Category: News

  • မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှု အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြို့ပြ UG ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင် ထိခိုက်မှု ရှိတယ်လို့ သိရပေမယ့် မြေပြင် အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

    Operation Flame အဖွဲ့အနေဖြင့် ဆက်လက်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင် ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်ရှိပြီး ညစာစားပွဲကျင်းပနေသည့် ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးကိုလည်းကောင်း၊ တပြိင်နက်တည်းတွင် ကရင်နီပြည်အတွင်းစစ်ရှုံးကောင်စီ၏ တပ်ဖွဲ့ဝင်များ ခြေကုပ်တပ်စွဲထားသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (လွိုင်ကော်)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံး ၇ လုံးတွင် ၆ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး မစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရသော ရဲဘော်များအားလုံးလည်း အချိန်ယူ၍ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယခုအခါ ဘေး ကင်းလုံခြုံရာနေရာအသီးသီးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

    “ပြည်သူ့အပေါ်ယုတ်မာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စိုးဝင်းလိုခေါင်းဆောင်မျိုးတောင် အမြဲမလုံခြုံတော့ဘူးဆိုတာ အသိပေးလိုပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

    ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်တပ်၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေ အနေ မသိရှိရသေးပေ။

  • အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန်  ယာယီသမ္မတ ဒူဝါလရှီးလ ပြော

    အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော

    NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရန် နှင့် တပ်ပေါင်းစု တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG အဖွဲ့တွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများမှ ထက်မြက်သော ဦးဆောင်နိုင်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းမည်ဖြစ်​ပြီး တိုင်းရင်းသားမဟာမိတ်များနှင့် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

    ယမန်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    စစ်အာဏာရှင် တော်လှန်ရေးတွင် ပိုမိုကျယ်ပြန့်သော တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် တပ်ပေါင်းစု တည်ဆောက်ရန် လိုအပ်သကဲ့သို့ NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားမဟာမိတ် အင်အားစုများထံမှ ဦးဆောင်နိုင်သော ထက်မြက်သည့် ပုဂ္ဂိုလ်များကို အားသစ်လောင်းဖြည့်တင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

    “ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

    ထို့ပြင် ပသုံးလုံး ယန္တရားကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် အလုပ်ဖြစ်ရုံ ပြုပြင်ပြောင်းလဲရေး လုပ်သည်ထက် ပိုမို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပသုံးလုံး ယန္တရားသည် တော်တည့်ဖြောင့်မတ်ရေးမှာ အလွန်အရေးကြီးကြောင်း ၎င်းက သတိပေးသည်။

    “တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်။ ” ဟု ယာယီသမ္မတက ပြောဆိုသည်။

    အလားတူ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှ စစ်သားများကို ပြည်သူ့ရင်ခွင်ခိုလှုံရန် ဖိတ်ခေါ်ထားပြီး စစ်ကောင်စီ၏ ဒေါက်တိုင်ကို ဖြိုဖျက်ရန်နှင့် စစ်အာဏာရှင်ဖျက်သိမ်းရေးမှာလည်း အရေးကြီးကြောင်း သမ္မတက တိုက်တွန်းပြောဆိုသည်။

  • ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၈နာရီဝန်းကျင်ခန့်က လင်းတကိုင်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

    “စကစ စစ်ကြောင်းက လင်းတကိုင်းတိုက်နယ်က ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတယ်။ အဲ့လို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျနော်တို့ တော်လှန်ရေးတပ်တွေက အရင်ဆုံး ပြည်သူတွေကို ကယ်ထုတ်ခဲ့တယ်” လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

    မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းက မနက် ၁၁ နာရီ မိနစ် ၃၀ လောက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရပါတယ်။

    “စကစ တွေက ပထမဆုံး ပြည်သူနေအိမ် ၃လုံးကို မီးရှို့တယ်၊ ပြီးတော့ သူတို့က လင်းတကိုင်းက ထွက်ခွာတယ်၊ ထွက်ခွာပြီးတော့ လင်းတကိုင်းတိုက်နယ်ဆေးရုံက ဆေးဝါးတွေကို စကစ တွေက ကား ၆ စီးလောက်နဲ့ တိုက်သွားတယ်။ ကာလတန်ကြေး သိန်း ၇၀၀ ဖိုးလောက်ရှိတယ် ယူသွားတာ။ အဲ့ဒါနဲ့ပဲ ကျနော်တို့က စကစ တွေ သွားရာလမ်းကြောင်းအတိုင်း စကစ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ” လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က ပြောပါတယ်။

    တိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)နဲ့ ချောက်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မူအတွင်း စကစတွေ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ချောက်မြို့နယ် ကတောက်ချောင်းကျေးရွာအနီး၊ ကုန်းကြီးပျူစောထီးရွာမှာ စကစ တွေ ရောက်ရှိနေတဲ့သတင်း ကြိုတင်ရရှိတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

  • တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    တိုက်ပွဲအတွင်း ဖမ်းမိသွားတဲ့ PNLAရဲဘော်တွေကို စစ်သုံ့ပန်းဥပဒေချိုးဖောက်ပြီး PNOပြည်သူ့စစ်က သတ်ဖြတ်

    ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာအနီးကတိုက်ပွဲအတွင်း PNLAရဲဘော် ၅ဦးဟာ စစ်အုပ်စု နောက်လို့ PNO ပြည်သူ့စစ်တွေရဲ့ဖမ်းဆီးခံရပြီးနောက် မတရားသဖြင့်သတ်ဖြတ်ခံလိုက်ရပြီလို့သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ကထိတွေ့တိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ PNLAရဲဘော်တွေကို ဒီနေ့မှာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေကို ချိုးဖောက်ပြီး သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

    ထီစုံရွာထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ နောလိုက် PNOပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်က စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးခဲ့ပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးဖမ်းဆီးခံခဲ့ရပြီးနောက် လက်ရှိမှာ ဖမ်းဆီးခံရဲဘော်တွေကို PNOပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တာလို့သိရပါတယ်။

    ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်မှာ ဖမ်းဆီးခံရတဲ့ ရဲဘော် ၅ ဦး အသက်ရှင်လျက်ရှိနေပြီး ဇန်နဝါရီလ ၁၃ ရက်ညမှာတော့ ဖမ်းဆီးခံရတဲ့ PNLA ရဲဘော် ၅ ဦးကို သတ်ဖြတ်ထားတဲ့ပုံကို PNO ပြည်သူ့စစ်က ထပ်မံထုတ်ပြန်ခဲ့တဲ့အတွက် ဓာတ်ပုံတွင်ပါရှိတဲ့ အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာ နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်တယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။