အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီက ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ စစ်သုံ့ပန်းများထားရှိသော ယာယီအကျဉ်းထောင်သို့ ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရသူများရှိကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်သတင်းရင်းမြစ်တဦးက “စစ်သုံ့ပန်းတွေနဲ့ တခြားအကျဉ်းသားတွေထားတဲ့ ယာယီအကျဉ်းထောင်ကို မနေ့ည ၉ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ၅ လုံးလောက် ကျတယ်။ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော တခြားအကျဉ်းသားတွေရောအပါ ၃၀ ကျော်လောက် သေဆုံးတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့အရေအတွက်တော့ မသိရသေးဘူး။ များတယ်လို့ ပြောတယ်” ဟု ပြောသည်။
မြောက်ဦးမြို့သည် အာရက္ခတပ်တော်က ရခိုင်ပြည်နယ်ထိုးစစ်အတွင်း အစောပိုင်းကာလကတည်းက သိမ်းပိုက်ထားနိုင်ခဲ့သည့်မြို့ဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားတော့ခြင်းမရှိသဖြင့် ဒေသခံများ ပြန်လည်နေ ထိုင်ကြပြီဖြစ်ကြောင်း သိရသည်။
မြောက်ဦးရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စစ်သုံ့ပန်းများ သေဆုံး
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။
ယမန်နေ့( ဇန်နဝါရီ ၁၈ ရက်)ည ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ငါးလုံးတောင်ကြဲသွားတာ။ အဲ့နေရာက တပ်တော်က ယာယီအကျဉ်းစခန်ုလုပ်ထားတာ။ သေတာက သုံ့ပန်းတွေလို့ သိရပြီး။ အသေးစိတ် တော့ မေးလို့မရဘူး။ ကျနော်တို့မေးလည်းမမေးချင်ဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဦးမြို့ကို AAက ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ၂၀၂၄ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းယူထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖူးသည်။
အထက်ပါတိုက်ခိုက်မှုတွင် စစ်သုံ့ပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးမြို့ရှိ ယာယီအကျဥ်းစခန်း လေကြောင်းတိုက်ခိုက်မှုကို AAက သတင်းမထုတ်ပြန်သေးပေ။
AAသည် တိုက်ပွဲများအတွင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှအရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် AAသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အနီးနှင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ်ရှိ ဂွ-ရွှေသောင်ယံမြို့အနီး၊ တောင်ကုတ်နှင့် ဥသျှစ်ပင်လမ်းကြောနေရာအချို့၌ စစ်ရေးတင်းမာနေသည်။
(AAက ဖမ်းဆီးထားသော အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ – AA)
Leave a Reply