးတွေ အမြှောက်တွေ ပစ်ကူပေးနေတာရှိတယ်။ လေကြောင်းကနေ ကြဲနေတာတွေလည်း ရှိနေပါတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နိုင်သေးတာမို့ ဒေသခံတွေအနေနဲ့တော့ ပြန်နေဖို့ မလွယ်သေးဘူးနော်” ဟု ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဆိုပါ တိုက်ပွဲများအတွင်း KBDF Droneတပ်ဖွဲ့ က စစ်ကောင်စီစစ်ကြောင်းကို နည်းပညာမြှင့်တင်ထားသည့် TOPPV (2) အမျိုးစား UAV မောင်းသူမဲ့ Fixedwings Drone‌ များဖြင့်Drop ဗုံးသီး ၁၂၇လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

    မွန်၊ ကရင်၊ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ​၏ မြေပြင်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၇၀ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဘက်မှလည်း ရဲဘော်သုံးဦး ဒဏ်ရာရခြင်းရှိသည်ဟု ဆိုသည်။

    ကျုံလောင်းရွာတဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ကျုံလောင်း ရွာဟောင်း၊ ရွာသစ်၊ ကျောက်မိကျောင်း၊ ဝယ်ပေါင်၊ ဝယ်ဇင် အပါအဝင် အနီးအနား ကျေးရွာများမှ ဒေသခံ ဦးရေ ၁,၀၀၀ ခန့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများနှင့် ဆွေမျိုးများရှိရာ ရေးမြို့ပေါ် ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ထို့ပြင်စာသင်ကျောင်း ငါးကျောင်းလည်း ပိတ်သိမ်းထားရကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဇန်နဝါရီ ၁၅ ရက်နေ့က ပြောသည်။

    ပုံအညွှန်း- ရေးမြို့နယ်၊ ကျုံလောင်းရွာတွင် ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များဘက်မှ ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၁၂၇ လုံး ကြဲချတိုက်ခိုက်စဥ် ၊ (ဓာတ်ပုံ-KBDF)

  • ရွှေသောင်ယံ ဘောမိတိုက်ပွဲအတွင်းစစ်ကားနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

    ရွှေသောင်ယံ ဘောမိတိုက်ပွဲအတွင်းစစ်ကားနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

    ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ဘောမိတိုက်ပွဲအတွင်းအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီထံမှ စစ်ကားများနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

    ရွှေသောင်ယံမြို့အနီးရှိဘောမိစခန်းကို ဇန်နဝါရီ ၁၇ရက်နေ့ကတည်းက အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ” ဒီလ ၁၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီ။စစ်သားတွေက နောက်ဆုတ်ထွက်ပြေးတယ်။ စစ်ကားတွေ၊တင့်ကားတွေ လက်နက်တွေအများကြီးရထားတယ်။ အလောင်းတွေလည်းသိမ်းဆည်းရမိတယ်။ ဒါပေမယ့် လက်နက်ပစ်ခတ်သံတွေ မစဲသေးဘူး။ပင်လယ်ပြင်က နေဗီနဲ့ တပင်မှော်ရေတပ်၊ ဝက်သေရွာ အထိုင်ချထားတဲ့ အမြောက်တပ်ကနေ ပစ်ခတ်မှုတွေတော့ ရှိနေပါသေးတယ်” ဟုပြောသည်။

    ဘောမိကျသွားပြီးနောက်စစ်ကောင်စီလေတပ်က ဗုံးကြဲသဖြင့် နေအိမ်အများအပြား မီးလောင် သွားခဲ့သည်ဟု သိရသည်။

    ဂွဒေသခံတစ်ဦးက ” အခုက မီးခိုးမီးလုံးတွေကိုဂွဖက်ကနေမြင်ရတယ်။ ဘောမိချောင်းဖျားကမ်းစပ်ကရွာတွေ လက်နက်ကြီးနဲ့အပစ်ခံနေရတယ်။ နေဗီကလည်းလက်နက်ကြီးနဲ့ပစ်သလိုလေယာဉ်ကလည်း ဗုံးကြဲတယ်။အိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်လို့ သတင်းရပါတယ်” ဟုပြောသည်။

    ဘီဘီစီ (မြန်မာပိုင်း) ယနေ့ ဇန်နဝါရီ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် သတင်းတွင် ဇန်နဝါရီ၁၈ ရက် တိုက်ပွဲအတွင်း ဘောမိရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲနေသောကြောင့် နေအိမ်များပျက်စီးပြီးဘုန်းတော်ကြီးတစ်ပါးပျံလွန်တော်မူခဲ့သည်ဟု သိရှိရကြောင်းဖော်ပြထားသည်။

    ၎င်းပြင် “အင်အား၄၀၀ လောက်ရှိသောစစ်ကောင်စီတပ်တွင် ဆယ်ကျော်လောက်သာဘောမိကပြန်ဆုတ်သွားနိုင်သလိုဗျူဟာမှူးလည်း ပျောက်နေသည်ဟု သတင်းရကြောင်း ဘီဘီစီ (မြန်မာပိုင်း)တွင် သတင်းဆက်လက်ဖော်ပြသည်။

    ဘောမိတွင် စစ်ကောင်စီတပ်၏တင့်ကား ၄ စီးလည်းမီးလောင်ပျက်စီးပြီးကျန်နေခဲ့သည်ဟုဆိုသည်။

    အာရက္ခတပ်တော်သည် မကျီးဇင်အား ဇန်နဝါရီ ၉ ရက်နေ့က သိမ်းပိုက်ပြီး ဘောမိကို ဒီလ ၁၇ ရက်နေ့က ထိပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိ ဒေသခံများမှာ ရွှေသောင်ယံ၊ ပုသိမ်၊ သာပေါင်းနှင့်နီးစပ်ရာရွာများကို ရွှေ့ပြောင်းနေကြရသည်ဟုဆိုသည်။

  • အွန်လိုင်းငွေလိမ်ဂိုဏ်းများ ထိုင်းနှင့်မြန်မာ ပူးပေါင်းတိုက်ဖျက်ရန်သဘောတူ

    အွန်လိုင်းငွေလိမ်ဂိုဏ်းများ ထိုင်းနှင့်မြန်မာ ပူးပေါင်းတိုက်ဖျက်ရန်သဘောတူ

    မြန်မာ-ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်သွားရန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်သော ၅ ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးတွင် သဘောတူခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

    အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံခဲ့သည်။

    အွန်လိုင်းလိမ်လည်ရေးဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်ပြီး၊ အာဆီယံဒစ်ဂျစ်တယ် ဝန်ကြီးများသည်လည်း ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    Prasert Jantararauangtong က မြန်မာ-ထိုင်း လိမ်လည်ဂိုဏ်းများကို တိုက်ဖျက်မည်ဟု ကတိပြုခဲ့သလို ထိုင်းသို့လာရောက်သော တရုတ်နိုင်ငံ သားများအား မဟုတ်မမှန်သောနည်းလမ်းများဖြင့် နယ်စပ်ဖြတ်ကျော်၍ မြဝတီသို့ ခေါ်ဆောင်ခံနေရသောပြဿနာများသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်နေသောကြောင့် မြန်မာဘက်မှလည်း အဆိုပါ ပြဿနာကိုအာရုံစိုက်လာစေရန်လည်း ပြောဆိုသည်။

    လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်၌ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာများကြောင့် နယ်စပ်တလျှောက် လုံခြုံရေးကို ထိုင်းဘက်မှတင်းကျပ်ထားသလို ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများအား မြဝတီရှိ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်းမပြု လုပ်ကြရန် မဲဆောက်မြို့၌ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။

    ဓာတ်ပုံ- bangkokpost

  • မြောက်ဦးကို ဗုံးကြဲ၊ စစ်သုံ့ပန်းများထားသည့် ယာယီအချုပ် ထိမှန်ဟုဆို

    မြောက်ဦးကို ဗုံးကြဲ၊ စစ်သုံ့ပန်းများထားသည့် ယာယီအချုပ် ထိမှန်ဟုဆို

    အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီက ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ စစ်သုံ့ပန်းများထားရှိသော ယာယီအကျဉ်းထောင်သို့ ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံက သိရသည်။

    ရခိုင်သတင်းရင်းမြစ်တဦးက “စစ်သုံ့ပန်းတွေနဲ့ တခြားအကျဉ်းသားတွေထားတဲ့ ယာယီအကျဉ်းထောင်ကို မနေ့ည ၉ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ၅ လုံးလောက် ကျတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော တခြားအကျဉ်းသားတွေရောအပါ ၃၀​ ကျော်လောက် သေဆုံးတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့အရေအတွက်တော့ မသိရသေးဘူး။ များတယ်လို့ ပြောတယ်” ဟု ပြောသည်။

    မြောက်ဦးမြို့သည် အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ထိုးစစ်အတွင်း အစောပိုင်းကာလကတည်းက သိမ်းပိုက်ထားနိုင်ခဲ့သည့်မြို့ဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားတော့ခြင်းမရှိသဖြင့် ဒေသခံများ ပြန်လည်နေ ထိုင်ကြပြီဖြစ်ကြောင်း သိရသည်။

    မြောက်ဦးရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စစ်သုံ့ပန်းများ သေဆုံး

    ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။

    ယမန်နေ့( ဇန်နဝါရီ ၁၈ ရက်)ည ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “ငါးလုံးတောင်ကြဲသွားတာ။ အဲ့နေရာက တပ်တော်က ယာယီအကျဉ်းစခန်ုလုပ်ထားတာ။ သေတာက သုံ့ပန်းတွေလို့ သိရပြီး။ အသေးစိတ် တော့ မေးလို့မရဘူး။ ကျနော်တို့မေးလည်းမမေးချင်ဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

    မြောက်ဦးမြို့ကို AAက ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ၂၀၂၄ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းယူထားခြင်းဖြစ်သည်။

    စစ်ကောင်စီသည် ၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖူးသည်။

    အထက်ပါတိုက်ခိုက်မှုတွင် စစ်သုံ့ပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးမြို့ရှိ ယာယီအကျဥ်းစခန်း လေကြောင်းတိုက်ခိုက်မှုကို AAက သတင်းမထုတ်ပြန်သေးပေ။

    AAသည် တိုက်ပွဲများအတွင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှအရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်။

    လက်ရှိတွင် စစ်ကောင်စီနှင့် AAသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အနီးနှင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ်ရှိ ဂွ-ရွှေသောင်ယံမြို့အနီး၊ တောင်ကုတ်နှင့် ဥသျှစ်ပင်လမ်းကြောနေရာအချို့၌ စစ်ရေးတင်းမာနေသည်။

    (AAက ဖမ်းဆီးထားသော အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ – AA)